ပူလယက္ခ နှင့် မိမ္မမြို့

0
889

သက္ကရာဇ် ၁၂၉၁ခုနှစ်(ခရစ်နှစ် ၁၉၂၉)မှာဆရာကြီးဦးကြီးစိန်က တနင်္သာရီတိုင်း မြိတ်ရာဇဝင်တော်ကြီး ဆိုတဲ့ စာအုပ်ကို ရေးခဲ့တယ်။ ဒီစာအုပ် ထဲ(စာမျက်နှာ ၁၃)မှာ ပရမရာဇာမင်း သားကို ပူလယက္ခမိထွေးတော် တိုင်းပြည် သို့ စေလွှတ်ခြင်း အကြောင်းဆိုပြီး ဖတ်ရ တယ်။ ဒီဇာတ်လမ်းက တနင်္သာရီမြို့ ဟောင်းနဲ့ ပတ်သက်တယ်။ တနင်္သာရီ မင်းမှာမိဖုရား ၅ ယောက်ရှိတယ်။ ဒီမိဖုရားတွေထဲမှာ တစ်ယောက်က ပူလယက္ခတိုင်းပြည်က ဖြစ်တယ်။

ပူလယက္ခတိုင်းပြည်က ဘီလူးတွေ နေတဲ့ ပြည်ဖြစ်တယ်။ ဒီမိဖုရားကို ပရမရာဇာမင်းရဲ့မိထွေးတော်လို့လည်း ဖော်ပြထားတယ်။ဒီမင်းသားကို သတ်ချင် လို့မိဖုရားကအမျိုးမျိုးကြံတယ်။ သူသတ် လို့ မဖြစ်တာနဲ့ ဆွေမျိုးတွေရှိ တဲ့ ပူလယ က္ခကို ရောက်အောင် ကြံစည်ပြီး သတ် ခိုင်းပါတယ်။ မင်းသားကလည်း လူစွမ်း ကောင်းဖြစ်တယ်။နောက်ပြီး သဘာဝလွန် စွမ်းအားပိုင်ရှင် ( ပြဒါး ဝိဇ္ဇာဓိုရ်)က လည်းကူတယ်။

ဒီလိုနဲ့ ဘီလူးတိုင်းပြည်ရောက်ပြီး ဘီလူးမင်းကြီးနဲ့ တွေ့တယ်။ မိထွေးတော် မိဖုရား ပေးစရာရှိတာပေး၊ ယူစရာရှိ တာယူတယ်။ ပူလယက္ခတိုင်းပြည်ကို လှည့်လည်ကြည့်ရှု မိမိတိုင်းပြည်ကို ပြန်တယ်။ အပြန်မှာ ဝိဇ္ဇာဓိုရ်နဲ့ ထပ်တွေ့ တယ်။ နောက်ကြောင်း တွေကို ဝိဇ္ဇာဓိုရ် က ရှင်းပြလို့ အားလုံးကို သိသွားတယ်။ ပြီးတော့ တိုင်းပြည်ကို ဆက်ပြန်တယ်။

ဒီဇာတ်လမ်းမှာ မိဖုရား ၄ပါးလုံးက အကန်းတွေ ဖြစ်တယ်။ ဒီလိုဖြစ်အောင် ဘီလူးမ မိဖုရားက လုပ်တယ်။ ဘာဖြစ် လို့လဲဆိုတော့ မိဖုရားတွေ မွေးတဲ့သား တွေကို စားချင်လို့ ဆိုတယ်။ မိဖုရား ၄ ပါးရဲ့မျက်လုံးတွေကို ပူလယက္ခမှာ သိမ်း ထားရာကနေ မင်းသား ပြန်ယူလာပြီး ဝိဇ္ဇာဓိုရ်ပေးလိုက်တဲ့ ပြဒါးရှင်လုံးနဲ့ ကုပေးလိုက်လို့ မျက်လုံးတွေ ပြန်ကောင်း သွားတယ်။

