မြိတ်တွင် အုတ်ဖုတ်လုပ်ငန်းခွင် အတွင်း ရွံ့မြေတူးရာမှ ဗုံးသီးဟောင်းများ တွေ့ရှိ

0
622

မြိတ်တွင် ပြီးခဲ့သည့် ရက်ပိုင်းက စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေပေးကျေးရွာရှိ အုတ်ဖုတ်လုပ်ငန်းခွင်အတွင်း အလုပ် သမားများ ရွံ့မြေတူးဖော်ရာမှ ဗုံးသီး ဟောင်းများကို တွေ့ရှိခဲ့ကြောင်း အလုပ် သမားများထံမှ သိရှိရသည်။

old_bomb_myeik
စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေပေး ကျေးရွာ အနောက်ဖက် ၁ မိုင်ခန့် အကွာ တွင် ဒီဇင်ဘာလ ၈ရက် နံနက် ၁၁ နာရီခန့်က အုတ်ဖုတ် လုပ်ငန်းခွင်အတွင်း အလုပ်သမားများ သံတူရွင်းပြားဖြင့် ရွံ့မြေများ တူးဖော်နေရာမှ အဖြူရောင် ဆာလာအိတ်ဖြင့်ထည့်ထားသည့် ဗုံးသီး ဟောင်းများကို စတွေ့ခဲ့ခြင်းဖြစ်ကြောင်း အုတ်ဖိုပိုင်ရှင်ဖြစ်သူ ဦးထွန်းထွန်းက ရှင်းပြသည်။

အဆိုပါ အုတ်ဖုတ်လုပ်ငန်း ဓနိ တောမြေနေရာကို လွန်ခဲ့သော ၃နှစ်ခန့် က စတင်ခဲ့ပြီး ယင်းမြေနေရာသည် ယခင် က မွန်ငြိမ်းချမ်း ရေးအဖွဲ့ပိုင် မြေနေရာ တစ်ခုဖြစ်ကြောင်း ဦးထွန်းထွန်းက ပြောကြားသည်။

ယင်းဗုံးသီးများကို သက်ဆိုင်ရာသို့ ချက်ခြင်း အကြောင်းကြားပြီး ပေးအပ် ခဲ့ကြောင်း ၎င်းက ပြောသည်။
ရွံ့မြေတူးရာမှ တွေ့ရှိသည့် လက်နက်ခဲယမ်းများဖြစ်သော ၆၀ မမ စိန်ပြောင်း BA ၈၂ ဗုံးသီး(၂၀) လုံး၊ ၈၁လက်ပစ်ဗုံးစနက်တံမပါ သံချေး တက်နေသည့် ဗုံး ၂ လုံးနှင့် နှစ်လုံးပြူး လက်လုပ်သေနတ် ၁လက်တို့ကို စစ်မြေ ပြင်အင်ဂျင်နီယာ တပ်ရင်း(၉၁၈) မှ သိမ်းဆည်းသွားခဲ့ကြောင်း ကျွဲကူး ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦး ပြောသည်။