မှတ်ပုံတင် ကွင်းဆင်းပြုလုပ်နေချိန်တွင် ရုံးတွင် မှတ်ပုံတင်လုပ်သူများ ကြန့်ကြာမည်

0
512

နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ကွင်းဆင်းဆောင်ရွက်ပေးနေသည့် အချိန်တွင် ရုံးတွင် မှတ်ပုံတင်လာလုပ်သူများအနေဖြင့် အချိန်ကြန့်ကြာမှုနှင့် ကြုံရမည်ဟု ထားဝယ်မြို့နယ် လ.၀.က ဦးစီးမှူးက ပြောသည်။

စက်တင်ဘာလ ၁ ရက်မှ စတင်ကာ မူလွန်ကျောင်း၊ အလယ်တန်း ကျောင်း များနှင့် အထက်တန်းကျောင်းများမှ ကျောင်းသူ^သားများအား မြို့နယ် ဦးစီးမှူးမှ လိုက်ပါကာ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးနေသည့် အတွက် လ၀ကရုံးတွင် နိုင်ငံသား စိစစ်ရေးကတ်ပြား လာရောက် ဆောင်ရွက်ကြသည့် ပြည်သူများ အချိန်ကြာမြင့်နေရခြင်းဖြစ်ပြီး ယင်းအပေါ် နားလည်ပေးစေလိုကြောင်း ဦးစီးမှူးက ပြောသည်။
“ငွေကြေးလိုချင်လို့ အချိန်ဆွဲနေတယ်လို့ မမြင်စေချင်ဘူး” ဟု ဦးစီးမှူး ကပြော သည်။

ပြည်သူများအနေဖြင့် ငွေကြေးတောင်းခံခြင်းနှင့် အချိန်ဆွဲနေခြင်းလို့ သံသယ ရှိလျှင် မြို့နယ်ဦးစီးမှူးထံ အချိန်မရွေး တိုက်ရိုက်မေးမြန်းတိုင်ကြားနိုင်ပြီး သတ်မှတ် ထားသည့် ကျသင့်ငွေကြေးသာ ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အခြေခံ ပညာကျောင်းများတွင် အသက် ၁၀နှစ်ပြည့်နှင့် ၁၈နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိပြီး နယ်ဖက်ရှိကျေးရွာများ တွင် (NRC)နှင့်ပူးပေါင်းကာ နေ့ချင်းပြီး အခမဲ့ ဆောင်ရွက်ပေးလျက်ရှိကာ သက် ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိရပ်^ကျေးအတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်လိုသူ ” အနည်းဆုံး ၂၅ ဦးခန့် စုစည်းပြီး အကြောင်းကြား ပေးပါ က အချိန်မရွေး ကွင်းဆင်းလုပ် ဆောင်ပေးသွားမည်ဟု ထားဝယ်မြို့နယ် လ.၀.က ဦးစီးမှူးရုံးမှ သိရသည်။

ထားဝယ်မြို့နယ်အတွင်း မိုးပွင့် အထူး(၂) စီမံချက်ဖြင့် စက်တင်ဘာလ ၁ ရက်နေ့မှစတင်ကာ ဒီဇင်ဘာလ ၂၄ ရက်အထိ အသက် ၁၀နှစ်ပြည့် နိုင်ငံ သားစိစစ်ရေး ကတ်ပြား ၁၁၀၄ ဦးနှင့် အသက် ၁၈နှစ်ပြည့် နိုင်ငံသား စိစစ်ရေး ကတ်ပြား ၄၂၇ ဦးအား စိစစ်ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း ထားဝယ်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန စာရင်းများအရ သိရသည်။