မူးယစ်ဆေးဝါးသုံး လူငယ်များ၏ စားကျက်ဖြစ်နေသည့်ဘုရားဝင်းကို ရေးမြို့ခံတချို့ ရှင်းလင်း

0
534

ရေးမြို့၊ သီရိခေမာရပ်ကွက် အတွင်း ရှိ သစ်စေးကုန်းဘုရားဝင်းအတွင်း လူငယ် လူရွယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု အပြင် ဘုရားဝင်းနှင့် မအပ်စပ်သည့် အခြား အမှုများကို ပြုလုပ်နေသည်ကို တွေ့ရ သည့်အတွက် ယင်းနေရာအား ဒေသခံ အချို့က ဒီဇင်ဘာ ၁၂ ရက်မှ စပြီး ရှင်းလင်းနေကြောင်း ရှင်းလင်းရာတွင် ပါဝင်သည့် ဒေသခံတချို့ထံမှ သိရသည်။

အဆိုပါ ဘုရားဝင်းအတွင်း လူငယ် များအနေဖြင့် စိတ်ကြွဆေးသုံးစွဲခြင်း၊ စုံတွဲချိန်းခြင်းနှင့် အရက်သေစာ သောက် စားခြင်း စသည်တို့ ပြုလုပ်နေသည်ကို တွေ့ရကြောင်း အထက်ပါ ဒေသခံများက ပြောသည်။
mon_yay_drug
ရေးမြို့လယ်ခေါင်မှ ၁၀ မိနစ်ခန့် သာ လမ်းလျှောက်ရသည့် ယင်းနေရာ တွင် အဆိုပါ အမှုများကို နေ့ရော ညပါ ပြုလုပ်ကြောင်း ၎င်းတို့က ပြောသည်။
” ဘုရားကို မထင်မှတ်ဘဲရောက် သွား တော့ ဘုရားဝင်းထဲမှာ အရက်ပုလင်း ခွံတွေ၊ ကွန်ဒုံးတွေ၊ စိတ်ကြွဆေးသုံးရာ မှာသုံးတဲ့အရာတွေကို တွေ့ရတယ်၊ အခု လူငယ်တွေနဲ့ နေ့စဉ်ညနေတိုင်း ရှင်းလင်း နေတယ်” ဟု ရှင်းလင်းရာတွင် ပါဝင်သူ ရေးမြို့ခံ ကိုမင်းမင်းက ပြောသည်။
မိဘများအနေဖြင့်လည်း အထက်ပါ ဖြစ်ရပ်များအတွက် ဝိုင်းဝန်း ထိန်းသိမ်း ရန် လိုအပ်နေပြီး အဆိုပါဘုရားဝင်း အတွင်းသို့ ကျောင်းသားအရွယ်ကလေး ငယ်များလည်း လာရောက်လျက် ရှိနေ ကြောင်း စောင့်ကြည့်ရာတွင် ပါဝင်သူ ဦးမြင့်ဦးက ပြောသည်။

“အဲဒီနေရာက မှောင်လဲမှောင် နေတော့ ကြာလာရင် ဒုစရိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ လက်ရှိမြင်နေရတဲ့ ဆေးသုံးတဲ့နေရာမှာ သုံးတဲ့အရာတွေ၊ အရက်ပုလင်းတွေ၊ ကွန်ဒုံးတွေက သက် သေပဲ၊ ကျောင်းစာအုပ်ကိုလဲ တွေ့ခဲ့ရ သေးတယ်။ အားလုံး ပူးပေါင်း ပါဝင် ရှင်းလင်းပေးဖို့ လိုနေပြီ” ဟုသီရိမာလာ ရပ်ကွက်နေ ဦးမြင့်ဦးက ပြောသည်။

လက်ရှိတွင် မြို့ခံတချို့က ညပိုင်း တွင် စောင့်ကြည့်လျက်ရှီပြီး လက်ရှိ စောင့်ကြည့်မှုများအရ လူငယ် လူရွယ် များသာ အလာများ နေပြီး စောင့်ကြည့် နေမှုများကြောင့် လှည့်ပြန်သွားကြသည် ဟု စောင့်ကြည့်ရာတွင် ပါဝင်သူများက ပြောပြသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မည်သို့ဆောင်ရွက်ရန် ရှိသည်ကို သီရိ ခေမာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလေး မြင့်အား ဆက်သွယ်မေးမြန်းရာ ရပ်ရွာ အရေးဖြစ်သည့်အတွက် အကူအညီပေး ရန် အသင့်ရှိပြီး လက်ရှိအချိန်အထိ မည် သူမှလာရောက် အကူအညီတောင်းခံ ခြင်း မရှိသေးကြောင်း ပြန်လည် ဖြေကြား သည်။