ငတေ ကုမ္ပဏီ များကို သတိထားပါ

0
523

၂၀၁၀ ခုနစ် (အရပ်သားဟု ခေါ်ဆို ကြသော) အစိုးရ တက်ပြီး နောက်ပိုင်းတွင် ကုမ္ပဏီ အကြီးအသေးများ လုပ်ငန်း နယ်ပယ်အလိုက် မှိုလိုပေါက်လာခဲ့သည်။ မြို့အသီးသီးရှိ ဒေသခံများကလည်း ကုမ္ပဏီကြီးငယ်များ၊ အများပိုင် ကုမ္ပဏီများ ထူထောင်လုပ်ကိုင်လာကြ ၏။
တနင်္သာရီတိုင်းတွင်း၌လည်း အလားတူ အများပိုင်ကုမ္ပဏီ၊ ဒေသခံ ကုမ္ပဏီများ တစ်ခေတ်ဆန်းခဲ့လေသည်။
ကြိုဆိုခဲ့ကြပါ၏။

ကိုယ့်မြို့ကိုယ်ရွာ သားများက ကိုယ့်ဒေသ တိုးတက်စည်ပင် ဖွံ့ဖြိုးရေး အတွက် ရင်းနှီးမြှုပ်နှံကြမည်၊ ကုမ္ပဏီ ထောင်ကာ စုပေါင်းလုပ်ဆောင် ကြမည် ဆိုသောအခါ သာဓုခေါ်ခဲ့ကြပါသည်။
ယခင်က တိုင်းတွင်း လုပ်ကွက် အသီးသီးတွင် အထက်သားများနှင့် ပြည်ပ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ကုမ္ပဏီများကသာ တောက်လျှောက်ကြီး စိုးမိုးခြယ်လှယ်ခဲ့သည် ဆိုနိုင်၏။ ယင်း ကုမ္ပဏီများ၏ လက်ဝေခံ အဆင့်သာ ရှိခဲ့သော ကိုယ့်မြို့ကိုယ့်ရွာသားများက ယခုအချိန်တွင် ဒေသအကျိုး ရှေးရှု အများပိုင်ပေါင်းစု လုပ်ကိုင်ကြတော့မည် ဖြစ်သည့်အတွက် ဝမ်းမြောက်ခဲ့ကြ၏။
care_of_stupid_com
အပြန်အလှန် ယုံကြည် အားထားရ တော့မည်။ အချင်းချင်း ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြုခွင့် ရတော့မည်ဟု များစွာ မျှော်လင့်ခဲ့ကြ သည်။ အခြားနယ်သား လုပ်ငန်းရှင်ကြီး များကဲ့သို့ ” ဘယ်သူသေသေ ငတေမာ ပြီးရော” ဟူသော စိတ်ထားဖြင့် ဒေသ တွင်း သက်ရှိသက်မဲ့တို့၏ ရေတို ရေရှည် အကျိုးကို မျက်ကွယ်ပြုကြလိမ့်မည် မဟုတ်ဟု ယူဆခဲ့ကြသည်။

သို့သော်..၊ ယခုအခါတွင် ယင်း ဒေသခံကုမ္ပဏီများနှင့် ညီရင်းနှမ ဒေသခံ လူထုအကြား စိတ်ဝမ်းကွဲခဲ့ကြ ရလေပြီ။
အထူးသဖြင့်..၊ ထားဝယ်သူ ထားဝယ်သားအချင်းချင်း လမ်းပေါ်တက် ဆန္ဒပြကြရသည်အထိ ရှက်ဖွယ်လိလိ အခင်းအကျင်းများ ပေါက်ဖွားခဲ့လေပြီ။

