တောင်ပိုင်းသားတို့အတွက် ပါရီ မျှော်လင့်ချက်

0
567

အကြမ်းဖက်သမားတို့ ရန်ကြောင့် အတန်ငယ် စိုးထိတ်နေဟန်ရှိသော်လည်း ဟန်မပျက်အောင်တော့ ပါရီက ကြိုးစား နေသည်။ ကဗျာချစ်သူ၊ စာချစ်သူတို့၏ မြို့တော်အဖြစ် ကျော်ကြားသော ပါရီ တွင် လူရာကျော်သေဆုံးခဲ့သည့် ယင်း အဖြစ်အပျက်က ကမ္ဘာသူ ကမ္ဘာသားတို့ အကြား တအုံနွေးနွေး။
လုံခြုံရေးကတော့ ပုံမှန်ထက် ပိုထူ နေသည်။

ပါရီတွင် အသေခံဗုံးခွဲ တိုက်ခိုက်မှု၊ ပစ်ခတ်တိုက်ခိုက်မှုတို့အပြီး နှစ်ပတ် ကျော်အကြာ။ ကမ္ဘာ့ထိပ်သီးခေါင်းဆောင် အားလုံးနီးပါး တက်ရောက်ကြသည့် သမိုင်းဝင် ရာသီဥတု ပြောင်းလဲရေး ညီလာခံကို ပြင်သစ်နိုင်ငံ၏ မြို့တော် ပါရီတွင် စီစဉ်ထားသည့်အတိုင်း ကျင်းပ ဖြစ်ခဲ့သည်။
တက်ကြွလှုပ်ရှားသူတို့၏ ဆန္ဒပြ လှုပ်ရှားမှုများကို ကန့်သတ်ခဲ့သည်က တပိုင်းပေါ့လေ။ ဒါနှင့်တောင် တက် ရောက်လာသူများက လူစုဝေး လှုပ်ရှားမှု ခွင့်မပြုခဲ့သည့် ပါရီတွင်ရရာ လှုပ်ရှားမှု များ လုပ်ခဲ့ကြသေးသည်။

ကုလသမဂ္ဂကဦးဆောင်ပြီး နိုင်ငံ ပေါင်း ၂၀၀ နီးပါးက ပါဝင် ဆွေးနွေး ခဲ့သည့် ယင်းပွဲ၏ ရည်ရွယ်ချက်က ကမ္ဘာကြီးပူနွေးလာမှုကို ထိန်းထားရန် တစ်ကမ္ဘာလုံးက ထုတ်လွှင့်နေသည့် ကာဗွန်ဓာတ်ငွေ့များကို စက်မှုခေတ် မတိုင်မီကနှုန်းအထိ လျော့ချရန်။
ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့ (IPCC) ၏ အဆိုအရ ကမ္ဘာ့အပူချိန်သည် ၁၈၈၀ ခုနစ်မှစ၍ သုညဒဿမရှစ်ငါး(၀.၈၅) ဒီဂရီ အထိ တိုးမြင့်နေပြီး ယခု နိုင်ငံအများအပြား အပြိုင်အဆိုင် ထုတ်လွှင့်မှုနှုန်းအတိုင်းသာဆိုလျှင် နောက်ဆယ်စုနှစ်များအတွင်း ဆယ်ဂဏန်းထိ တိုးလာနိုင်သည်။
ကမ္ဘာ့နိုင်ငံများ အားလုံးအကျိုးဆက် ခံစားရမည်မို့ အားလုံး၏ ဘုံသဘောတူ နိုင်စွမ်းက “အန္တရာယ်အဆင့်ပူနွေးမှု” – ၂ ဒီဂရီ (၃.၆ ဒီဂရီ ဖာရင်ဟိုက်) အထိ သာ ပူနွေးခွင့်ပေးရန်။ သို့သော် နှစ်ဒီဂရီ မြင့် တက်နေသည်နှင့်ပင် မြေနိမ့်နိုင်ငံ များ၊ အထူးသဖြင့် ကျွန်းနိုင်ငံများ ရေအောက် ရောက်သွားနိုင်ချေများသည်။

