နေရာ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

တစ်လောက နတ်သမီးရေတွင်း ကျွန်းသို့ သွားလည်ဖြစ်သည်။
ယင်းကျွန်းခရီးစဉ်ကို ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လုပ်နေသည့် သူငယ်ချင်း ကျွန်တော့်မိတ်ဆွေက သူ့ခရီးသွားဝန်ဆောင်မှု လုပ်ငန်းကို ပရိုမိုးရှင်းလုပ်သည့်အနေနှင့် ကျွန်တော် တို့ကို သူ့ကျွန်းပေါ်သို့ အခမဲ့ ပို့ဆောင် ပေးပါသည်။ ထိုစဉ်က သူ့မှာ စပိဒ်ဘုတ် မဝယ်ရသေးဘဲ တစ်နာရီ ၈မိုင်ခန့်သာ အသွားနှုန်းရှိသော သစ်ခွံ လှေကလေး သာရှိသောကြောင့် ထိုလှေဖြင့် ကျွန်တော် တို့ကို ပို့ဆောင်ပေးပါသည်။

အဆိုပါ လှေကလေးမှာ ပေ ၄၀ ကျော်ရှည်ပြီး လှေဝမ်းတွင် ဆက်တီ နှစ်စုံနှင့် လှေပဲ့တွင် ထိုင်ခုံနှစ်တန်း ပါရှိ ပါသည်။ ဆက်တီ တစ်စုံမှာ ခုံတန်းရှည် နှစ်တန်း ခင်းကျင်းပေးထားပြီး ခုံတန်း တစ်တန်းမှာ လူသုံးဦး ချောင်ချောင်ချိချိ ထိုင်နိုင်ပါသည်။ လှေပဲ့ပိုင်း တွင် ခုံတန်း နှစ်တန်းရှိပြီး တစ်တန်းမှာ လူလေးဦး ထိုင်ဆံ့ပါသည်။ ထိုနေ့က ကျွန်တော်တို့ စုစုပေါင်း အယောက်နှစ်ဆယ်ခန့် လိုက် ပါခဲ့ကြပါသည်။ ခရီးသည်နှင့် နေရာ ကွက်တိမို့ အားလုံး မိမိ ပိုင်ဆိုင်သော နေရာမှာ စာဖတ်သူကဖတ်၊ ဂိမ်းကစား သူက ကစား၊ ပတ်ဝန်းကျင်ကို ငေးသူက ငေး၊ စကားဝိုင်း ဖွဲ့သူကဖွဲ့၊ ငိုက်မျဉ်း သူက ငိုက်မျဉ်းနှင့် လှေကလေး၏ နှလုံး ခုန်သံမှာ စည်းချက်မှန်လှပေသည်။

သို့သော် ခုတ်မောင်းချိန် နှစ်နာရီ လောက် ကြာမြင့်လာသောအခါ တချို့က အညောင်းအညာ ဆန့်ရင်း၊ လေကောင်း လေသန့်ရှူရှိုက်ရင်း လှေပဲ့ပိုင်းသို့ ရောက် ရှိသွားကြသလိုတချို့က လှေဦးပိုင်းသို့ ထွက်ပြီး ပတ်ဝန်းကျင်ရှိ ကျွန်းများ၊ ဒီရေ တောများ၊ တံငါလှေလေးများကို ကင်မရာ ကိုယ်စီဖြင့် တဖျတ်ဖျတ် မှတ်တမ်းတင် ရိုက်ကူးကြလေသည်။

