မော့စကော့ကျွန်းမှာ တစ်ညတာ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ထားဝယ် မောင်းမကန်ကမ်းခြေ ကနေ ပင်လယ်ထဲ လှမ်းကြည့်လိုက်ရင် ကျွန်းတန်းတွေ တွေ့ပါလိမ့်မယ်။ ခုတ လောမှာတော့ နိုင်ငံခြားသား ခရီးသွား တွေက အဲဒီကျွန်းတွေဆီ သွားရောက် လည်ပတ်ကြတာ ခပ်စိပ်စိပ် တွေ့ရတယ်။ မြန်မာပြည်သား ခရီးသွားတွေကတော့ ” ရွာနီးနားမြက် ရွားနွားမစား” ဆိုတဲ့ အတိုင်းပါပဲ။ ခရီးစားစရိတ်ကလည်း ကြီးလှတယ်ဆိုသကိုး။

ထားဝယ် မီဒီယာသမားလေးတွေနဲ့ ကျွန်းခရီးစဉ်အကြောင်း စကားစပ်မိပြီး တစ်ခေါက်တစ်သိန်းနဲ့ ပို့မယ့်လှေနဲ့ ချိတ်မိတော့ သွားဖြစ်ကြပေါ့။
ဒီဇင်ဘာ ၁ ရက်နေ့ မှာ ထားဝယ် ကနေ မိုင် ၂၀ ဝေးတဲ့ လှေစထွက်မယ့် မျှော်ရစ်ဘုရားကမ်းခြေကို ဆိုင်ကယ်တွေနဲ့ ခရီးနှင်ကြတယ်။ မျှော်ရစ်ဘုရားတံတား ရှေ့အော်လေးထဲက လှေစထွက်တော့ နံနက် ၉ နာရီ ထိုးနေပြီ။ ဆယ်ကောင် တစ်ရုတ်စက် ၂ လုံးတပ် အလျား ၃၃ ပေ ရှိတဲ့ အပြာနုရောင်လှေငယ်ကခရီးသွား ၁၁ ယောက်ကို ပေါ့ပါးချောင်ချိစွာ တင် ဆောင်ထားတယ်။ လှေသမားအမည်က ကိုဖိုးခွား။ လှေနာမည်ကို လှေဦးပြင် တစ်ဖက်တစ်ချက်မှာ ရေးထိုးထားတယ်..၊ ” Around to Island ” တဲ့။
လှေစထွက်ထွက်ချင်း မီဒီယာ သမားလေးတွေ စလှုပ်ရှားကြတယ်။ လှေက မျှော်ရစ်ဘုရားကျွန်းကို ပတ်ပြီး ထွက်ရတော့ ပင်လယ်ထဲကနေ မျှော်ရစ်ရှု ခင်းကို ကြည့်ရတာက လူတိုင်းအတွက် ရှုထောင့်အသစ်တစ်ခု ဖြစ်နေတယ်။