“ဒေသအကျိုးမပြု ကိုယ်ကျိုးစီးပွား ရှာ ကုမ္ပဏီများ.. အလိုမရှိ၊ အလိုမရှိ..”
“လူတစ်စု ကောင်းစားရေး လုပ်ငန်း များ.. အလိုမရှိ၊ အလိုမရှိ..”
ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက်တွင် မောင်းမကန်ကမ်းခြေရှိ ထားဝယ်ဖွံ့ဖြိုး တိုးတက်မှု အများပိုင်ကုမ္ပဏီလီမီတက် (DDဏဃ) လုပ်ပိုင်ခွင့်ရ မြေကွက်ရှေ့တွင် မောင်းမကန်ရွာသူရွာသားများက အထက် ပါအတိုင်း ကြွေးကြော်ခဲ့ကြသည်။ ထိုပွဲတွင်ပင် ရွာသား များက ယင်းကုမ္ပဏီ ပေါ်ထားရှိသော သဘောထားနှင့် ခံစား ချက်ကို ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

ကနဦးတွင် DDဏဃမှ မောင်းမကန် ကမ်းခြေ တောင်ဘက်စွန်ပိုင်းရှိ ဧက ၄၀၀ကျော်ကျယ်ဝန်းသော သီဟိုဠ်တော (အများစုက အလေ့ကျပေါက်)ကြီး အတွင်းမှ ကမ်းခြေပေါက် ဧက ၅၀ ကို ဟိုတယ်ဇုန်ဆောက်မည်ဆိုကာ အုပ်ချုပ် ရေးမှူးနှင့် ရွာသူရွာသားများအား လာရောက်ညှိနှိုင်းခဲ့သည် ဆို၏။ ရွာအတွက် မူကြိုကျောင်းကြီး ဆောက် ပေးမည်၊ အခြားပညာရေးကိစ္စများနှင့် လျှပ်စစ်မီး အပါအဝင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများတွင် လိုအပ်သည်များ ဖြည့် ဆည်း ဆောင်ရွက်ပေးသွားမည်ဟု ကတိပြုခဲ့ကြောင်း ယင်းနှစ်တွင် အုပ်ချုပ် ရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူက ဖွင့်ဟ၏။ ယင်းအချိန်က ယူလာပြသည့် ဗွီနိုင်းပြားကြီးတွင် ပုံဖော်ထားသော အဆင့်မြင့် ဟိုတယ်ဇုန်ကြီးက ဟီးထ နေသည် ဆိုသည်။

အဓိက အကြောင်းပြချက်က “မောင်းမကန် ကမ်းခြေသာယာလှပရေး”။
ထိုအချိန်က မောင်းမကန်နှင့် အနီးအနား ရွာများကို “မျှော်ရစ် သစ် တော ကြိုးပြင်ကာကွယ်တော” အဖြစ်က မပယ် ဖျက်သေး။ DDPC ကုမ္ပဏီ အကြီးအကဲ (မောင်းမကန်နှင့် တစ်မြို့ နယ်တည်းဖြစ်သည့် လောင်းလုံးမြို့ နယ်ဇာတိ) ကိုယ်တိုင်က ကျေးရွာသူ ရွာသားများ ရှေ့မှောက်တွင် ကြိုးပြင် ကာကွယ်တော အဖြစ်မှ ပယ်ဖျက်ပေးရန် တာဝန်ယူ လုပ်ဆောင်ပေးပါ့မည်ဟု ကတိပေးလာသောအခါ လက်ခုပ်သံ တစ်ဖြောင်းဖြောင်းဖြင့် ခွင့်ပြုခဲ့မိကြသည် ဆို၏။
ယင်းကုမ္ပဏီနှင့် လက်ရှိအစိုးရ ပါဝင်ပတ်သက်မှု မည်မျှအထိ ရှိနှင့် နေသည်ကို ခန့်မှန်းရ ခက်သော်လည်း မောင်းမကန်နှင့် အနီးဝန်းကျင် ရွာအား လုံး ကြိုးပြင် ကာကွယ်တောအဖြစ်မှ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်လိုက်၏။