ထိုအချိန်တွင် အများတကာလို လေကောင်းလေသန့်လည်းမရှူ၊ အညောင်း အညာလည်းမဆန့်၊ ဓာတ်ပုံလည်း မရိုက် သူလေးဦး ရှိလေသည်။ သူတို့ကား ယာယီပိုင်ရှင်မဲ့သွားသော ခုံတန်းရှည် များပေါ်တွင် ကျောခင်းကြလေသည်။ တချို့က ကျောပိုးအိတ်ကို ခေါင်းအုံးလုပ် ပြီး စိတ်လက်ပေါ့ပါးစွာ အိပ်စက်ကြ လေသည်။ ထိုကြောင့် လူ ၁၂ ဦး ထိုင် ဆန့်သော ခုံတန်းရှည် လေးတန်းမှာ သူတို့လေးဦးကိုသာ ကျောပိုး သယ် ဆောင် ခွင့် ရလေတော့သည်။ ကျန်ရှစ်ဦး မှာ တစ်လှေတည်းစီး တစ်ခရီးတည်း သွား သူချင်းမို့ ပြောရမှာအားနာသလို အလိုက် တသိနှင့် လဲလျောင်းနေရာမှ ထထိုင်လေ မလားဟု မျှော်လင့်ချက်နှင့် ကွက်ကြည့် ကွက်ကြည့် လုပ်လိုက်၊ သက်ပြင်းချလိုက်၊ လှေဦးထွက်ရပ်လိုက်၊ လှေပဲ့ပိုင်းမှာ လာ စကားပြောလိုက်နှင့် စိတ်မသက်မသာ ဖြစ်လျက် ရှိကြလေသည်။
place_soenge
လောကမှာ လူတိုင်းအတွက် မိမိနှင့် ထိုက်တန်သော နေရာ တစ်နေရာ ရှိစမြဲ ပင်။ မိမိကြိုးစားမှု အလျောက် ပိုင်ဆိုင် ခွင့်ရသော နေရာမှာ လမ်းဘေးတွင် ဖြစ် ကောင်းဖြစ်မည်။ အဲကွန်းအခန်းထဲမှာ ဖြစ်ကောင်း ဖြစ်မည်။ ဘတ်စ်ကားပေါ် မှာ ဖြစ်ကောင်း ဖြစ်မည်။ ဇိမ်ခံကား ကြီး ပေါ်မှာ ဖြစ်ကောင်း ဖြစ်မည်။ သို့ သော် နေရာတစ်နေရာတော့ အခိုင်အမာ ရှိပါ သည်။ ထို့အတူ ရုပ်ရှင်ရုံထဲမှာ ဖြစ်စေ၊ ရထားပေါ်မှာ ဖြစ်စေ၊ ခရီးသည် တင် ကားတစ်စီးပေါ်မှာဖြစ်စေ၊ လေယာဉ်ပေါ် မှာဖြစ်စေ မိမိအတွက် နေရာတစ်နေရာ (သို့) ထိုင်ခုံတစ်ခုံတော့ အသေအချာ ရှိပေလိမ့်မည်။ သို့သော် တချို့သော သူ တို့သည် မိမိ ပိုင်ဆိုင်ခွင့်ရှိသော နေရာ အပြင် သူတစ်ပါးနေရာကိုပါ လောဘ တကြီး ဝင်ရောက် ယူတတ်ကြလေသည်။ တစ်ခါတရံစည်းမျဉ်း စည်းကမ်းအရ မိမိပိုင်ဆိုင်ခွင့်ရှိသော နေရာဟု တရားဝင် သတ်မှတ်ပေးမထားပေမယ့် အများ ပြည်သူနှင့် သက်ဆိုင်သော နေရာများ တွင် ကိုယ့်အသိနှင့်ကိုယ် စောင့်စည်း အပ်သော လူ့ကျင့်ဝတ်ကို ချိုးဖောက်ပြီး တစ်ကိုယ်စာထက် ပိုနေရာ ယူချင်တတ် သူများကို တွေ့တိုင်းပုဂ္ဂိုလ်ထူး တချို့ကို အလိုလို သတိရမိပါသည်။

အစ္စရေးနိုင်ငံစတင် တည်ထောင် သောအခါ ဒေးဗစ်ဘင်ဂူရီယန်က ဂျူးလူ မျိုး တစ်ဦးဖြစ်သူ အိုင်းစတိုင်းအား အစ္စ ရေးဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ရန် ကမ်းလှမ်းခဲ့ပေမယ့်အိုင်းစတိုင်းက မိမိ သည် ရူပဗေဒသမားတစ်ဦးသာ ဖြစ်သော ကြောင့်တိုင်းပြည်အုပ်ချုပ်ရေးတွင် မကျွမ်း ကျင်ဟုဆိုကာ ဝန်ကြီးချုပ်ရာထူးကို ငြင်းပယ်ခဲ့လေသည်။ နေရာပေးသူက ပေးပေမယ့် ထိုနေရာသည်မိမိနှင့် မအပ် စပ်မှန်း သိသောကြောင့် ငြင်းပယ်သူက ငြင်းပယ်ခဲ့လေသည်။
ထို့အပြင် ကျွန်တော်တို့ မြန်မာ ရာဇဝင်၌လည်း မမျှော်လင့်ဘဲမင်းအဖြစ် ရရှိခဲ့ပေမယ့် မိမိနှင့်မအပ်စပ်မှန်း သိ သောကြောင့် ထီးနန်းစည်းစိမ်ကို ငြင်း ပယ်ခဲ့သော ပုဂ္ဂိုလ်ထူးလေးဦးရှိခဲ့ဖူးပါသည်။ တိုက်တိုက်ဆိုင်ဆိုင် အဆိုပါ ပုဂ္ဂိုလ်လေးဦးစလုံးမှာ အင်းဝခေတ်၌ ပေါ်ထွန်းခဲ့လေသည်။