မျှော်ရစ်ကျွန်းလွန်တာနဲ့ လှေကို အနောက်တောင်ဘက်ကို ဦးတည် ခုတ်မောင်းတယ်။ လှေဦးတည့်တည့် မှာ တော့ မောင်းမကန်ကမ်းခြေကနေ လှမ်းကြည့်ရင်း မြင်မြင်နေရတဲ့ ကျွန်း တန်းတွေထဲက တောင်ဘက်ကျဆုံး ကျွန်းကို စိမ်းညို့ညို့ လှမ်းတွေ့တယ် ။ELEVEN သတင်းထောက် ကိုဖြိုးဇင်က ကိုဖိုးခွား တပည့် လှေသားလေးကို ကျွန်း နာမည် မေးကြည့်တော့ “လောင်းလုံး ဘုတ် ” လို့ ပြန်ဖြေတယ် (ဒေသခံတွေက ကျွန်းကို ဘုတ်လို့ ခေါ်ပါတယ်)။ အဲဒီ ကျွန်း ၂ လုံးကို ဆက်လုလု နီးနီးလေး တွေ့ရတယ်။ အဲဒီကျွန်းနဲ့ မျှော်ရစ်ကမ်းက ရေမိုင် ၁၈ မိုင်လောက်ရှိတယ်လို့ ကိုဖိုး ခွားက ပြောတယ်။
ဆောင်းဦး ပင်လယ်ရေပြင်က ငြိမ် ချက်သားကောင်းနေလိုက်တာ လှိုင်း ကြက်ခွပ်လေးတွေတောင် မထဘူး။ လှေ ပေါ်က မီဒီယာသမားလေးတွေ ကတော့ ပင်လယ်ထဲ တွေ့တဲ့လှေတိုင်းကို ဓာတ်ပုံ မလွတ်တမ်းရိုက်ကြတယ်။ ရှည်မျောညီ ညာတဲ့ မျှော်ရစ် ကမ်းခြေတန်းနဲ့ဆက် နေတဲ့ ပညစ်ကမ်းခြေ၊ တီစစ်ကမ်းခြေတွေ က တရိပ်ရိပ် ကျန်ရစ်တယ်။ ခရီးတစ်ဝက် လောက် ရောက်လုချိန်မှာတော့ ဖုန်းလိုင်း ကလုံးဝ ပြတ်တောက်သွားတယ်။
လှေဦးတည်ရာ လောင်းလုံးဘုတ် ကတော့ တဖြည်းဖြည်းနီးလာလေလေ အဝေးကကြည့်ရင် ၂ လုံးတည်းလို့ ထင်ရ တဲ့ လောင်းလုံးဘုတ်က တစ်ဖြည်းဖြည်းနဲ့ တစ်လုံးချင်း ကွဲထွက်လာတယ်။ နောက် ဆုံးမှာ ၅ လုံးအထိ ရှိနေတာ တွေ့ရတယ်။ ကျွန်းငယ် ၁ လုံးကို ကျွန်းကြီး ၂ လုံးက ရံထားတယ်။ အဲဒီကျွန်းကြီး ၂ လုံးရဲ့ တစ်ဖက်အစွန်စီက ရှေ့နားမှာ ကျွန်းသေး သေး ၁ လုံးစီရှိနေတယ်။ အဲဒီကျွန်းအား လုံးပေါင်းကို ဒေသခံတွေက လောင်းလုံး ဘုတ်လို့ ခေါ်ကြတာပါ။ ကျွန်တော်တို့ လှေက တောင်ဘက် ကျွန်းကြီးအလယ် နားကို ဦးတည်သွားပါတယ်။
Around-to-Island
ကျွန်းအလယ်က တဲငယ်လေးတွေ ကို လှမ်းမြင်ရချိန်မှာ မီဒီယာသမားလေး တွေ ရွစိရွစိ ဖြစ်လာတယ်။ တဲလေးတွေရဲ့ အောက်ခြေက အဝါဘက်ယိမ်းတဲ့ ဖြူလွင်လွင် သဲခုံကမ်းခြေတန်းလေးကိုပါ လှမ်းမြင်ရတယ်။ ကျန်တဲ့ကျွန်းစပ် နံရံ အားလုံးကိုတော့ ကျောက်ဆောင်တွေနဲ့ ဖွဲ့စည်းထားတယ်။ အဲဒီကျောက်နံရံ တွေကို လှိုင်းခေါင်းဖြူတွေက မစို့မပို့ တို့ထိ ဆော့ကစားနေကြတယ်။

လှေကို သဲခုံတန်းဆီ ဦးတည် ခုတ် မောင်းတယ်။ တဲလေးတွေက ၆ လုံး လောက် ရှိနေပေမယ့် လူသိပ်မတွေ့ရဘူး။ တဲလေးတွေထဲက မိန်းမကြီး ၂ ယောက် ထွက်ကြိုနေတယ်။

ရေက တဖြည်းဖြည်း တိမ်လာပြီး ကျောက်တုံးကျောက်ပွင့်တွေ ပြည့်နှက် နေတဲ့ ပင်လယ်ကြမ်းခင်းကို လှမ်းမြင် ရတယ်။ ” သန္တာကျောက်တန်းတွေ ဖြစ် မယ်..” လို့ ထားဝယ်တက်ကြွလူငယ် ကိုဝေဖြိုးက မှတ်ချက်ပြုတယ်။

