ဘယ်မှာလဲ အမှန်တရား

0
534

မြိတ်မြို့ပေါ် ရပ်ကွက်များမှာရှိတဲ့ လမ်းအများစုတွေက ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းများခင်းခြင်းကို ၂၀၁၂ ခုနှစ်ဝန်းကျင်ခန့်မှစပြီး ခင်းလာကြတာ အခုဆိုရင် မြိတ်မြို့ရဲ့ လမ်းသွယ် လမ်း ကြား တော်တော်များများက ကွန်ကရစ် လမ်းတွေအဖြစ် နေရာယူနေကြပါပြီ။

ကိုယ့်အားကိုယ်ကိုးဆိုတာက လမ်း အတွင်းမှာ နေထိုင်ကြတဲ့ လမ်းသူ လမ်း သားတွေ စုပေါင်းပြီး လမ်းခင်းကုန်ကျ ငွေ ခန့်မှန်းငွေများကို နေအိမ်များက အချိုးကျ ထည့်ဝင်ကြရတာပါ။ အချိုးကျ ထည့်ဝင်ငွေတွေကို ကော်မတီဖွဲ့ ထားတဲ့ အဖွဲ့တွေက နေ့စဉ်ကောက်ခံတာတွေရှိ သလို တစ်လတစ်ကြိမ် တစ်ဆယ့်ငါးရက် တစ်ကြိမ်စသဖြင့် လမ်းတစ်လမ်းနဲ့တစ် လမ်းက ကောက်ခံပုံချင်း မတူညီကြ ပါဘူး။
ယခုနှစ် ၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း ခင်းကျင်းခဲ့တဲ့ လမ်းတွေအနက် လမ်း ၄၈ လမ်းက တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ပံ့ပိုးကူညီချက်နဲ့ လမ်း တစ်လမ်းကို အများဆုံး ဘိလပ်မြေအိတ် ၂၀၀ ရရှိခဲ့ကြပါတယ်။
where_is_truth
ကိုယ့်အားကိုယ်ကိုးနဲ့ စုပေါင်း လမ်းခင်းတာကို ဘိလပ်မြေအိတ် ၂၀၀ အလကားရမှာ ဖြစ်တဲ့အတွက် လမ်းသူ လမ်းသားတွေလည်း အချိုးကျထည့် ဝင်ငွေနည်းသွားမယ်ဆိုတော့ ဝမ်းသာ စရာ သတင်းကောင်းလေးတစ်ခုပါ။ လမ်း ၄၈လမ်းက တစ်ပြိုင်တည်း ခင်းကြတာမဟုတ်ပါဘူး။ တချို့လမ်း တွေက အချိုးကျထည့်ဝင်ငွေတွေကို ကောက်ခံရင်း တစ်ဖက်ကလည်း တိုင်း အစိုးရမှ ဘိလပ်မြေအိတ်ထောက်ပံ့ပေးရန် အတွက် စာတင်ပြထားတာမျိုးတွေရှိသလို တစ်ချို့လမ်းတွေကျတော့ တိုင်းအစိုးရက ဘိလပ်မြေအိတ်ပေးမယ်လို့ သတင်းရ တာနဲ့ လမ်းကို ချက်ချင်းစခင်းနေတဲ့ အနေအထားမျိုးတွေ ရှိခဲ့ပါတယ်။
တိုင်းအစိုးရက ဘိလပ်မြေအိတ်တွေ ထောက်ပံ့ပေးတာကို ရွေးကောက်ပွဲ ကာလနှင့်လည်း နီးကပ်နေတယ်ဆိုတော့ ကြားထဲက ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် လောင်းတစ်ချို့က ဘိလပ်မြေအိတ်တွေကို သူတို့ပဲပေးသလိုလိုနဲ့ ဟောပြောတာ တွေလည်း ကြားလိုက်ရပါသေးတယ်။
အခုတော့ လမ်း ၄၈ လမ်းလည်း ခင်းလို့ပြီးပါပြီ လမ်းခင်းပြီးတော့လည်း လမ်းအသီးသီးက ကော်မတီတွေက စာရင်းရှင်းတမ်းတွေကိုလည်း ရှင်းလင်း လို့ ပြီးခဲ့ပါပြီ။