သို့သော်..၊ ရွာသူရွာသားများထံတွင် မိမိတို့ ပိုင်ဆိုင်နေထိုင်ခွင့်ဟု ဆိုအပ်သော မြေခွန်ပြေစာများ ယခုထိ လက်ဝယ် ပိုင်ပိုင် မရရှိကြသေး။ ထိုအချိန်တွင် DDဏဃ ကမူ ယင်းကမ်းခြေတွင် နောက် ထပ်တိုး ၁၄၈ ဧက လုပ်ပိုင်ခွင့် ရရှိသွား ပြန်သည် ဆို၏။ ဟိုတယ်ဇုန်ကမူ ဗွီနိုင်း ပေါ်မှ မြေပေါ်သို့ မဆင်းသေးသော်လည်း တစ်ဆက်တစ်စပ်တည်းသော လက်ကျန် ကျေးရွာဘုံမြေ ၂၅၀ ဧကကျော်ကိုကား DDဏဃ မှ လျှောက်ထားဆဲဟုဆိုကာ မြေပေါ်ရှိ သီဟိုဠ်ပင်များအား ဘူဒိုဇာဖြင့် ထိုးလှဲလိုက်ကြသည် ဆို၏။

ဟိုတယ်ဇုန် မဟုတ်ဘဲ ဘန်ဂလို လေးများ ဆောက်ထားသည်တော့ တွေ့ရ ပါသည်။ ၎င်းတို့သည်လည်း အား ရဖွယ် ကောင်းသော လည်ပတ်မှုမရှိဟု သိခဲ့ရ ၏။ကျွေးရွာဖွံ့ဖြိုးရေးအတွက်ဟု ပေး ထားသော ကတိကဝတ်များမှာလည်း မူကြိုကျောင်းကြီးမဆိုထား လက်ညှိုး ထိုးပြရလောက်သော ကြီးကြီးမားမား မယ်မယ်ရရ ဘာမှမရှိ..။ တောင်းဆို သော်လည်း အရှက်ရယုံသာဆိုသောခါ ယင်းကုမ္ပဏီအား ဒေသခံများ အဖက် မလုပ်တော့။
ယင်း နယ်နိမိတ် အားလုံး (ရွာသား များက ကျေးရွာပိုင်၊ ဘိုးဘွားပိုင်ဟု ဆို ပါသည်)အား ခြံစည်းရိုးခတ် ဝင်ထွက်ခွင့် ကန့်သတ်လိုက်သဖြင့် ဆိပ်ကမ်းသို့ အတက်အဆင်းလမ်းများ ပိတ်ဆို့ကုန် သည်။

ပင်လယ်ကမ်းခြေ ချောင်းရိုး တစ်လျှောက်တွင် ထွက်ရှိသော ပင်လယ် ခန်း(ခရု၊ ငါး၊ ကဏန်း စသည်..)များ ရှာဖွေစားသောက်ခွင့် ဆုံးရှုံးကုန်သည်၊ သီဟိုနှင့် အလေ့ကျပင်များကို မှီခိုနေသူ တို့လည်း အလုပ်လက်မဲ့ ဖြစ်ကြရသည်ဟု ရွာသားများက ဆိုလေပါသည်။ ယင်း အတွက် ဒေသခံများက သက်ဆိုင်ရာ ဌာနများသို့ လက်မှတ်စုဆောင်းကာ အကြိမ်ကြိမ် တိုင်တန်းကြသော်လည်း အရာမထင်ခဲ့။

နောက်ဆုံးတွင် မြေဧကပေါင်း ၄၀၀ ကျော်အား တစ်ရစ်ပြီးတစ်ရစ် သိမ်းယူ..၊ သီးပင်စားပင်များအား အပြောင်ရှင်း..၊ ပေ ၈၀ ပတ်လည် အကွက်ရိုက်ကာ တစ်ကွက် သိန်း ၆၀၀ ဖြင့် ဒေသခံများ ကိုပင် မျက်နှာပြောင်တိုက် ပြန်လည် ရောင်းချလာသည် ဆိုလေ၏။
မိမိတို့ ရွာသားများ တစ်သက်လုံး ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြ သော ဘိုးဘွားပိုင်မြေများကို မတရား သိမ်းယူ ရောင်းချကြသော ယင်းဒေသခံ ကုမ္ပဏီကြီးအား သည်းမခံနိုင်သည့် အဆုံး..၊ လမ်းပေါ်တက် ဆန္ဒပြခြင်းကို နောက်ဆုံးထွက်ပေါက်အဖြစ် ရွေးချယ် ကာ ဒေသခံအချင်းချင်း ရင်နာနာဖြင့် လက်သီးလက်မောင်းတန်းကြရတော့ သည့်အဖြစ်..။