ဘီလူးမလည်း မိန်းမလှယောင် ဆောင် မရတော့ဘဲ ဘီလူးမဖြစ်လို့ ဘုရင် က အဆုံးစီရင်တယ်။ ဘုရင် နတ်ရွာစံပြီး ပရမရာဇာ မင်းသားနန်းတက်တယ်။ ဒီအခါ ပူလယက္ခဘီလူးမြို့ကို ချီတက် တိုက်ခိုက်တယ်။ ဘီလူးတွေ ထောင်သောင်း ချီ သေကြေပြီး ကျန်တဲ့ဘီလူးတွေက မော်လမြိုင်မြို့ ဘီလူးကျွန်းကို ထွက်ပြေး ကြတယ်။ ဘီလူးတွေမရှိတော့ဘဲ လူနေ ထိုင်ခဲ့တယ်။ ဒီပူလယက္ခမြို့ကနေ ကာလ ရွေ့လျောပြီး ပုလောဖြစ်တယ်လို့ ဆိုတယ်။ အခု ပုလောနန်းတောင်နေရာက ဘီလူး မင်းကြီး နန်းစိုက်ရာဖြစ်တယ်။ ပရမ ရာဇာမင်းလည်း ဒီနေရာမှာဘဲ ခေတ္တနန်း စိုက်ဖူးတယ်လို့ ဖော်ပြထားတယ်။

ဒီဇာတ်လမ်းအရ ပူလယက္ခ တိုင်း ပြည်က ခရစ် ၁၃ရာစုပတ်ဝန်းကျင်မှာ တိုင်းပြည်တစ်ခုအဖြစ် တည်ရှိတယ်။ ဘီလူးတွေရဲ့မြို့ဖြစ်တယ်။ တနင်္သာရီက တိုက်ဖျက်လို့ပျက်တယ်။ ပူလယက္ခ ကနေ အခုအများသိတဲ့ ပုလော ဖြစ်လာ တယ်လို့ သိရတယ်။ စိတ်ဝင်စားဖို့ ကောင်း တာက ဒီပတ်ဝန်းကျင်မှာ ပုလောသာ မဟုတ်ပါဘူး။ ပလ၊ ပလောက်၊ ပပြင်၊ ပဝတ်တွေဆိုတာလည်း ရှိသေးတယ်။

ပုလောမြို့ကို ထားဝယ်ကနေ ကားလမ်းအတိုင်း မိုင် ၁၀၀ ဝေးတယ်။ ပုလောမြစ်ကို ဖြတ်ရတယ်။ အခုရှိနေတဲ့ ပုလောမြို့အရှေ့ဘက်မှာ နန်းတောင် ဆို ပြီးရှိတယ်။ ဒီကဆက်သွားရင် မြို့ဟောင်း လို့ခေါ်တဲ့ ရွာလေးရှိတယ်။ အရှေ့ဘက် မှာချောင်းရှိတယ်။ တောင်ပတ်လည်ဝိုင်း နေတယ်။ မြို့ဟောင်းရွာအဝင် မူလတန်း ကျောင်းလေးအနောက်မှာ ရှေးဘုရား ကုန်းဟောင်းတွေကို ပြန်တည်ထားတဲ့ စေတီ ၂ ဆူရှိတယ်။ ပတ်လည်ဝိုင်းနေတဲ့ တောင်တွေပေါ်မှာလည်း စေတီဟောင်း တွေရှိတယ်လို့ ဒေသခံတွေက ပြောတယ်။