ကမ္ဘာကြီး တစ်ဒီဂရီခန့် ပူသည် နှင့်ပင် ခံစားရမည့် ဒုက္ခက ဒုနှင့်ဒေး။ ပင်လယ်ရေ မျက်နှာပြင် နှစ်မီတာခန့် တက်လာပြီး နယူးယောက် (အမေရိကန်)၊ ကာလကတ္တား (အိန္ဒိယ) နှင့် ရှန်ဟိုင်း (တရုတ်)၊ ဘန်ကောက် (ထိုင်း) ကဲ့သို့ မြို့ကြီးများ ဘေးကြုံနိုင်လေသည်။
ကမ္ဘာ့ အပူချိန်မြင့်လာသည်နှင့်အမျှ အစားအစာနှင့် ရေရနိုင်စွမ်း၊ အခြေခံ အဆောက်အဦ၊ ဂေဟစနစ်၊ ကျန်းမာ ရေးနှင့် ပဋိပက္ခဖြစ်နိုင်ခြေ အစရှိသည် များ အခက်ကြုံနိုင်သည်ဟု IPCC က မှန်းချက် ထုတ်ထားသည်။ အပူချိန်မြင့် လေ ရာသီဥတုပြောင်းလဲမှု အကျိုး ဆက်ကို လူမျိုး၊ ဘာသာ၊ အသက်အရွယ်၊ အသားအရောင်၊ နိုင်ငံမရွေး ခံစားရနိုင်ချေ များလေသာ ဖြစ်သည်။
Energy_Innovation_for_south
နိုင်ငံများ အလိုက် အုပ်စုဖွဲ့ကာ နှစ်ပတ်ကြာ အချေအတင် ဆွေးနွေးပွဲများ က ရင်တုန်စရာ။ ၁၉၉၇ ကျိုတို သဘော တူညီချက်အပြီး ယခုဆွေးနွေးပွဲမှ အဖြေ သည်သာ ကမ္ဘာကြီးကို ကယ်တင်မည့် နောက်ဆုံး နိုင်ငံစုံ ဘုံသဘောတူညီချက် တစ်ရပ် ထွက်လာဖွယ်ရာရှိသည်။
တိုးတက်မှုနှင့် စီးပွားရေး အကျိုး အမြတ်ကြောင့် နိုင်ငံကြီးများက လက်ရှိ ထုတ်လွှတ်နေသည့် ကာဗွန်ဓာတ်ငွေ့ကို မလျှော့ချင်။ ဖွံဖြိုးဆဲ နိုင်ငံငယ်များအတွက် ရာသီဥတု ပြောင်းလဲသည့် အကျိုးဆက် ကို ဖာထေးရန် ထည့်ဝင်ရမည့် ငွေကို လည်း အင်တင်တင်။

သက္ကရာဇ် ၂၀၅၀ အရောက် ထပ်တိုးလာမည့် လူဦးရေ သန်းနှစ်ထောင် ကလည်း နေအိမ်များ၊ ကားများ အသုံးပြု ကြမည်ဖြစ်ရာ သိပ္ပံပညာရှင်များ၏ အဆို အရရေနံနှင့်သဘာဝဓာတ်ငွေ့၊ ကျောက် မီးသွေး စသည့် ရုပ်ကြွင်း လောင်စာများ အားလုံး အသုံးပြုမှုကို ယင်းအချိန် မရောက်မီ သုံးစွဲမှု ရပ်ရမည် ဆိုသည်။
လောင်စာ ထုတ်ရောင်းနေသည့် နိုင်ငံများ အထူးသဖြင့် အာရပ်နိုင်ငံများ ကတော့ ရောင်းချမှုကို မရပ်ချင်။ သုံးစွဲ လက်စသူများကလည်း လျော့ချပြီး ငွေကြေး ထပ်မံကုန်ကျမည့် ပြန်ဖြည့်မြဲ စွမ်းအင် ((Renewable Energy) ) ချည်း သာ မသုံးချင်။
မည်သို့ပင် ဆိုစေကာမူ ဆွေးနွေး ပွဲကို သတ်မှတ်ရက်ထက် တစ်ရက်တိုး ကာ တစ်ကမ္ဘာလုံးအတွက် အရေးကြီး သည့် သဘောတူညီချက်တစ်ရပ်ကို ပြင်သစ်တွင် ရယူနိုင်ခဲ့ကြသည်ဟု ဆိုရ မည်။ ထိုနေ့က ဒီဇင်ဘာလ ၁၂ ရက် စနေနေ့။ နှစ်ပတ်တာ အကြိတ်အနယ် ဆွေးနွေးပွဲ အပြီး နိုင်ငံပေါင်း ၁၉၅ နိုင်ငံအနက် ၁၈၆ နိုင်ငံက ကမ္ဘာ့အပူ ချိန်ကို ၂ ဒီဂရီအောက် ထိန်းထားရန် ဖန်လုံအိမ်ဓာတ်ငွေ့ကို လျော့ချမည်ဟု တရားဝင် ကတိပြုလိုက် ကြပြီဖြစ်သည်။