ရေအောက်မှာ ဖြူလွလွ သဲကြမ်း ခင်းတွေကို တွေ့ပြီး မကြာခင်မှာ လှေက ကမ်းကို ဆိုက်တယ်။ နာရီကြည့်လိုက် တော့ ၁၁း၃၀။ ရီပေ သတင်း ထောက် စိုးမိုးအောင်က သဲခုံသစ်ပင်ကြီး တစ်ခုမှာ ကပ်ထားတဲ့ ဆိုင်းဘုတ်ကို ပြပြီး ” ကျွန်တော် တို့ ကမ်းပေါ် တက်လို့ ရပါ့မလား” လို့ လှမ်းနောက်တယ်။ ဆိုင်း ဘုတ်မှာ ရေးထားတာက ” တပ်ပိုင်မြေ၊ မကျူး ကျော်ရ” တဲ့။

အထုပ်အပိုးတွေ သယ်ပြီး ကမ်းပေါ် တက်၊ တဲကြီးတစ်လုံးမှာ ပစ္စည်းစုပုံ၊ အဝတ်အစားတွေ ချွတ်လဲ၊ ရေထဲပြန်ဆင်း ပြေးပြီး ရေကူးကြတယ်။
ရေက သာမန်ကမ်းခြေတွေထက် ပိုကြည်လင်ပြီး ပိုငန်တယ်။ အောက်ခြေ မှာ သဲနုန်း(ညိုညစ်ညစ်သဲနု)တွေ မရှိဘူး။ သဲလုံးကြမ်း ဖြူဖြူဝါဝါတွေ။ ကျွန်းအော်ကြီးထဲမှာဆိုတော့ လှိုင်းလဲ လုံးဝမရှိဘူး။ ရေအတက်အကျ ညက် ညောတယ်။ အော်ကြီးရဲ့ အရှေ့ဘက်၊ တောင်ဘက်နဲ့ အနောက်ဘက်တွေကို ကျွန်းနံရံ ပတ်လည် ဝိုင်းထားတယ်။ ၂ ဖာလုံပတ်လည်လောက်ကျယ်တဲ့ ရေကူး ကန် အကျယ်ကြီးထဲကူး နေရသလိုမျိုး။
ရေငုပ်မျက်မှန်ကို တစ်ယောက် တစ်လှည့်တပ်ပြီး ရေငုပ်ကြတယ်။ ကျောက်ဆောင်လေးတွေဆီသွားပြီး ကဏန်းနှိုက်ကြတယ်။ ပါတဲ့ဖုန်းတွေကို ရေလုံအိတ်ထဲထည့်ပြီး ရေအောက်ရှုခင်း တွေကို ရသလောက် ရိုက်ကြတယ်။ သန္တာကျောက်တန်းနုလေးတွေက ညို လဲ့လဲ့။
ငါးဖမ်းလှေငယ်လေးတစ်စီး ကမ်း ထဲကို ဆိုက်ဝင်လာပြီး ပိုက်မှာပါတဲ့ ငါးတွေ လာဖြုတ်တော့ သွားကြည့်ကြ တော့ တံငါသည်ကြီးတွေက ဂဏန်းတွေ ငါးတွေ ပေးတယ်။