တပ်မတော် အစိုးရလက်ထက် တနင်္သာရီတိုင်းဖွံ့ဖြိုးတိုးတက်မှုမှတ် တမ်း (၁၉၈၈ – ၂၀၀၈) အတွဲ (၁) မှာ တနင်္သာရီကို အုပ်ချုပ်သော မွန်မင်းဆက် ဘာဟိကရာဇာက သက္ကရာဇ် ၇၁၂ခု (ခရစ်နှစ် ၁၃၅၀ခု)မှာ သိမ်(၁၂) သိမ်၊ (၁၂သေးမား)ကိုတစ်ပြိုင်တည်း တည် တော်မူတယ်။ ဒီသိမ်တွေက တနင်္သာရီမြို့ ရှိ လုံးခရမ်းတောင်က စပြီး ပြင်ဝန်း၊ တောင်ဖီလာ၊ မြိတ်တောင်၊ ထူးဆိပ်၊ ပုလော (နန်းတောင်)၊ ပြင်ဘုကြီး (ပလောက်) တို့ ပါတယ်လို့ ဖော်ပြထား တယ်။

နန်းတောင်ရွာမှာ ရှေးအုတ်ချပ်ကြီး တွေဖြစ်တဲ့ ၁၈x၉x၃ လက်မတွေ တွေ့ ရတယ်။ ဒေသခံတွေရဲ့ပြောပြချက်အရ စေတီပျက်တွေကို တူးကြည့်တဲ့အခါ ရှမ်း(ယိုးဒယား) နယ်စားတွေဝတ်တဲ့ အဝတ်အစားတွေနဲ့ ရတနာအချို့တွေ့ ရတယ်။ ရှမ်းတွေ လူလွှတ်ပြီး လာတူး ကြတယ်လို့ ဖော်ပြထားတယ်။

မြို့ဟောင်းကျေးရွာရှိ ရွာဦးစေတီ ကို ပြန်လည်တည်စဉ်က ခဲဘုရားများ ရာတန်းထောင်တန်းရဖူးကြောင်း၊ ဉာဏ် တော် ၂ ပေခန့်ရှိ ကြေးရောင် ရဟန္တာပုံလို့ ယူဆနိုင်တဲ့ ရုပ်တုတစ်ဆူ၊ အုတ်ခွက်လေး ထောင့်အရွယ်မျိုးစုံ၊ ငွေပြားတွေရဖူး ကြောင်း တွေ့ရတယ်။ ဒီငွေပြားတွေမှာ စာပါပြီး ရှမ်းစာလို့ယူဆကြောင်း၊ ဦးစော ဖေဆိုသူလည်း ငွေပြား(၇)ချပ်ရဖူး ကြောင်း၊ အဝိုင်းပုံ (၂)လက်မခန့် ရှိ ကြောင်း ဖော်ပြထားတယ်။

မြို့ဟောင်းရွာမှ အုတ်ချပ်ကို ၁၂x၆x၂ လက်မ ရှိတယ်။ ဒီအုတ်ချပ် တွေက ထားဝယ်ရှိ ဆင်ဆိပ်မြို့ဟောင်းက အုတ်ချပ်တွေနဲ့ အရွယ်အစားတူတယ်။ အခြားစေတီဟောင်းတွေမှာလည်း ၁၂x၆x၃ လက်မ၊ ၁ဝx၅x၃ လက်မ၊ ၉x၇x၃ လက်မစတဲ့ အုတ်ချပ် အရွယ် အစား အမျိုးမျိုး တွေ့ရတယ်။ ထောင့်မှန် စတုဂံပုံမြို့ဟောင်းရာရှိတယ်။ အတော်ကို မှေးမှိန်ပျောက်ကွယ်လုရှိတယ်။

ပုလောမြို့နယ်အတွင်း ထင်ရှားတဲ့ ရှေးဟောင်းနေရာ ၃ ခုရှိတယ်။ (၁)နန်းတောင်ကျေးရွာ၊ (၂) မြို့ဟောင်း ကျေးရွာနှင့် (၃) မိမ္မမြို့ရွာတို့ဖြစ်တယ်။ မိမ္မမြို့ဆိုတဲ့နံမည်ကိုက ခပ်ဆန်းဆန်းနဲ့ စိတ်ဝင်စားဖို့ကောင်းတယ်။ ထားဝယ် ကနေ ကားလမ်း အတိုင်းသွားရင် (၁၁၃မိုင်) ရောက်ရင် ကားလမ်းဘေးမှာ မိမ္မမြို့ရွာဆိုတဲ့ ဆိုင်းဘုတ်ရှိတယ်။