မြန်မာလည်း ကတိပြုခဲ့သည့် အထဲ တွင် ပါသည်။
ယင်းသဘောတူညီချက်၏ အဓိက အနှစ်သာရက ကမ္ဘာ့အပူချိန်ကို ၂ ဒီဂရီ အောက် (ဖြစ်နိုင်လျှင် ၁ ဒဿမ ၅ ဒီဂရီ) လျော့ချရန်၊ နိုင်ငံများ အလိုက် ကတိပြု ထားသည့် ကာဗွန်လျော့ချမှုနှုန်းကို ၅ နှစ်တကြိမ် ပြန်လည် စိစစ်ရန်နှင့် ၂၀၂၀ ခုနစ်မှစ၍ ဖွံဖြိုးဆဲနိုင်ငံများအတွက် ထောက်ပံ့ကြေး နှစ်စဉ် ဒေါ်လာ ဘီလျံ သန်း ၁၀၀ ထည့်ဝင်သွားရန် တို့ဖြစ်သည်။
ပါရီမှ ဆုံးဖြတ်ချက်များကတော့ (တကယ်လုပ်၊ မလုပ် အပထား) အား တက်စရာကောင်းသည်။
ပါရီမှ သမင်လည်ပြန်ကြည့်မိသော အခါ။

မြန်မာပြည်တောင်ပိုင်းဖျားက စွမ်းအင်ဆိုင်ရာ စီမံချက်များကတော့ ရင်လေးစရာရယ်ပါ။
ဓာတ်ငွေ့သိုက်ကို ဖင်ခုထိုင်ထား သည့် တနင်္သာရီတိုင်းလို နေရာမျိုး (ကျွန်မ တို့အခေါ်) အစိုးရ မီးမရဟု ပြောရသည် မှာ လူရယ်စရာ။ တကယ်တော့လည်း သနားစရာအဖြစ်ပါ။ အိမ်နီးချင်း ထိုင်း တို့ မီးချင်းချင်းနီစေဖို့ လျှပ်စစ်ကို သုံး လေးရာ ပေးသုံးကြသူ သူဌေးများရယ်ပါ။
နည်းပညာပိုင်းအရ ဖြစ်နိုင်တန် ချေများကို တကယ်လုပ်နေသူများ ရေး နေ၊ ပြောနေကြသမို့ ထပ်ပြောဖို့ပင် လို မည်မထင်။
တကယ်ဆိုချင်သည်ကတော့ ငြင်း ချက်ထုတ် မရတော့လောက်အောင် ကမ္ဘာ့ မည်သည့်နိုင်ငံကမှ ကျောက်မီးသွေးနှင့် အခြားလောင်စာသုံး စွမ်းအင်ကို ထပ်တိုး သုံးစွဲရန် ကြိုးစားတော့မည်မဟုတ်ဘဲ ပြန်ဖြည့်မြဲ စွမ်းအင်ဖြင့်သာ စတင်လည် ပတ်ရန် ကြိုးစားခဲ့၊ ကြိုးစားတော့မည် ဖြစ်သည်။
ထိုအရွေ့တွင် ပြည်ထောင်စု အစိုးရ ၏ စီမံချက်များဖြင့် တစ်နိုင်ငံလုံး ၃၃ ရာခိုင်နှုန်းသော ကျောက်မီးသွေး စက်ရုံ များ အစီအရီ ဆောက်ကာ ကာဗွန်တိုး ထုတ်မည့်အဖြစ်မျိုး တောင်ပိုင်းသားတို့ အဖြစ်ခံမည်လော။ Clean-Coal Tech လည်း ကာဗွန်ထုတ်ကြောင်း ဝန်ကြီးများ သိမှ သိပါလေစ။ (အနည်းဆုံးတော့ ကာဗွန်ကို လုံအောင် သိုထားရသည်လေ။)