“အများပြည်သူနှင့် သက်ဆိုင်သည့် မြေများကို ရောင်းစားသည့် ကုမ္ပဏီ အလိုမရှိ”
ပြန်ကောက်သော်..၊ ဒေသခံ အများပိုင် ကုမ္ပဏီများသည် အခြားနယ် အခြားနိုင်ငံသား လုပ်ငန်းရှင်များ၊ ကုမ္ပဏီများထက် များစွာ သာလွန်မည်..၊ အားကိုးအားထားဖြစ်မည်..၊ ဒေသခံ များ၏ အကျိုးစီးပွား၊ ဒေသအလှ တရားများ၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များကို ပိုမိုစောင့်ရှောက်ပေး ကြလိမ့်မည်ဟု ကိုးစားယုံကြည်ခဲ့မိ သည်မှာ မှားခဲ့ကြပြီလော..။

တစ်စထက်တစ်စ ပွင့်လင်းမြင် သာလာသော ယနေ့မျက်မှောက်ခေတ်တွင် သူစိမ်းလုပ်ငန်းရှင်များ၊ အခြား ကုမ္ပဏီ များမှ ကတိကဝတ် ပျက်ကွက်ခဲ့ပါက စိုးထိတ်ကြောက်ရွံ့နေစရာ၊ မျက်နှာ ထောက်ထား သက်ညှာနေစရာ လိုနေ မည် မဟုတ်..။

ဥပမာ- ထားဝယ်သားကြီးများ တယုတယ စိုက်ပျိုးထားသော ထန်းပင် တစ်ပင်ကို အခြားနယ်သားတစ်ဦးဦး၊ ကုမ္ပဏီတစ်ခုခုမှ ခုတ်လှဲခဲ့ပါက မည် သည့်ထားဝယ်သားမှ လက်ပိုက်ကြည့် နေမည် မထင်..။ အစိုးရအဖွဲ့ဝင် ထားဝယ်သားကြီးများလည်း ဆတ် ဆတ်ခါကြလိမ့်မည် မလွဲ..။
ခုတော့ ဝန်ခံကတိ လက်မှတ် ထိုးယုံဖြင့် ပြီးသွား၏။ ထားဝယ်ကျက် သရေဆောင် ကမြောကင်းတံထားထိပ် ထန်းပင်တန်းမှာဖြင့် ပြုံးပြနေသည့် အဖိုးအို တစ်ယောက်၏ သွားတွေလို ကျိုးတိုးကြဲတဲ..။ လက်ကျန်ထန်းပင် များသည်လည်း (သာမန် ထားဝယ်သား များ လက်လှမ်းမမီနိုင်သည့် ဈေးနှုန်းမြင့်)တန်ဖိုးသင့် အိမ်ယာစီမံကိန်း၏ အလှ တရားကို ဖုံးကွယ်သလို ဖြစ်နေသဖြင့် မည်သည့်နေ့ မည်သည့်အပင် ]]သေမိန့် ကျမလဲ}}ဆိုကာ ယိုင်နဲ့နဲ့ ငိုမဲ့မဲ့..။ ယင်း ထန်းပင်များတွင် နံပတ်တပ်မှတ်သား သော်လည်း မလုံခြုံနိုင်။ လှဲလိုသည့် အပင်အား တစ်နည်းနည်းဖြင့် မတ်တပ်သေအောင်သတ်..၊ သူ့ဖာသူ သေသည်ဆိုပြီး လုပ်လိုက်လျှင် မည်သူ မည်မျှတတ်နိုင်မည်နည်း..။ (ယင်းထန်းပင်များအား မျက်ခြည်မပြတ် စောင့်ကြည့်ရမည့်ကိန်း ဆိုက်နေပါသည်။)

