ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆိုခြင်း

0
625

ထိုင်နေကျလက်ဖက်ရည် ဆိုင်လေး တွင် မနက်စာစားနေတုန်း တွံတေး စိုးအောင်၏ “အလှူခံပါဗျို့” သီချင်းကို ဆောင်းဘောက် နှစ်လုံးဖြင့် ဖွင့်ထားသော ကားတစ်စီး လက်ဖက်ရည်ဆိုင်ရှေ့ ထိုး ရပ်လိုက်လေသည်။ထိုကြောင့် ကျွန်တော် အပါအဝင် တစ်ဆိုင်လုံးရှိ စားသောက် နေသူအားလုံး၏ အာရုံမှာအဆိုပါ ကားဆီသို့ ရောက်ရှိသွားကြလေသည်။

ကားမှာ LITEACE အမျိုးအစား ဖြစ်ပြီး ကားပေါ်တွင် PCX ဆိုင်ကယ်သစ် တစ်စီး တင်ဆောင်ထားပြီး ကားနံဘေး တစ်ဖက် တစ်ချက်တွင် ဗွီနိုင်းတစ်ချပ်စီ ချိတ်ဆွဲ ထားလေသည်။ ဘာများပါ လိမ့်ဟု သိချင် ဇောနှင့် စူးစမ်းလိုက်တော့ မြိတ်မြို့အနီးရှိ ကျေးရွာတစ်ရွာတွင် စေတီတစ်ဆူ တည်ထားကိုးကွယ်ရန် ရန်ပုံငွေ အလို့ငှာ ကံစမ်းမဲ လက်မှတ်များ ကို တစ်စောင် တစ်ထောင်ဖြင့် လိုက်လံ ရောင်းချနေခြင်း ဖြစ်ပြီး ပထမဆုက PCX တစ်စီး၊ ဒုတိယဆုက Iphone 6 plus တစ်လုံး၊ တတိယဆုက ရွှေတစ် ကျပ်သားနှင့် ရေခဲသေတ္တာ၊ တီဗွီ၊ အဲကွန်း၊ ပန်ကာ အပါအဝင် အခြားဆုမဲပေါင်း များစွာပါဝင်ကြောင်း ကြော်ငြာထားပါ သည်။

ယခုလို ကားထိုးရပ်ပြီးတာနှင့် ရှေ့ခန်းမှ အသက်၂၀အရွယ်ခန့် ချာတိတ် မလေးတစ်ဦး ဆင်းလာပြီး လက်ဖက် ရည်ဆိုင်အတွင်းသို့ ခပ်သုတ်သုတ် ဝင်ရောက်လာကာ ကံစမ်းမဲ လက်မှတ် များကို တစ်ဝိုင်းဝင် တစ်ဝိုင်းထွက် လိုက်လံ ရောင်းချလေတော့သည်။ ကံဆိုး ချင်တော့ ချာတိတ်မလေး ဦးဦးဖျားဖျား စပ်ရောင်းသော ဝိုင်းများမှ ကန်တော့ဆွမ်း လုပ်လိုက်သောကြောင့် သိပ်မျက်နှာ မကောင်းချင်တော့။ ဒီလိုနှင့် ချာတိတ် မလေးမှာ၏ကျွန်တော့်ဝိုင်းသို့ သိပ်မျှော် လင့်ချက် မထားရဲသော အမူအရာနှင့် ရောက်ရှိလာလေသည်။
chit_chat_soe_nge_articel
ထိုနောက် ” ဦးလေး….ကံစမ်းမဲ လက်မှတ် တစ်စောင် လောက် အားပေးပါလားရှင့်။

သမီးတို့ “………..” ရွာမှာ စေတီတစ်ဆူ တည်ထား ကိုးကွယ်ဖို့ ကံစမ်းမဲ လက်မှတ်ရောင်းပြီး ရန်ပုံငွေ ရှာနေတာပါ” ဟု ပြောပါသည်။

