တိုင်းအတွင်း ပထမဆုံး တိုးဂိတ်များ ၂၀၁၆ ဇန်နဝါရီလ အတွင်း ပြီးမည်

0
526

တနင်္သာရီတိုင်းအတွင်း ပထမဆုံး တိုးဂိတ်နှစ်ခုအား ၂၀၁၆ ဇန်နဝါရီ လ ကုန်ပတ်အတွင်း ဆောက်လုပ်ပြီးစီးမည်ဖြစ်ကြောင်း လမ်းအထူး ဖွဲ့၂၃ ထံမှ သိရသည်။

တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေဖြင့် တည်ဆောက်နေသည့် အဆိုပါ တိုးဂိတ်နှစ်ခုမှာ ထားဝယ်-မြိတ်လမ်းပိုင်းပေါ်ရှိ ရှင်မုတ္ထီးရွာနှင့် ကနိုင်းဒါရွာအကြားရှိ တိုးဂိတ်တစ်ခုနှင့် ထားဝယ်-မလွှဲတောင် လမ်း ပိုင်းရှိ မိုင်တိုင်အမှတ်(၉) ရှိ တိုး ဂိတ်တို့ဖြစ်ကြောင်း အထက်ပါ အဖွဲ့ထံမှ သိရသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ စတင် ကာ မြပန်ဝါကုမ္ပဏီမှ တာဝန်ယူ တည် ဆောက်နေပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် စတင် စမ်းသပ် ကောက်ခံသွားနိုင်မည်ဟု လမ်းအထူး(၂၃)မှ ဒုညွှန်ကြားရေးမှူး(မြို့ပြ) ဦးခင်မောင်သန်းက ပြောသည်။

“တိုးဂိတ်ပြီးသွားရင် သတ်မှတ်ထားတဲ့ တန်ချိန်အတိုင်းသာ ဝင်ထွက် ခွင့်ပြုတော့မယ်”ဟု ဒုညွှန်ကြားရေးမှူး ဦးခင်မောင်သန်းက ဆိုသည်။
တိုးဂိတ်အဖြစ် စတင်အသုံးပြုသည့် အချိန်တွင် လက်ရှိကောက်ခံ နေသည့် မြို့ဝင်ကြေးနှင့်လမ်းအသုံးပြုခစသည့် ကောက်ခံမှုများအား တစ်နေရာ တည်းတွင် စုစည်းကောက်ခံသွားမည်ဟု ၎င်းက ဆက်ပြောသည်။

တိုးဂိတ်များ ဆောက်လုပ်ပြီး စီးသည့်အချိန်တွင် ငွေကြေး ကောက်ခံခွင့်အား သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်း ကာ ကန်ထရိုက်ပေးသွားမည်ဟု ထားဝယ်ခရိုင် ပြည်သူ့ဆောက်လုပ် ရေးလုပ်ငန်း လ / ထ ညွှန် ကြားရေးမှူး(မြို့ပြ) ဦးကိုကိုအောင်က ပြောသည်။
“လမ်းတွေ မပျက်စီးအောင် အဓိကထား ဆောင်ရွက်သွားမယ်”ဟု ဦးကိုကိုအောင်က ဆိုသည်။

ယင်းတိုးဂိတ်များတွင် လျှပ်စစ် မောင်းတံများနှင့် ယာဉ်များအား အလေးချိန် စစ်ဆေးမည့် ကတ္တားများထားရှိသွားမည်ဖြစ်ကာ ယာဉ် များအား တင်ဆောင်နိုင်သည့် သတ်မှတ်အလေးချိန် စိစစ်နိုင်မည်ဖြစ် ကြောင်း သိရသည်။

သတ်မှတ် တန်ချိန်အတိုင်း မောင်းနှင်ပါမှ လမ်းများရေရှည် ခံနိုင်မည်ဖြစ်ပြီး မြိတ်-မလွှဲတောင်နှင့် ကော့သောင်းမြို့များတွင်လည်း ဆက်လက်တည်ဆောက်သွားရန် မျှော်မှန်းထားကြောင်း လမ်းအထူး ဖွဲ့(၂၃)မှ သိရသည်။