ဒီဆိုင်းဘုတ်ဘေးလမ်းအတိုင်း အနောက်ဘက် ရွာလမ်းအတိုင်း ဝင်သွား ရင် ဘုရားသိမ်တစ်ဆောင် ရှိတယ်။ ရှေးကျတဲ့အုတ်တိုက်ဖြစ်ပြီး (၈)ပေ လောက်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ရှိတယ်။ မင်းဝတ်တန်ဆာတွေနဲ့ နား တောင်ကြီးတွေ ဝတ်ထားတယ်။ ဒီသိမ် ရှိတဲ့ တောင်ကုန်းက ပေ(၆၀)ကျော် မြင့် တယ်။ တောင်ခြေမှာ ပတ်လည်ဝိုင်း ထားတဲ့ မြေမြို့ရိုးရှိတယ်။

အချို့နေရာ တွေမှာ မြို့ရိုးရာကို (၁)ထပ်၊ အချို့နေရာ တွေမှာ (၂)ထပ် တွေ့ရတယ်။ မြို့ရိုး အတိုင်း ဆင်းကြည့်တဲ့အခါ ချုံနွယ် တွေ အတော်ပိတ်နေလို့ သေချာ မလေ့လာ ခဲ့ရဘူး။ ကျုံးလို့ဆိုနိုင်တဲ့ ၁၀ဧကလောက် အကျယ် မြေမြောင်းကိုလည်း တွေ့ရ တယ်။ မြို့ဟောင်းကုန်းပတ်လည်မှာ လည်း ရာဘာတောတွေဖြစ်ကုန်လို့ ပြန် လေ့လာဖို့ အတော်ခက်ပါပြီ။

မိမ္မမြို့အကြောင်း လေ့လာတဲ့အခါ အတော်ကို ပါးစပ်ရာဇဝင်ဆန်ပါတယ်။ အထက်ဖော်ပြပါမှတ်တမ်းနဲ့ ဒေသခံ တွေပြောပြချက်ကလည်း အတော်တူ တယ်။ တပ်မတော်အစိုးရလက်ထက် တနင်္သာရီတိုင်း ဖွံ့ဖြိုးတိုးတက်မှု မှတ် တမ်းမှာ ဒီလိုဖော်ပြထားတယ်။

တစ်ချိန်က မိမ္မမြို့မှာ မိန်းမဘုရင်မ အုပ်ချုပ်တယ်။ မြို့ကို တံတိုင်း ၂ ထပ် ကာပြီးမြို့ရဲ့အရှေ့ဘက်မှာ ကျူံးကျယ် ကြီး ရှိတယ်။ ကြံ၊ စပါးနဲ့ဟင်းသီး ဟင်းရွက်စိုက်တယ်။ တစ်မြို့လုံး မိန်းမ ချည်းပဲ ရှိတယ်။ ရန်သူလာရင် ကျူံးထိပ် ရှိ လမ္ဗရာစည်ကြီးကို တီးတယ်။ ဒီအခါ ရေကာတာက ရေတွေကျပြီး ကျူံးအတွင်း ရန်သူတွေ ရေနဲ့မျောပါပြီး သေကြတယ်။

မိမ္မမြို့ရဲ့ဘုရင်မက သိပ်လှတယ်။ ကောင်းခြင်း ၅ ဖြာနဲ့ပြည့်စုံတယ်။ သူရ သတ္တိရှိတယ်။ ဒီသတင်းကို ဝေဒီမြို့ (ကောဇာ သက္ကရာဇ် ၇၉၂ ခု)နဲ့ မုတ္ထီးမြို့ (ကောဇာသက္ကရာဇ် ၇၇၉ ခု)တို့က မင်းညီမင်းသားတွေကြားပြီး ဘုရင်မဆီကို လာကြတယ်။ ကျူံးကို ဖြတ်ပြီးမိမ္မမြို့ကို ဝင်တဲ့အခါ အချက်ပေးစည်သံကြောင့် ရေတံခါးဖွင့်လိုက်လို့ သေကြတယ်။ ဒီလို နဲ့ စိတ်ပျက်ပြီး ပြန်ကြတယ်။