ကိုဖိုးခွား ထမင်းစားဖို့အော်ခေါ်မှ ကမ်းပေါ်တက်ကြတယ်။ ရလာတဲ့ ကဏန်းတွေ ငါးတွေကို တဲပိုင်ရှင် လင်မယားက မီးဖုတ်ပေးနေတုန်း ကျွန်တော်တို့ကို ရေချိုသွားချိုးကြဖို့ လမ်းညွှန်တယ်။ ကမ်းခြေတဲတန်းကနေ တောဘက် နည်းနည်းဝင်တာနဲ့ တောင် ကျ ချောင်းငယ်လေးကို ကန်လိုပြန်ဆယ် ထားတဲ့ ရေကန်ကိုတွေ့ရတယ်။ တောအုပ်ကြီးက နေပြောက် မထိုးတော့ ရေက အေးအေးစိမ့်စိမ့်။ တစ်နွေလုံး မခန်းဘူးလို့ သိရတယ်။
တဲပြန်ရောက်တော့ လတ်ဆတ်တဲ့ ကဏန်းမီးဖုတ်နဲ့ ငါးပြုတ်နံ့သင်းပျံ့ပျံ့က ကြိုနေတယ်။ ပါလာတဲ့ ယာမကာ ပုလင်းတွေ ဖောက်ကြတယ်။ တဲရှင် အစ်မကြီး လက်စွမ်းပြထားတဲ့ ထားဝယ် အချဉ်ရည်ပူစပ်စပ်နဲ့ ကဏန်းတွေ ငါး တွေ တို့ကြမြည်းကြတယ်။
“ကျွန်းကိုလှေနဲ့ ပတ်ရဦးမှာမို့ အပြန်အတွက် နောက်ကျနေပြီ၊ ထမင်း စားကြတော့” လို့ ကိုဖိုးခွား ဆိုလာတော့ အားလုံးတိုင်ပင်ပြီး ဆုံးဖြတ်ချက်တစ်ခု ပြိုင်တူ ချလိုက်ကြတယ်။

” ညအိပ်ကြစို့..”

အိမ်ကို ဖုန်းဆက်ကြဖို့ ဖုန်းလိုင်း မမိဘူးဆိုတော့ တဲရှင်ဦးလေးက သူ့မှာ လိုင်းမိတဲ့ CDMA(ကမ်းရိုးတန်း)ဖုန်း ရှိသတဲ့။ ညနေစာအတွက် သူချက် ကျွေးမည်ဖြစ်ပြီး သောက်စရာတွေလည်း သူတို့ ရောင်းပေးနေတာပါတဲ့။
“ဟေး..” လို့ ဝိုင်းအော်ကြပြီး ပေါ့ပါးစွာ သောက်စား(မြည်း)ပြီးချိန်မှာ ကိုဖိုးခွားအိမ်က ချက်လာတဲ့ထမင်း၊ ဟင်းနဲ့ငါးကြော်ကို အားပါးတရ လွေးကြ ပါတယ်။ ထမင်းစားပြီး ခဏနားမှ ကျွန်း ပေါ်အော်(လေကွယ်ပြီး လှေဝင်လှေထွက် လွယ်တဲ့နေရာ)တွေမှာ အမည် တစ်ခုစီ ရှိကြောင်း သိရတယ်။ ဒီ အော်အမည်က ” ခါးပြတ်အော်” တဲ့။

ခရီးစဉ်မှာပါတဲ့ လိပ်ဥအများကြီး ဥတဲ့သောင်ကို နေ့လည် ၂ နာရီကျော်မှ လှေစထွက်တယ်။ ကျွန်းပတ်လမ်းတစ် လျှောက်မှာ ကျောက်နံရံတွေပဲ တွေ့ရပြီး ကျောက်နံရံတွေပေါ်က တောင်သွယ်တန်း တောအုပ်ကြီးကတော့ စိမ်းမို့နေတယ်။ ရွယ်စုံသစ်ပင်တွေက အုပ်အုပ်ဆိုင်းဆိုင်း။ ” မကျူးကျော်ရ” ဆိုင်းဘုတ်ကို ကျေးဇူး တင်ရမလိုလိုလို့ ကောက်ချက်ချမိတယ်။

” ဟိုမှာ မျောက်တွေဟေ့ မျောက်..၊ မျောက်”
လက်ညှိုးညွှန်ရာကို ဝိုင်းကြည့် ကြတော့ ကျွန်းနံရံ ကျောက်ဆောင်တွေ တဝိုက်မှာ လမ်းသလားနေတဲ့ မျောက် တစ်ကောင်၊ နောက်တစ်ကောင်..။ မျောက်အရွယ်စုံကို တစ်လမ်းလုံး ကြည့် ခွင့်ရခဲ့တယ်။ စိတ်ထဲမှာတော့ “မျောက် တံငါ” တွေလို့အမည် ပေးလိုက်တယ်။ အဲဒီ မျောက်တွေဟာ ရေအကျမှာ တင် ကျန်ခဲ့တဲ့ ငါးနဲ့ကဏန်းတွေ ရှာဖွေနေ တယ် ထင်လို့ပါ။