မူအားဖြင့် ဒေသမိုးပျံအောင် ကောင်းမွန်ပြီးသော်လည်း လူအား ဖြင့် တာဝန်ယူတာဝန်ခံမှု၊ စေတနာ သဒ္ဓါ တရား အားနည်းလှသော၊ ကတိမတည်သော ဒေသခံအများပိုင်ကုမ္ပဏီများကို စောင့်ကြည့်ထိန်း ညှိရခြင်းသည် ယင်းဒေသအတွက် ခက်ခဲလှ၏။ ဘက်လိုက်မှု အား ကောင်းတတ်၏။ မျက်နှာနာရသဖြင့် တက်ညီလက်ညီရှိမှု အားနည်း တတ်၏။ အထူးသဖြင့် ယင်းကုမ္ပဏီမျိုးတွင် လက်ရှိအစိုးရအဖွဲ့၏ ပါဝင်ပတ်သက်မှု အားကြီးလေလေ ဒေသခံများအတွက် ရွေးချယ်စရာ အခွင့်အလမ်း ကျဉ်းမြောင်းလေလေ ဖြစ်ရတော့၏။

ယခုကဲ့သို့သော အစိုးရအပြောင်းအလဲ စပ်ကူးမပ်ကူးကာလတွင် ကုမ္ပဏီများက ရရှိပြီးသားဖြစ်သော အခွင့်အလမ်းများကို ခိုင်မာ သထက် ခိုင်မာအောင် ဆုပ်ကိုင်ကြ၊ ရလုရဆဲအခွင့် အလမ်းများကို လက်ဝယ်ပိုင်ပိုင် ဆုပ်ကိုင်နိုင်ရန် ကြိုးပမ်းကြလိမ့်မည်။ ထိုအခါ အချင်းချင်းပွတ်တိုက်မှု၊ ဒေသခံများနှင့်ပွတ်တိုက်မှုများ တိုးသထက် တိုးလာမည့် အနေအထားကို တွေ့ရ၏။

မောင်းမကန်ဒေသခံများက နောက်တက်လာလတ္တံ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရသစ်သည် မိမိတို့ ဘက်မှ ရပ်တည်ကာ ဖြေရှင်းပေးလိမ့်မည်ဟု အပြည့်အဝ ယုံကြည် ကြောင်း ဖွင့်ဟကြလေပြီ..။

အစိုးရသစ်လက်ထက်တွင်လည်း ယင်းသို့(အစိုးရဖွဲ့နှင့် နှီးနွယ် ရောယှက်ကာ ဒေသနှင့်ဒေသခံတို့၏ ရေရှည်ရေတို အကျိုးကို မငဲ့ ကွက်သော)သော အများပိုင်ကုမ္ပဏီများ၊ ကုမ္ပဏီကြီးငယ်များ မပေါ် ပေါက်နိုင်ဟု မည်သူ အာမခံမည်နည်း။ ထိုသို့ ပေါ်ပေါက်လာပါက မည်သို့ ထိန်းညှိစောင့်ကြည့်ကြမည်နည်း..။
နေရာတိုင်းတွင် “ငတေ” စီးပွားရေး မြေခွေးများ ရှိနေနိုင်ပါသည်။

ကိုယ့်ဒေသ ကိုယ့်ဝန်းကျင်ကို မျက်ခြည်မပြတ် ပူးပေါင်းစောင့် ရှောက်ကြရန် လူတစ်ဦးချင်းစီ၊ တစ်ဖွဲ့ချင်းစီအား ထန်းပင်တန်းနှင့် မောင်းမကန်ကမ်းခြေကိစ္စများက တပ်လှန့်လိုက်ပါပြီ..။