နိုင်ငံ တော်တော်များများ ကျောက် မီးသွေးသုံးဆဲဟု ပြည်ထောင်စု လွှတ်တော် တွင်း လာဖြေခဲ့သည့် လျှပ်စစ်စွမ်းအားမှ အရာရှိကိုတော့ တစ်ခုအသေအချာ ပြော ချင်သည်။ စွမ်းအင် လိုအပ် ချက်ကြောင့် ကျောက်မီးသွေး စက်ရုံတိုးမြှင့်သုံးနေ သည့် တရုတ်တွင် (ကျောက်မီးသွေး တစ်ခု တည်းကြောင့် မဟုတ်စေကာမူ) ယခု ကနေဒါမှ လေဝယ်ရှုနေရပြီ။ ကျန်းမာရေး အန္တရာယ်ကို ယခုမှ နဖူးတွေ့ ဒူးတွေ့။
ဒီဇင်ဘာ ၁၇ ရက်နေ့ကမှ အသစ် စက်စက် ထုတ်ပြန်လိုက်သည့် စွမ်းအင် စီးပွားရေးနှင့် ငွေကြေးသုံးသပ်မှု အင်စတီ ကျူ (Institute for Energy Economics and Financial Analysis) ၏ အစီရင် ခံစာအရ လက်ရှိ ကမ္ဘာ့ ကျောက်မီးသွေး လုပ်ငန်းများတွင် ရောင်းအားကျနေပြီး ပစ္စည်းပိုလျှံမှု ကြုံတွေ့နေရသည်ဟု ဆိုသည်။ ယင်း ဩစတြေးလျ အခြေစိုက် အဖွဲ့၏ ဒါရိုက်တာဖြစ်သူ တင်ဘာက လေက အိန္ဒိယသို့ ကျောက်မီးသွေး တင်ပို့ မှုမှာ နိုဝင်ဘာလလယ်လောက်တွင် ထက်ဝက် ကျသွားပြီး တရုတ်သို့ တင်ပို့မှု မှာလည်း ၂၀၁၅ ခုနစ်တွင် ၃၀ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု ဆိုထားသည်။

အမေရိကန် အခြေစိုက် Energy Innovation ခေါ် မူဝါဒ သုတေသနအဖွဲ့ မှ အမှုဆောင် ဟယ်ဟာဗေး၏ အဆိုအရ နေစွမ်းအင် နည်းပညာသည် ယခင်က ထက် ၈၀ ရာခိုင်နှုန်း ဈေးကျ လာကာ ကျောက်မီးသွေး စက်ရုံအသစ်တည် ဆောက်သည်ထက် ပိုသက်သာ နေသည် ဟု ဆိုထားသည်။
ဆိုလိုသည်က သန့်ရှင်းစွမ်းအင် သည် ညစ်ညမ်းစွမ်းအင်ထက် ဈေးမပို တော့သည့် သဘော။