မိနစ် ၂၀ လောက် မောင်းပြီးချိန်မှာ လှေတွေ နားထားတဲ့ အော်တစ်ခုကို တွေ့ရတယ်။ အော်အမည် ဘယ်လိုခေါ်လဲ မေးကြည့်တော့ ” ထွန့်နပ်အော်” တဲ့။ အပြင်က ကြည့်ရသလောက်တော့ ခါးပြတ်အော်နဲ့ ပုံသဏ္ဌာန်တူပြီး နည်း နည်းငယ် ပုံရတယ်။
ထွန့်နပ်အော်နားကနေ မိနစ် ၂၀ လောက် ဆက်မောင်းတော့ လိပ်ဥ ဥတဲ့ ” သိုင်းအော်” ကို ရောက်တယ်။ ခါးပြတ် အော်ထက်ငယ်ပြီး တဲတစ်ဆောင်ကို တွေ့တယ်။ တဲနဘေးမှာ  ငါးလုပ်ငန်း ဦးစီဌာန ဆိုင်းဘုတ်တစ်ခု တွေ့တယ်။ ဆိုင်းဘုတ်မှာ ဒီကျွန်းအမည်ကို တွေ့ရ တယ်။ ဒေသခံတွေခေါ်သလို “လောင်း လုံးဘုတ် ” မဟုတ်ပါ။
“South Mascos Island, Longlone Township” တဲ့။ ငါးဦးစီး ကတော့” လောင်းလုံးမြို့နယ်၊ တောင် မော့စကော့ကျွန်း ” လို့ မြန်မာပြန်ထား တယ်။

တဲရှင်လင်မယားက ငါးဦးစီးက အလုပ်ခန့်ထားတဲ့ ကျွန်းနားရွာ တွေကပါ။ သူတို့တာဝန်က လိပ်ဥတွေကို လိုက်တူးပြီး ခြံဝင်းတွေထဲမှာ ပြန်မြှုပ်၊ သားပေါက်လာအောင်အထိ သေသေချာချာ ဂရုစိုက်စောင့် ရှောက်ရသတဲ့။
တဲနဲ့ကပ်ရက်မှာ လိပ်ဥမြှုပ်ထားတဲ့ ခြံဝင်းတစ်ခု ရှိနေတယ်။ လိပ်ဥအမလိုက် မြုပ်ထားတဲ့နေရာတွေကို သဲအရောင် တစ်မျိုးနဲ့ မှတ်ထားတယ်။ သားပေါက်လာရင် တိုးထွက်လာသတဲ့။ သူတို့က လိပ်ပေါက်စတွေကို ရေထဲလွှတ်ပြီး ဥခွံကို ငါးဦးစီးထံ တင်ပြရသ တဲ့။ သူတို့ အလုပ်အားချိန်မှာ ကင်းမွန် မြှုံးတွေချပုံရပါတယ်။ တဲနား မှာ ကင်းမွန်မြှုံးငယ်တွေ တွေ့ရတယ်။

တဲနဘေးမှာ ရေချိုချောင်းရိုးလေးရှိနေပြီး အေးမြမြမို့ ရေကူး ရေစိမ် ကြသေးတယ်။ အဲဒီ သိုင်းအော်ထဲက သဲခုံတန်းတစ်လျှောက် မှာတော့ လိပ်ဥတူးထားတဲ့ ကျင်းကြီးတွေ အများကြီး တွေ့ရတယ်။ သဲခုံအစွန်မှာတော့ ကြီးမား ထူထဲချောမွေ့ လှတဲ့ ကျောက်ပြားကြီးတွေကို တွေ့ရတယ်။ ကြီးတာမှ အဲလို ကျောက်ပြား ၃ ပြားလောက် ဆက် လိုက်တာနဲ့ စကိတ်ကွင်း တစ်ကွင်းစာ ကောင်းကောင်းရနိုင်တယ်။ အမြှောင်းလိုက်ဖြစ်နေတဲ့ ကျောက်ချောင်းရှည်ကြီးတွေကိုလည်း တွေ့ ရပါတယ်။