တကယ်တမ်း ပြောရလျှင် ထို ချာတိတ်မလေးမှာ ပါဆဲန်းစားလား၊ နေ့စားလား ကျွန်တော်မသိပါ။ ထို့အတူ စေတီတည်ထား ကိုးကွယ်ရန် အလို့ငှာ ရန်ပုံငွေကို ကံစမ်းမဲလက်မှတ် ရောင်းချ ပြီးရှာသင့် မရှာသင့်မှန်းလည်း ကျွန်တော် မသိပါ။ အကယ်၍ ချဲထီ၊ နှစ်လုံးထီကို လောင်းကစားဟု သတ်မှတ်ပါက အခကြေး ငွေတစ်စုံတစ်ရာဖြင့် ရောင်းချ သောကံစမ်းမဲကို ရုပ်ဖျက်ထားသော လောင်းကစားတစ်ခုဟု သတ်မှတ်ရ ပေလိမ့်မည်။ သို့သော် တစ်ထောင်ဟူသော ပိုက်ဆံမှာ သိပ်မများလှသလို သူလည်း စောစောစီးစီးဈေးဦး ပေါက်ချင်ရှာမှာပဲ ဟူသော ဈေးသည်ချင်း စာနာစိတ်ကြောင့် ကံစမ်းမဲ လက်မှတ်တစ်စောင် ဖြတ်ခိုင်း လိုက်ပါသည်။ ထိုအခါ ချာတိတ်မလေးက ကျွန်တော့်အမည်နှင့် ဖုန်းနံပါတ်ကို မေး ပြီး သူ့ဘောက်ချာလက်ခံမှာ ရေးသွင်း လေသည်။ အကယ်၍ ဆုမဲတစ်ခုခု ပေါက် နေပါက ဆက်သွယ်အကြောင်းကြားရန် ဟူလို။

ထိုသို့ လက်ဖက်ရည်ဝိုင်း၌ ကံစမ်း မဲ လက်မှတ် အရောင်းအဝယ် ပြုလုပ်ခြင်း အမှုကိစ္စ ပြီးစီးသွားသောအခါ ချာတိတ်မ လေးက ပြောရိုးပြောစဉ်အတိုင်း (ထင် သည်) ယခုလို ပြောလိုက်သောကြောင့် ကျွန်တော့်မှာ ဘာပြန်ပြောရမှန်း မသိ အောင် ကြက်သေသေ သွားပါတော့သည်။
“မပေါက်ရင် အလှူလို့ သဘော ထားလိုက်ပေါ့ ဦးလေး၊ ကုသိုလ်ရပါ တယ်” ဟူလို။
တကယ်တော့ ကံစမ်းမဲ လက်မှတ် ဝယ်ယူအားပေး လိုက်ကတည်းက ပေါက် ခဲ့သည်ရှိသော် ဟူသော မျှော်လင့်ချက် ကျွန်တော့်မှာ အလျဉ်းမရှိသလို မပေါက် ပါကလည်း အလှူဟု သဘောမထားခဲ့ပေ။အခက်အခဲတစ်ခုကို မိမိတတ်နိုင် သ လောက် ကူညီဖြေရှင်း ပေးခဲ့ခြင်း ဟု သာ ခံယူခဲ့ပါသည်။ သို့သော် ချာတိတ် မလေး စကားကြောင့် အကယ်၍ ကံစမ်း မဲသာ မပေါက်ခဲ့ပါက (မပေါက်ဖို့လည်း ၉၀ ရာနှုန်းလောက် သေချာပါသည်)ကျွန်တော့်ပိုက်ဆံတစ်ထောင်သည် ရွှေ စည်းခုံ ရင်ပြင်တော်ပေါ် ယာဂုအိုးကြီး ကျကွဲမှ ဒီယာဂုတွေ ဘုရားကို လှူပါ၏ ဟူသော ဒါနမျိုးဖြစ်သွားပေလိမ့်မည်။
ထိုင်နေတုန်းက အကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ။

ဖြစ်စဉ်(၂)
ညနေ ထိုင်နေကျ လက်ဖက်ရည် ဆိုင်သို့ ပုံမှန်အချိန်ထက် နာရီဝက်ခန့် နောက်ကျပြီး သူရောက်ရှိလာပါသည်။သန်ဘက်ခါ သူ့အိမ်မှာ သံဃာတော် ငါးပါးပင့်ဖိတ်ပြီး အရုဏ်ဆွမ်း အလှူ လုပ်မှာမို့ ဖိတ်စာလိုက်ဖိတ်ရင်း နောက် ကျသွားခြင်း ဖြစ်ကြောင်း ရှင်းပြပါသည်။ထိုနောက် လက်ဖက်ရည် ကျဆိမ့်တစ်ခွက် လှမ်းမှာပြီး အချင်းချင်းတွေမို့ တစ်အိမ် တက် တစ်အိမ်ဆင်း လိုက်မဖိတ်တော့ဘဲ လက်ဖက်ရည်ဆိုင်၌ပင် တစ်ခါတည်း ဖိတ်ကြားလိုက်မည်ဟု ပြောဆိုပြီး ဖိတ် စာဝေငှပါသည်။ လူရင်းတွေချည်း ရွေး ဖိတ်တာမို့ မဖြစ်မနေ ကြွရောက်ကြပါရန် အလေးအနက် ထပ်မံ ပြောကြားပါသည်။သို့သော် ဖိတ်စာတွေ ဝေငှပြီးချိန်မှာ လက်ဖက်ရည်ဝိုင်းထဲမှ တစ်ယောက်သော သူက သူ့ကို ယခုလို မေးမြန်းလေသည်။