ဒီမင်းညီမင်းသားတွေထဲက တစ်ဦး ကတော့ စိတ်ပျက်ခြင်းမရှိဘဲ မိမ္မမြို့ ကျူံးရေပြင်ကို ညဘက်တိတ်တဆိတ် ဖြတ်ပြီး ကြံခင်းတွေထဲ ကိုယ်လုံးတီးဝင် နေတယ်။ ကြံခုတ်တဲ့အမျိုးသမီးတွေ လာတဲ့အခါ မင်းသားကိုတွေ့ပြီး ဘုရင်မ ထံခေါ်သွားတယ်။ပိုးတုံးလုံးလို အကောင် ကြီးတစ်ကောင်ကို ဖမ်းလာကြောင်း လျှောက်တယ်။ ပြီးတော့ ဒီအခါ ဘုရင် မကသူမရဲ့ အဆောင်တစ်ဖက်ရှိ အချုပ် ခန်းထဲမှာ ထည့်ထားတယ်။

အစာကျွေးချိန် ကျွေးပြီးထားတယ်။ ရက်ကြာလာတဲ့အခါ ဘုရင်မနဲ့ ချစ်ကျွမ်း ဝင်ပြီး ဘုရင်မမှာ ကိုယ်ဝန်ရှိလာတယ်။ ဒီကိစ္စကို နန်းဆောင်တစ်ခုလုံးသိပြီး တော်လှန်လို့ ဘုရင်မအုပ်ချုပ်ရေး ပျက် သွားတယ်။ ဒီတော့ ထားဝယ်မင်းသားက ဘုရင်အဖြစ် အုပ်ချုပ်သော်လည်း လက်မ ခံကြပါ။ ဘုရင်မလည်း မိမိကြောင့် မြို့ပျက်တော့မယ်ဆိုတာကို သိပြီး ကိုယ့် ကိုကိုယ်အဆုံးစီရင်လိုက်တယ်။ ဒီလိုနဲ့ မိမ္မမြို့ပျက်ခဲ့တယ်။

ဘာမှပြောစရာမရှိတာထက် ဒီလို ဇာတ်လမ်းလေးတွေက သမိုင်းကို များစွာ အထောက်အကူပြုပါတယ်။ ပုလော မြို့ဟောင်း တနင်္သာရီနဲ့ နွယ်တယ်။ မိမ္မမြို့ဟောင်းက ထားဝယ်နဲ့ နွယ်တယ်။ ဒီပုလောနယ်က ထားဝယ်နဲ့ တနင်္သာရီ ကြားက မြို့ဖြစ်တယ်။ ကျိန်းသေပြော နိုင်တာကတော့ ပုလောလည်း ထားဝယ်၊ တနင်္သာရီတွေနဲ့ ခေတ်ပြိုင်ဆိုတာပါပဲ။

တခြားစဉ်းစားစရာ အထောက် အထားတွေက ပြည်ခြား၊ စက်တော် ရာစတဲ့နေရာတွေ များစွာရှိနေတယ်။ ကွင်းဆင်းစစ်ဆေးပြီး အချက်အလက်တွေ မကောက်ယူနိုင်တာလည်း အခက်အခဲ ဖြစ်တယ်။ ထားဝယ်၊ တနင်္သာရီကို ရေးကြ၊ ပြောကြပေမယ့် ပုလော၊ ဘုတ် ပြင်း၊ ကော့သောင်းအကြောင်း ပြောသူ အလွန်နည်းပါ တယ်။ စနစ်တကျရေ ရှည်လုပ်ခဲ့ရင် တနင်္သာရီသမိုင်းဟာ ဒီထက်ပြည့်စုံ လှပနေမှာ ဖြစ်ပါတယ်။

ဆရာဇော်(စိတ်ပညာ)