ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံဆောက်မည့် ကုမ္ပဏီပြုလုပ်သည့် အခမ်းအနားခေါင်းစဉ်နှင့် လက်မှတ်ထိုး စာရွက်ပါ ခေါင်းစဉ်ကွဲလွဲနေ

0
391

မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာ အုပ်စု လွတ်လွတ်ကျေးရွာရှိ ၅၀ မဂ္ဂါဝပ် ထုတ် ကျောက်မီးသုံး လျှပ်စစ်ဓာတ် အားပေးစီမံကိန်းကို အကောင်အထည် ဖော်မည့် သန်းဖြိုးသူ သတ္တုတွင်းလုပ်ငန်း ကုမ္ပဏီလီမိတက်မှ ဒီဇင်ဘာလ ၂၆ ရက်က ပြုလုပ်သည့် အခမ်းအနား ခေါင်းစဉ်နှင့် တက်ရောက်ကြောင်း လက်မှတ်ထိုးစာရွက်တွင် ရေးထားသည့် ခေါင်းစဉ် ကွဲလွဲနေကြောင်း အခမ်းအနား တက်ရောက်သူတစ်ချို့ထံမှ သိရသည်။

ယင်းကုမ္ပဏီမှ တာဝန်ယူ တည် ဆောက်ပေးမည့် စာသင်ကျောင်းအတွက် ယင်းနေ့ နံနက် ၁၀ နာရီအချိန်ခန့်က စီမံကိန်းဝင်းအတွင်း အခမ်းအနားပြု လုပ်ခဲ့ရာ တက်ရောက်သူ လက်မှတ်ထိုး စာရွက်တွင် ” မြိတ် ၅၀ မဂ္ဂါဝပ် ကျောက် မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ် အားပေးစီမံကိန်း ဒေသခံပြည်သူများနှင့် ရှင်းလင်း ဆွေးနွေး သဘောဆန္ဒခံယူခြင်း အခမ်းအနား” ဟု ရေးထားကြောင်း အခမ်း အနား တက်ရောက်သူများက ပြောပြ သည်။
missing_heading
“ကျောင်းဆောက်လုပ်ပေးမှာ ကို တော့ သဘောတူပါတယ်၊ ဒါပေမယ့် လက်မှတ်ထိုးစာရွက်မှာက ခေါင်းစဉ် တစ်မျိုးဖြစ်နေတယ်ဆိုတော့ ပွင့်လင်း မြင်သာမှုမရှိဘူး” ဟု အခမ်းအနား တက် ရောက်လာသူ ဦးထိန်လင်းအင်က ပြော သည်။
အခမ်းအနားသို့ ကျောင်းကိစ္စ အတွက်သာ ခေါ်ထားသည့်အတွက် လက်မှတ်များကို ကျောင်းကိစ္စ အတွက် တက်ရောက်လာသူ အဖြစ်သာ ထိုးခဲ့ ကြခြင်းဖြစ်ကြောင်း လက်မှတ်ထိုး ခဲ့သည့် လွတ်လွတ်ရွာသားတစ်ချို့က ပြောသည်။
အဆိုပါ ကိစ္စကို ယင်းစီမံကိန်း၏ အမှုဆောင် ဒါရိုက်တာ ဦးမျိုးဝင်းသန်း အား မေးမြန်းရာ စီမံကိန်းအကြောင်း ရှင်းလင်းချပြခြင်းဖြစ်ပြီး စာသင် ကျောင်း တည်ဆောက်ရေးကိစ္စ အဓိက ဆွေးနွေးခဲ့ကြောင်း ပြောသည်။

” ဒီကိစ္စကို ကျွန်တော် မသိလိုက် ရဘူး၊ ပြန်ပြင်ပေးလိုက်ပါမယ်” ဟု ဦးမျိုးဝင်းသန်းက ပြောသည်။
လက်မှတ်ထိုးသည့် စာရွက်များ တွင် ပထမဆုံး တစ်ရွက်သာ ခေါင်းစဉ် ပါပြီး ကျန်သည့်စာရွက်များတွင် ခေါင်း စဉ်မပါသည့် ကိစ္စ၊ အခမ်းအနား ခေါင်း စဉ်နှင့် လက်မှတ်ထိုးစာရွက် ခေါင်းစဉ် မတူသည့်ကိစ္စနှင့် ပက်သက်ပြီး ဒေသခံ အများစုက ကုမ္ပဏီအား တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိခဲ့ပေ။
ယခင်က ပြုလုပ်သည့် အခမ်း အနားများတွင် ယင်းသို့ လက်မှတ် ထိုးခိုင်းကာ စက်ရုံကို ထောက်ခံသကဲ့သို့ လုပ်သည်ကို ကြုံဖူးသည့်အတွက် ယခုပွဲ တွင် လက်မှတ် မထိုးဖြစ်ဟု လွတ်လွတ် ရွာသား ဦးသိန်းထွန်းက ပြောသည်။
လက်ရှိ ခေါင်းစဉ်ကွဲလွဲသည့် ကိစ္စနှင့် ပတ်သက်ပြီး ကုမ္ပဏီဘက်သို့ တစ်စုံတစ်ရာ တောင်းဆိုရန်မှု အခြား သူများနှင့်တိုင်ပင်ကာ ပြုလုပ်သွားမည် ဟု ဦးသိန်းထွန်းက ပြောသည်။

လက်ရှိ လွတ်လွတ်ရွာရှိ အခြေခံ ပညာမူလတန်းကျာင်းကို ယင်းကုမ္ပဏီမှ နှစ်ထပ် အဆောက်အဦး ကျောင်းတစ် ဆောင် အစားထိုး ဆောက်လုပ်ပေးမည်ကို ကျောင်းအုပ်ဆရာမကြီးနှင့် လွတ်လွတ် ရွာသားများက သဘောတူခဲ့သည်။
လွတ်လွတ်ကျေးရွာတွင် တည် ဆောက်မည့် ၅၀ မဂ္ဂါဝပ်ထုတ် ကျောက် မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကိုသန်းဖြိုးသူ သတ္တုတွင်း လုပ်ငန်း ကုမ္ပဏီလီမိတက်က တာဝန်ယူ လုပ်ကိုင်မည်ဖြစ်ကာ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရရှိ ပါက စက်ရုံအဆောက်အဦ လုပ်ငန်းများကို စတင်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

အဆိုပါကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသည် လွတ် လွတ်ကျေးရွာနှင့် အနီးအနားရှိ ရွာအများ စုမှ ဒေသခံရွာသားများ၏ ကန့်ကွက်မှု နှင့် ရင်ဆိုင်နေရသည်။