ဒီအော်မှာနှစ်စဉ် ပြာသိုလဆန်း ၁၂ ရက်နေ့ဆိုရင် လိပ်နတ်ပွဲတော် ကျင်းပသတဲ့။ အဲဒီနေ့မှာ နှစ်ချို့လိပ်ကြီးတွေအပါအဝင် လိပ်အရွယ် ပေါင်းစုံက အဲဒီသောင်ကမ်းပေါ် မပျက်မကွက်တက်လာလေ့ ရှိတယ် လို့ ဆိုတယ်။

မီဒီယာသမားလေးတွေ လိပ်ဥစောင့်တဲ့ မိသားစုကို အင်တာဗျူး အပြီးမှာ အဲဒီသိုင်းအော်က ခွာခဲ့တယ်။ အပြန်လမ်းတစ်လျှောက် မှာတော့ အရွယ်အစား၊ ပုံသဏ္ဌာန်မျိုးစုံပါဝင်တဲ့ ကျွန်းနံရံ ကျောက် ဆောင်တွေပေါ်မှာ မျောက်တံငါတွေက မပြတ်မလပ်။ညအိပ်တည်းခိုမယ့် ခါးပြတ် အော် ကို ပြန်ရောက်ချိန် ညနေ ၄ နာရီခွဲပဲ ရှိသေးတော့ ရေတစ်ဝကြီးကူးကြတယ်။ ဂဏန်းတွေ ဝိုင်း နှိုက်ကြတယ်။ ကျောက်ပန်းတွေ ခရုဆန်းဆန်းလေးတွေ ကောက်ကြ တယ်။

အနောက်ဘက်မှာ တောင်ကွယ်နေတော့ နေက စောစောဝင်တယ်။ မမှောင်ခင် ကမ်းပေါ်တက်၊ ရေချိုချိုးပြီး တဲရှင်ဆီက ဖုန်းငှား၊ အိမ်ကို အကြောင်း ကြားကြတယ်။ တဲရှင်ရောင်းတဲ့ ပုလင်းတွေ ဖောက်ကြ တယ်။ အမြည်းကတော့ လတ်ဆတ်လှတဲ့ ကဏန်းပြုတ်နဲ့ ငါးခြောက် ဖုတ်ဆီဆမ်းပါ။
လှေစီးရေငုပ်ထားတဲ့အတွက် ညစာ ထမင်းစားတော့ ဘယ်သူမှ တစ်ပန်း ကန်တည်းနဲ့ မပြီးပါဘူး။ တဲရှင် အစ်မကြီး လက်စွမ်းပြထားတဲ့ ငါးမရမ်းပြားချက် ချည်စူးစူးလေးကလည်း ထမင်းဝိုင်းကို ရှုးရှဲလိုက်စေ ပါတယ်။ တနင်္သာရီသတင်းထောက် ကိုရဲထွဋ်က ငါးပိထောင်းနဲ့ ဟင်းရည် လိုက်တယ်ဆိုပြီး တစ်ပန်းကန် ထပ်နယ်လိုက်ပါသေးတယ်။

ညကျတော့ သဲခုံမှာ မီးပုံပြီး ထိုင်ကြတယ်။ စကားဖောင်ဖွဲ့ကြ တယ်။ လိုင်းမမိတဲ့ ဖုန်းလေးတွေကို သီချင်းဖွင့် လိုက်ဆိုကြတယ်။ ကြယ်မစုံတဲ့ကောင်း ကင်က မကြာခင်မှာ လကိုခေါ်လာတယ်။ ဒီဇင်ဘာ ညလရောင်အောက်မှာ သဲခုံပေါ် ကျောချပြီးကြယ်တွေကို ဖတ်ကြတယ်။ အော်ငယ်လေးတစ်ခုထဲ အိပ်ပြီး ကောင်းကင်ကို ပက်လက်လှန်ကြည့် ရတာက စည်ပိုင်းကွဲကြီးထဲကနေ အပြင်ကို ကြည့်နေရသလိုမျိုး..။

