သင်္ဘောဖြင့်ရွှေတူးသည်ကို ဒေသခံများ ကန့်ကွက်

0
503

တနင်္သာရီမြစ်အတွင်း ထားဝယ် ခရိုင်ဧရိယာရှိ ဖက်ဖျားချောင်းဝတွင် ရွှေထွန်းပေါက်ကုမ္ပဏီမှ သင်္ဘောများဖြင့် ရွှေတူးဖော်ခြင်းအပေါ် ကန့်ကွက်ပွဲကို ဒီဇင်ဘာလ ၁၃ရက်က လူဦးရေ ၂၀၀ ကျော်က ပြုလုပ်ခဲ့ကြောင်း ယင်းပွဲ သို့ တက်ရောက်သူများက ပြောကြား သည်။

ကျေးရွာ၆၀ကျော်အား ကိုယ်စားပြု သည့် ခရစ်ယာန် ဘာသာရေးခေါင်း ဆောင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံများ အပါအဝင် လူဦးရေ ၂၀၀ ကျော်တို့က လှေ ၂၃စီးဖြင့် ရွှေတူးသည့် သင်္ဘောများရှိရာ နေရာသို့ စုရုံးရောက် ရှိလာပြီး ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
“ရွှေတူးဖော်လို့ ချောင်းမကြီး (တနင်္သာရီမြစ်)ရေလည်း ပျက်စီးတယ်၊ ဒေသခံတွေ ခရီးသွားလာဖို့ အခက်အခဲ ဖြစ်ခဲ့တယ်၊ ဒေသအတွက် အကျိုးမရှိဘူး” ဟု ယင်းပွဲသို့ တက်ရောက်ခဲ့သည့် လူထု အခြေပြု ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ(CSLD)မှ ဥက္ကဋ္ဌ ဦးစောခိုက ပြောသည်။

ရွှေထွန်းပေါက်ကုမ္ပဏီက သင်္ဘော ဖြင့် ရွှေတူးယူခြင်းကို ယခုနှစ် စက်တင်ဘာ လတွင် စတင်လုပ်ကိုင်ခဲ့ပြီး ယင်း လုပ်ငန်း လုပ်ကိုင်ခွင့် အထောက်အထားများကို ဒေသခံများက တောင်းခံရာ ယင်းကုမ္ပဏီ မှ တာဝန်ခံ ထုတ်ပြနိုင်ခြင်း မရှိကြောင်း CSLD ထံမှ သိရသည်။
ယင်းကုမ္ပဏီက ရွှေတူးနေသည့် နေရာသည် တပ်မဟာ(၄) KNU နယ်မြေ အတွင်းဖြစ်ပြီး KNU က သင်္ဘောဖြင့် ရွှေတူးယူခွင့် မပေးထားကြောင်း တပ်မဟာ (၄) KNUမှ ဥက္ကဋ္ဌ စောဆာပီးတုတ်က ပြောသည်။

“သင်္ဘောနဲ့ရွှေတူးတဲ့လုပ်ငန်းကို KNUက ရပ်ခိုင်းထားတယ်၊ ထိခိုက်မှုကို စစ်ခိုင်းထားတယ်” ဟု စောဆာပီးတုတ် က ဆိုသည်။
လက်ရှိအချိန်တွင် သင်္ဘော ၃ စင်း မှာ တနင်္သာရီမြစ်အတွင်း တည်ရှိ နေပြီး ရေထဲထပ်မံချရန် သင်္ဘော ၃စီး အဆင် သင့်ဖြစ် လျက်ရှိကာ စုစုပေါင်း သင်္ဘော ၁၀စီးဖြင့် ရွှေတူးရန် ကုမ္ပဏီ ဘက်က စီစဉ်ထားသည်ဟုသိရှိထားရ ကြောင်း ဒေသခံများက ပြောသည်။သတ္တုတွင်း ဥပဒေတွင် ရေစစ်ကန် အဆင်ဆင့်ပြုလုပ် ပြီး ရေကြည်သည့်အဆင့်မှ ချောင်း အတွင်း စွန့်ပစ်ရမည်ဟု ပြဋ္ဌာန်းထားသော် လည်း လုပ်ငန်းလုပ်ကိုင်သူများက လိုက် နာမှု အားနည်းလျက် ရှိသည်။