ရမည်းသင်းစား သီလ၀မှာ သတိုး မင်းဖျား၏ စစ်ဗိုလ်ချုပ် တစ်ဦး ဖြစ်လေ သည်။ တစ်နေ့သောအခါ သတိုးမင်းဖျား သည် စကုစလင်းဘက်သို့ စစ်တိုက် ထွက်ရင်းလမ်းမှာ ကျောက်ရောဂါဖြင့် နတ်ရွာစံခဲ့လေသည်။ ထိုအခါ မှူးမတ် များက သီလ၀အားမင်းပြုရန် တိုက်တွန်း ကြလေသည်။ သို့သော် ရမည်းသင်းစား သီလ၀က မိမိသည် စကားနည်းသူဖြစ် သောကြောင့် မင်းလုပ်ရန် အရည်အချင်း နှင့် မပြည့်စုံဟု ငြင်းပယ်ကာ သတိုးမင်း ဖျား၏ ယောက်ဖတော် အမြင့်မင်း တရာ့ ဖျား(စော်ကဲ)ကို မင်းအဖြစ်တင် မြှောက် ပေးခဲ့ပါသည်။ ထိုကြောင့် ” မရွယ်ဘဲ စော်ကဲမင်းဖြစ်” ဟူသော စကားပုံ ပေါ် ပေါက်လာရခြင်း ဖြစ်ပါသည်။
မင်းအဖြစ်ကို ရရှိခဲ့ပေမယ့် ငြင်း ပယ်ခဲ့သူ နောက်တစ်ဦးမှာ သီဟပတေ့ ဖြစ်ပါသည်။ အဝတွင် မင်းရဲကျော်စွာ နတ်ရွာစံချိန်၌ နေပြည်တော်တွင် ထီးနန်း ဆက်ခံသူ မရှိပေ။ ထိုကြောင့် မှူးမတ်များ တိုင်ပင်ကြပြီး မင်းကြီး၏ သားမက်တော် သီဟပတေ့ကိုမင်းပြုရန် လျှောက်ထား ကြပါသည်။ သို့သော် သီဟပတေ့က မိမိသည် မင်းညီမင်းသားတစ်ပါး မဟုတ် သောကြောင့် မင်းပြုရန်မသင့်။ တကယ် တမ်း မင်းဖြစ်သင့်သူမှာ မင်းကြီး၏ သား တော်ပြည်မင်းသီဟသူသာဖြစ်ကြောင်း ညွှန်ပြခဲ့လေသည်။ ထိုကြောင့် သီဟသူ သည် အဝထီးနန်းကို ဆက်ခံခဲ့ရလေ သည်။