” အရုဏ်ဆွမ်းဆိုတော့ ဘာတွေ ကျွေးမွေးဖို့ စီစဉ်ထားသလဲ သူငယ်ချင်း”
“ခြစ်ခြုတ်ချွေတာပြီး လုပ်ရတဲ့ အလှူဆိုတော့ ထုံးစံအတိုင်း အုန်းနို့ ခေါက်ဆွဲနှင့် လက်ဖက်ရည်ပေါ့”
” ဟာ…အုန်းနို့ခေါက်ဆွဲဆိုတော့ ကိုယ်နဲ့ မဖြစ်ဘူး သူငယ်ချင်း။ ကိုယ့်မှာ သွေးတိုးရှိတော့ အဆီအဆိမ့်တွေ အတတ် နိုင်ဆုံး ရှောင်နေရတယ်”
ဒီလောက်အထိတော့ သိပ်ကိစ္စ မရှိ ဟု ထင်ပါသည်။ လူရင်းတွေမို့ သူနှင့် မတည့်စာ ဖြစ်နေသောကြောင့် မလာ ရောက်ဖြစ်ပါက နားလည်ပေးပါရန် အလှူရှင်ကို ကြိုတင်စကား ပလ္လင်ခံ ခြင်းဟု ယူဆနိုင်ပါသည်။ သို့သော် သူ့ နောက်ဆက်တွဲ စကားတစ်ခွန်းကြောင့် ထိုနေ့ကသူမှအပ တစ်ဝိုင်းလုံး သက်ပြင်း တွေ ခိုးချရလေသည်။

” ဒီမှာ သူငယ်ချင်း…..နောက်တစ်ခါ အလှူလုပ်ရင် ကိုယ်စားလို့ရတဲ့ မုန့်ပဲ သရေစာလေးကြိုတင်စီစဉ် ပေးထား မှ ပေါ့” ဟူလို။
အထက်ပါ ဖြစ်စဉ် နှစ်ခုအနက် ကံစမ်းမဲ လက်မှတ်အရောင်းသမလေး ပြောသောစကားမှာ သူ့အတွက် ပြောရိုး ပြောစဉ်တစ်ခုဖြစ်ပြီး ကျွန်တော့် သူငယ် ချင်းဖြစ်သူ၏ စကားမှာ ခင်မင်ရင်းနှီးမှုကို အရင်းခံ၍ပြောဆိုခြင်း ဖြစ်ပါသည်။

တစ်စုံတစ်ဦးကို ထိခိုက်နာကျင် စေလိုသော ဆန္ဒစိုးစဉ်းမျှ မပါမှန်း ကျွန် တော်တို့ အားလုံးအသိပင်။ သို့သော် တချို့သော စကားများသည် မိမိဘက်က နစ်နာစေလိုသော ရည်ရွယ်ချက် မရှိဘဲ ပေါ့ပေါ့ပါးပါး ပြောဆိုမိပေမယ့် တစ်ဖက် သားအတွက် ပိဿာလေးဘေးပစ် ဆို သလို အသက်ရှူကြပ်ခဲ့ရ ပါပကောလား။ထိုကြောင့်လည်း “အပြောမတတ်တော့ ဆဲသလို” ဟု ရှေးလူကြီးသူမများ ဆို ဆုံးမခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

တကယ်တော့ စကားပြောဆိုခြင်း အမှုကိစ္စမှာ ပုံသေနည်းမရှိသလို ကမ္ဘာ ပေါ်ရှိ မည်သည့် တက္ကသိုလ်မှာမဆို ဘ၀ တစ်သက်တာအတွက် ပြည့်စုံ လုံလောက် သော စကားပြောနည်းကို ဘာသာရပ် တစ်ခုအနေနှင့် သင်ကြားပို့ချပေးနိုင် လိမ့်မည် မထင်ပါ။ အခြေအနေနှင့် အချိန်အခါကို မှန်ကန်စွာ တွက်ချက်ပြီး ဖြတ်ထိုးဥာဏ်ဖြင့် စကားကို လိုတိုး ပိုလျှော့ လုပ်ကာချိန်ဆ ပြောဆိုခြင်းကပင် စကားပြောနည်း အတတ်ပညာ၏ အခြေခံ တစ်ခုဟု မှတ်ယူနိုင်ပါလိမ့်မည်။ ထို ကြောင့်လည်း”ဆိတ်ဆိတ်နေ ထောင် တန်”၊ “ဆိုရေးရှိက ဆိုအပ်လှသည်”ဟူသော ဆန့်ကျင်ဘက် အနက် ကောက် ယူနိုင်သည့် စကားပုံများ ပေါ် ပေါက်လာ ရခြင်း ဖြစ်ပေလိမ့်မည်။