မပြီးသေးတာက မြို့နယ် အုပ်ချုပ် ရေးမှူးရုံးကနေ လမ်းကုန်ကျ စာရင်းရှင်း တမ်းတွေ၊ ဓာတ်ပုံတွေ အစည်းအဝေး မှတ်တမ်းတွေ အသုံးစရိတ် ဘောင်ချာတွေ စတာတွေကို တောင်းခံလာပါတယ်။

အဲလိုမျိုး တောင်းခံလာတော့လည်း နဂိုကတည်းက အားနာတတ်ကြတဲ့ ပြည် သူတွေက (လမ်းကော်မတီအဖွဲ့ဝင်)တွေကလည်း ဘာဖြစ်လို့ တောင်းခံတာလဲ လို့ တစ်ခွန်းမှတောင် မေးမြန်းခြင်းမရှိ ဘဲ့ တောင်းတဲ့အတိုင်းပဲ စာရင်းလေးတွေ ပြန်လုပ်ကြပြီး ပေးလိုက်ကြတယ်။
ကိုယ့်အားကိုယ်ကိုးပြီး ကွန်ကရစ် လမ်းခင်းကြတာကို စာရင်းရှင်းတမ်းတွေ ဘာဖြစ်လို့ တောင်းခံပါသလဲလို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတစ်ဦး ကို သွားမေးတော့ လူတစ်ဦးချင်းစီရဲ့ GDဏနဲ့ ပုဂ္ဂလိကလုပ်ငန်း ဖွံ့ဖြိုးတိုးတက် မှုတွေကို တွက်ချက်နိုင်ဖို့အတွက် စာရင်း များတောင်းခံရခြင်း ဖြစ်ပါတယ်လို့ ပြန် ဖြေခဲ့ပါတယ်။
ပြီးတော့ ဆက်ပြောသေးတယ် ရပ် ကွက်ထဲက ကိုယ့်အားကိုယ်ကိုးနဲ့ခင်းထား ကြတယ်ဆိုတော့ ကုန်ကျမယ့် စာရင်း တွေက အမှန်အတိုင်း ရနိုင်တယ်။ ဋ္ဌာန ဆိုင်ရာတွေမှာတော့ အဲလိုမျိုး အမှန် မရနိုင်ဘူးတဲ့။ ပြည်သူတွေက မလိမ် တတ်ဘူး၊ ဌာနဆိုင်ရာတွေက လိမ်လည် ပြီး စာရင်းတင်တတ်ကြတယ်လို့ ဆိုလို ချင်ပုံ ရပါတယ်။

လမ်းကိစ္စနဲ့ပတ်သက်ပြီး စာရင်း တောင်းခံတာ မသိမရှင်းလင်းတာတွေကို အချိန်မရွေးရုံးမှာ ကိုယ်တိုင်လာ မေးကြ ပါလို့ အမှာတော်လေးတောင် ပါးလိုက် သေးရဲ့။
ဒါပေမယ့် စာရင်းရှင်းတမ်းတွေ သွားတင်တဲ့အခါကျတော့ လွဲမှားမှုတွေ စပြီး ကြုံရတာပဲ။ မြို့နယ်အုပ်ချုပ်ရေမှူး ရုံးက လမ်းစာရင်းတွေကို တာဝန်ယူ ထားတဲ့ ဝန်ထမ်းက ဒီစာရင်းတွေကို ဘာကြောင့်တောင်းရသလဲဆိုတော့ တိုင်းအစိုးရက ဘိလပ်မြေအိတ် ထောက် ပံ့ထားတဲ့အတွက် အမှုတွဲအနေနဲ့ ပြန်တင် ပေးရတာပါလို့ ပြောပြခဲ့ပါတယ်။
ဒီမှာကတည်းက တာဝန်ရှိသူပြော တာနဲ့ဝန်ထမ်းပြောတာစပြီး လွဲနေ တာ။
နောက်ပိုင်း အလွဲကြီးက ဒီလိုပါ။