နောက်တစ်ဦးမှာ မင်းကြီးရန်နောင် ဖြစ်ပါသည်။ မင်းကြီးရန်နောင်သည် ရှမ်းမင်း သိုဟန်ဘွား လက်အောက်တွင် အမှုထမ်းနေသော ဗမာမှူးမတ်တစ်ဦး ဖြစ်ပါသည်။ မင်းကြီး သိုဟန်ဘွားသည် သာသနာတော်ကို မကြည်ညိုသလို ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီးများကိုလည်း မယုံကြည်ပေ။ ထို့အပြင် စေတီပုထိုး များကိုလည်း မြန်မာတို့ ပစ္စည်းသိုလှောင် ရာနေရာဟုဆိုကာ ဌာပနာများကို ဖောက် ယူသလို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ကိုလည်း သူ့ကို ပုန်ကန်မည့်သူဟု သဘောထားကာ သတ်ဖြတ်ခဲ့လေသည်။ ထိုကြောင့် မင်းကြီးရန်နောင်က မင်းဆိုး မင်းညစ်သိုဟန်ဘွားကိုလုပ်ကြံ သတ် ဖြတ်ခဲ့ပါသည်။ မင်းကို လုပ်ကြံသတ် ဖြတ်နိုင်သူက မင်းဖြစ်ခွင့်ရသော ဘုရင် စနစ်၏ ထုံးတမ်းအစဉ်အလာအတိုင်း မင်းကြီးရန်နောင် မင်းဖြစ်ခွင့် ရရှိခဲ့ပေမယ့်ရှမ်းလူမျိုးတစ်ဦးဖြစ်သူ အုန်းပေါင် ခုန်မှိုင်းကို မင်းအဖြစ် တင်မြှောက်ပေးခဲ့ လေသည်။

မင်းဧကရာဇ်အဖြစ် ရရှိခဲ့ပေမယ့် ငြင်းပယ်ခဲ့သူ နောက်တစ်ဦးမှာ လက်ျာ ဗိုလ်ဖြစ်ပါသည်။ လက်ျာဗိုလ်သည် ဟံသာဝတီမင်းဆင်ကျားရှင်ထံ အမှုထမ်း နေသော ဗမာအမတ်တစ်ဦး ဖြစ်ပါသည်။ ဆင်ကျားရှင်သည် ဟံသာဝတီ မှူးမတ် များနှင့် အဆင်မပြေသဖြင့် ဇင်းမယ်သို့ ထွက်ခွာသွားရာ ဟံသာဝတီတွင် မင်း လစ်လပ်လျက် ရှိလေသည်။ ထိုအခါ မှူးမတ်များက လက်ျာဗိုလ်ကို မင်း မြှောက်ပေမယ့် လက်ျာဗိုလ်က မိမိ၌ မင်းဖြစ်နိုင်သော အရည်အချင်း မရှိဘဲ နောက်လိုက် အမှုထမ်း အတတ်သာ တတ်မြောက်သောကြောင့် မင်းမဖြစ် ထိုက်ကြောင်း ငြင်းဆိုကာ မွန်လူမျိုး ဗညားဒလကို မင်းအဖြစ် တင်မြှောက် ခဲ့လေသည်။

အဆိုပါ ပုဂ္ဂိုလ်များမှာ တစ်ဖက် သားက ထီးနန်းစည်းစိမ်ကို ကြည်ကြည် ဖြူဖြူ ပေးအပ်လာတာတောင် မိမိနှင့် မအပ်စပ်မှန်း သိသောကြောင့် ငြင်းပယ် ရဲသော၊ကြီးမြတ်သော နှလုံးသား ပိုင်ရှင် များ ဖြစ်ကြလေသည်။ တစ်နည်း ပြောရ လျှင် မိမိ မရသင့် မရထိုက်သော “နေရာ” ကို စွန့်ရက်ရဲသော အာဂသတ္တိခဲများ ဖြစ်ကြလေသည်။

ထိုနေ့က နတ်သမီးရေတွင်းကျွန်းသို့ သွားသော ခရီးစဉ်တစ်လျှောက် ကျွန် တော့်အတွေးထဲ မေးခွန်းများ အလု အယက် တိုးဝှေ့ဝင်ရောက်လာပါသည်။
တချို့သော သူတို့သည် သူတစ်ပါး ပိုင်ဆိုင်သော နေရာကို အဘယ်သို့သော လိပ်ပြာဖြင့် အဓမ္မသိမ်းပိုက်ယူငင် ခဲ့ကြ ပါသလဲ။ ဥပဒေဖြင့်တရားဝင် ပြဋ္ဌာန်း ထားခြင်း မရှိသော လူ့ကျင့်ဝတ် ဆိုတာ ဘာလဲ။

ထို့အပြင် လူကြီး လူကောင်းတစ်ဦး ၏စိတ်နေစိတ်ထားဆိုတာ ဘာကို ဆိုလို ပါသလဲ။
မေးခွန်းပေါင်းများစွာက ကျွန်တော့် အတွေးကိုတံခါးလာခေါက်နေပါတယ်။