ကျောက်မီးသွေးကဲ့သို့သော ညစ် ညမ်းစွမ်းအင်ကို ဩစတြေးလျ၊ အင်ဒိုနီး ရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံမှ ဝယ်ယူကာ ကိုယ့်တွင် သားစဉ် မြေးဆက် ခံစားရ အောင် ဆောက်မည်လော။ သန့်ရှင်း စွမ်းအင်ဖြင့် ရာသီဥတု ပြောင်းလဲမှု ဒဏ်ကို ကြံ့ကြံ့ခံမည်လော။ တနင်္သာရီလို မြေနိမ့်များကတော့ အနည်းနှင့် အများ ခံရမည်မှာ သေချာပြီးသား။ (တလောက သတင်းတစ်ပုဒ်မှာတောင် တွေ့လိုက် သေး ပင်လယ်ရေတက်လာရင် တနင်္သာရီ တိုင်း လည်း မြုပ်မှာပဲတဲ့)
အစိုးရသစ်လည်း တက်လာတော့ မည်။ ပြန်ပြင်ရန် ကျန်သေးသည်။ ပြည်ထောင်စုအဆင့်ကလည်း တပြည်လုံး အတွက် စွမ်းအင် မူဝါဒကို ပြန်လည် သုံးသပ်ရန် လိုသလို တောင်ပိုင်း အစိုးရ ကလည်း ပြည်လည်သုံးသပ်ကာ ဖြစ်တန် ချေတို့ စဉ်းစားရတော့မည်။
ဈေးကြီးလှသည်ဆိုသော နေ၊ ရေ၊ လေ၊ သဘာဝ လောင်စာသုံး ပြည်ဖြည့် မြဲစွမ်းအင်များကို မြန်မာပြည်လို ဖွံဖြိုးဆဲ နိုင်ငံများအတွက် တတ်နိုင်အောင် ဈေး ပေါသည့် နည်းပညာများ ဖြန့်ဖြူးပေးရန် အလားအလာရှိလာပြီ။

တနင်္သာရီမှာ ကမ်းရိုးတန်းတွေ တမျှော်တခေါ်ရှိသည်။ လေတာ ဘိုင်ကြီးတွေလုပ်ပြီး စွမ်းအင်ထုတ်မလား။ နေစွမ်းအင်ဆိုလို့ ကြီးကြီး မားမားမဟုတ်၊ ဆိုလာပြားတွေက အစပါသည်။ ရေအားလျှပ်စစ် အသေးစားလေးတွေ ဆောက်လို့ရသည်။ ဓာတ်ငွေ့တွေကို မီးဖိုချောင် သုံးထမင်းချက်ဖို့ပဲ ဖြန့်ဦးမလား။ ယုတ်စွအဆုံး မကြာမီသက်တမ်း ကုန်နိုင်သည့် ဓာတ်ငွေ့စာချုပ်များကို ဆက်မတိုးဘဲ သဘာဝဓာတ်ငွေ့ သုံး စက်ရုံများဖြင့်ပင် လာလတ္တံ့ ထားဝယ်စီးပွားရေးဇုန်အပါအဝင် ဒေသတစ်ခုလုံး ဖူလုံအောင် မီးပေးနိုင်သည်မှာ အသေအချာ။ ကိုယ့်အိမ် ဖယောင်းတိုင်ထွန်းကာ သူများအိမ် လျှပ်စစ်ပေးနေတာတော့ ရှက်ဖို့ ကောင်းသည်။

တောင်ပိုင်းသားတို့အတွက် အချိန်မီသေးသည်။ မနှောင်းဖို့သာ လိုသည်။ ပါရီမှ ဆုံးဖြတ်ချက်များ တောင်ပိုင်း ရောက်ပါစေ၊ ပါရီမှ မျှော်လင့်ချက်များ တောင်ပိုင်းသားတို့ထံ ရောက်ပါစေ၊ ခံစားကြရပါစေ လို့ပဲ ခပ်တိုးတိုး ဆုတောင်းမိသည်။
ပါရီ ဆုံးဖြတ်ချက်ချသည့်နေ့ ကတော့ ဥရောပဆောင်းအဝင် သင်္ကေတအဖြစ် အအေးဓာတ်ပို လွန်ကဲနေသည်။ ဆွေးနွေးပွဲ ဦးဆောင် သူတွေကတော့ သဘောတူညီချက်ရယူလိုက်နိုင် သဖြင့် အောင်ပွဲခံနေ သည်။တောင်ပိုင်းသားများကတော့ စိုးတထင့်ထင့် ရှိနေမည်လော မသိပါလေ။