အကြောင်းကြောင်းကြောင့် ကျွန် တော်တို့ နေ့စဉ်မိုးသောက် ပြောဆို သုံးနှုန်းနေကြသော စကားလုံးများမှာ မမြင်နိုင်သော တန်ခိုးဩဇာများ ရှိကြ လေသည်။ ထိုတန်ခိုးဩဇာကို မှန်မှန် ကန်ကန် ချိန်ဆသုံးစွဲတတ်သူများ အတွက် အကျိုးများသလောက်၊ တလွဲသုံးသူများ အတွက် ဘေးထွက်ဆိုးကျိုး များပြား လှပေသည်။ သို့သော်လည်း ကျွန်တော်တို့ သည် အမှားမကင်းသော ပုထုဇဉ်များပီပီ ဒေါသကြောင့် ဖြစ်စေ၊ မာန်မာနကြောင့် ဖြစ်စေ မကြာခဏ ဆိုသလို စိတ်လိုက် မာန်ပါ ပြောဆိုမိတတ်ကြလေသည်။

ထိုသို့ စိတ်လိုက်မာန်ပါ ပြောဆိုမိ သော တဒင်္ဂ၌ “တုတ်ထိုးအိုးပေါက်၊ ကောက်ပင် ရိတ်လှီး၊ အိုးတန် ဆန်ခတ်၊ ရေကူး ညာတင်……” အစရှိသော စကားပြောဆို ခြင်းဆိုင်ရာ နည်းနာနိ ဿယ ဆယ်ပါးကို မေ့လျော့နေတတ် ကြလေသည်။ သို့သော် သွေးအေးချိန်မှာ ပြန်လည် သုံးသပ် ကြည့်တော့ ထိုအပြု သဘော မဆောင်သော ပြောဆိုမှုများမှ အနုတ်လက္ခဏာ ပြသော ရလဒ်များကို သာ ပြန်လည်ရရှိ ကြောင်း အထင်အရှား တွေ့ရပါသည်။
တကယ်တမ်း စကားပြောဆိုခြင်း အမှုကိစ္စအထမြောက်ဖို့ရာ အနည်းဆုံး ပြောသူနှင့် နားထောင်သူနှစ်ဦးရှိဖို့ လိုအပ်သလို တစ်ဖက်သားမှာ မိမိအယူအဆ သဘောထားအမြင်ကို အခါခပ်သိမ်း လက်ခံချင်မှ လက်ခံ မည်ဖြစ်ကြောင်း သတိပြုသင့်ပါသည်။ သို့သော် အများအားဖြင့် ကျွန်တော်တို့သည် သဘောထား ကွဲလွဲမှုတွေရှိတိုင်း မိမိအယူအဆ သာ မှန်ကန်ပြီး တစ်ဖက်သား အယူအဆမှားယွင်းကြောင်း အချက် အလက် အကိုးအကား အခိုင်အမာဖြင့် ဇွတ်အတင်းရှင်းပြတတ်လေ သည်။

ထိုအခိုက်အတန့်၌ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်မှာ အတုံး အရုံး ကျဆုံးလေတော့သည်။ အမှန်မှာ အတွေး အခေါ် အယူအဆတို့ မည်သည် သင်္ချာတစ်ပုဒ်လို တစ်ထိုင်တည်း အမှားအမှန် ဆုံးဖြတ်ရန် ခက်ခဲလှကြောင်း ကျွန်တော်တို့ သတိမမူမိခဲ့ကြခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
မည်သို့ပင် ဆိုစေကာမူ ကျွန်တော်တို့သည် စကားပြောဆိုခြင်း အမှုကို သေတစ်ပန် သက်တစ်ဆုံး ဆက်လက် ပြုလုပ်ရပေဦးမည်။
ထိုကြောင့် ကာလ၊ ဒေသ၊ ပယောဂ အပေါ်မူတည်ပြီး အမှားပေါင်း များစွာ ထပ်မံကျူးလွန်မိနိုင်သလို ထိုအမှားများကို ပြင်ဆင် လိုက်၊ တစ်ဖန် ထပ်မှားလိုက်နှင့်သာ အချိန်ကုန်လွန်သွားဖွယ် ရှိပါသည်။

သို့သော်ခဲတံ မတိုခင် ခဲဖျက်ကုန်မသွားစေဖို့တော့ သတိထားရ ပေလိမ့်မည်။