ဟုတ်ပါပြီ။ စာရင်းတွေသွား တင် တော့ လမ်းသူလမ်းသားတွေ အမှန် ကုန်ကျထားတဲ့ တန်ဖိုးငွေကို တင်ပြရတာ မဟုတ်ဘဲ စည်ပင်က တွက်ချက်ပေး ထားတဲ့ ကုန်ကျငွေနဲ့ ကိုက်ညီပြီး တင် ပေးရတယ်။
ဆိုလိုတာက ဒီလိုပါ။

ဥပမာ ပေ ၆၀၀ ရှည်တဲ့လမ်း တစ်လမ်းမှာ တိုင်းက ထောက်ပံ့ပေးထား တဲ့ ဘိလပ်မြေအိတ်တွေ မပါဘဲ စည်ပင် က ကုန်ကျငွေ တွက်ချက်ပေးထား တာက ငွေသိန်းငါးဆယ်ဆိုပါစို့။ အမှန်တကယ် လမ်းသူလမ်းသားတွေ ကုန်ကျငွေက ငွေသိန်း ခုနစ်ဆယ်ပါ။
အမှန်တကယ် ကုန်ကျငွေစာရင်းကို တင်ပြရတာ မဟုတ်ဘဲ စည်ပင်က တွက် ချက်ထားတဲ့ သိန်းငါးဆယ်ကို စာရင်းမ ကိုက်ကိုက်အောင် ပြန်လုပ်ပြီး တင်ပေးရ တာပါ။

ပြည်သူတွေက အမှန်လိုချင်ကြပေ မယ့် လုပ်ထုံးလုပ်နည်းအရ စာရင်းကို မကိုက်ကိုက်အောင် ပြန်ညှိပေးရတယ် ဆိုတော့ ပြည်သူတွေက ဒီဋ္ဌာနက ဒီလိုမျိုး စာရင်းလိမ်လည်ပြီး တင်ပြရ တယ်ဆိုတော့ ကျန်တဲ့ဟာတွေ ဆက်စပ် ပြီးဌာနပိုင်းဆိုင်ရာတွေကို အထင်မြင် သေးတာတွေ ရှိနေတာက ပြည်သူတွေရဲ့ အပြစ်မဟုတ်ပါဘူး။

ဆိုတော့ GDP နှင့် ပုဂ္ဂလိက လုပ်ငန်းဖွံ့ဖြိုး တိုးတက်မှု အခြေအနေ တွေကို ဘယ်နည်းနဲ့တွက်ချက်မှာလဲ။ စည်ပင်က ပေးထားတဲ့နည်းအတိုင်း တွက်ချက် ကြမှာလား။
ဒါမှမဟုတ် လမ်းတွေက အမှန် စာရင်းတွေနဲ့ တွက်ချက်ကြမှာလား။ သေချာတာတစ်ခုက စည်ပင်နည်းက ပုံသေနည်း တစ်ခုဖြစ်နေတယ်။ အမှန်မ ရနိုင်ဘူး။ လမ်းက အမှန်ကုန်ကျငွေနဲ့ တွက်ချက်မယ်ဆိုရင်ရော အဖြေမှန် ကောင်းကောင်းတစ်ခုကို ရလိမ့်မယ်လို့ ထင်ပါတယ်။
အဲလိုမျိုးသာ မတွက်ဘဲ ပုံသေနည်း အတိုင်း စာအုပ်ကြီးအတိုင်း ဆက်ပြီး စခန်းသွားနေမယ်ဆိုရင် ကြာလာရင် အမှန် တရားကို နေ့ခင်း ကြောင်တောင် ကြီးမှာ ဓာတ်မီးထွန်းပြီး လိုက်ရှာရင် တောင် ရှာတဲ့သူကို အရူးလို့ ဝိုင်းလှောင် နေကြမှာပါကို မြင်ယောင်မိတယ်။