ကမ်းခြေတစ်လျှောက် မရေတွက်နိုင်တဲ့ကဏန်း (ဒေသအခေါ် ကဏန်းပြေးစိုင်း)တွေ ထွက်လာပြီး ဟိုသည်ပြေး မြူးနေကြတယ်။ တစ်ချို့က လိုက်ရိုက်ပြီး မီးဖုတ်စားပေမယ့် သဲခုံတန်းတွင်းတွေထဲ က တိုးထွက်လာကြတဲ့ ကဏန်းတွေက လျှော့မသွားဘူး။ လူကိုလည်း မစိမ်း၊ မီးကိုလည်း မကြောက်။
တဲရှင်ငှားတဲ့ ဖျာတွေကို သဲခုံမှာခင်းပြီး မီးပုံ ပတ်ပတ်လည် အိပ် ကြတော့ ဂဏန်းကြောက်သူတွေက တဲပေါ် တက် အိပ်ကြတယ်။ အိပ်ချိန်မှာ အဲဒီဂဏန်းတွေ အတော်ကို ဒုက္ခပေးပါတယ်။ လူကို ဝင် တိုက်တယ်။ ကိုယ်ပေါ် ကျော်တက်တယ်။ မီးပုံကိုတောင် ဝင်တိုးပါ တယ်။ ကိုရဲထွဋ်ကတော့ ခြေထောက်ကို အညှပ်ခံရတယ် ပြောပါတယ်။ ဒဏ်ရာတော့ မပြနိုင်ပါ။

ကြက်အိပ်ကြက်နိုးဆိုပေမယ့်..၊ ကျွန်းတစ်ကျွန်းရဲ့ ဒီဇင်ဘာညကို သဲခုံပေါ် အိပ်စက်ဖြတ်သန်းအပြီးမှာ လန်းဆန်းစွာ နိုးထနိုင်ခဲ့ကြပါ တယ်။ ကျွန်းတစ်ကျွန်းရဲ့ ဆိတ်ငြိမ်တဲ့ နံနက် ခင်း အလှတရားကို လှည့်ပတ်ခံစားရင်း အမှတ်တရဓာတ်ပုံတွေ တွဲရိုက်ကြပါတယ်။ ကျောက်တန်းတွေကို လေ့လာကြပါတယ်။
အော်ထဲက အစ်မကြီးတွေ နှုတ်ဆက်ရင်း ကျွန်းထွက် ငါးအချို ခြောက်တွေ၊ ငိုချဉ်ဗူးတွေ ဝယ်ကြပါတယ်။ (” ငိုချဉ်” ဆိုတာက ကျောက်မှာ စုပ်ခွက်နဲ့တွယ်ကပ်နေတတ်တဲ့ အမွှေးထူ ပင်လယ်မျှော့ တစ်မျိုးကို အသားနွှာပြီး ထမင်းနဲ့ အချဉ်သိတ်ထားတာပါ။)
” ပြန်ကြစို့ဟေ့.”

လှေငယ်က နေရောင် နုနုအောက်ကို စတင်ထွက်ခွာလာတယ်။ ကျွန်းသူ ကျွန်းသားတွေရဲ့ ဖြူစင်တဲ့ ဖော်ရွေမှုကို မီဒီယာလေးတွေက သူတစ်မျိုးငါတစ်ဖုံ အသိအမှတ်ပြုရင်း တစ်နေ့နေ့မှာ ဒီကျွန်းကို တစ်ခါတစ်ခေါက် အရောက် ပြန်လာကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ဟုတ်ကဲ့..၊ တခြားနေရာတွေမှာ ခန်းခြောက်ရှားပါးလာတဲ့ သက်ရှိသက်မဲ့ သဘာဝတရားတွေကို မော့စကော့ခေါ် လောင်းလုံး ဘုတ်ကျွန်းမှာ ရနိုင်ဆဲလို့ ညွှန်းဆိုချင်ပါတယ်။