ကြွက်တစ်ကောင် အမှိုက်တစ်စ နှင့် နွားနို့ ပုံပြင်

0
598

အခန်းထဲရောက်နေတဲ့ ကြွက် ပေါက်စတစ်ကောင်ကြောင့် စိတ်အနှောင့် အယှက်ဖြစ်နေရတဲ့ ရက်ပိုင်းမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ဒေါ်အောင် ဆန်းစုကြည်နဲ့ အနိုင်ရ NLD အနိုင်ရ အမတ်လောင်းများ တွေ့ဆုံပွဲအပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားနဲ့ အမှိုက် ကိစ္စကလည်း သတင်းစာမျက်နှာ တွေမှာ ရော လူမှုကွန်ရက်တွေမှာပါ ဆက်တိုက် ဆိုသလို တွေ့လာရပါတယ်။

အဲဒီစေ့ဆော်မှုတွေက ကြွက်တစ် ကောင်အကြောင်း၊ အမှိုက်တစ်စ အကြောင်းနဲ့ ဆက်စပ်ပြီး ရေးဖို့ ဖန်လာ ပါတယ်။
ကျွန်တော်တို့ လင်မယားနေတဲ့ အခန်းမှာ မကြာခဏဆိုသလို ကြွက် ပေါက်စလေးတွေ ရောက်လာတတ် ပါတယ်။ အိမ်မှာ ကြွက်နှိမ်နှင်းရေး မကြာခဏ လုပ်လေ့ရှိပေမယ့် ဘယ်က ရောက်လာမှန်းမသိ ရောက်ရောက် လာတတ်ပါတယ်။ ကြည့်ရတာ တိုက်တစ် တိုက်တည်းဖြစ်တဲ့အတွက် တစ်ခန်းကနေ တစ်ခန်း ကူးချည်သန်းချည် လုပ်နေကြ တယ် ထင်ရဲ့။

ဒီလိုပဲ အခန်းထဲ ကြွက်သေးသေး လေးရောက်လာပြီဆိုရင် နှင်လိုက်၊ ခြောက် လိုက်နဲ့ မေ့မေ့ပျောက်ပျောက်နေလေ့ရှိပါ တယ်။ ခြောက်လှန့်လိုက်တဲ့အခါတိုင်း အဲဒီကြွက်သေးသေးလေးက ကုတင်အခင်း ဘောင်ရဲ့သံပိုက်ထဲမှာ ဝင်ပုန်းလိုက် အဝတ်ဘီဒို အနောက်ဘက်သွားပြီး ပုန်း လိုက်နဲ့ပေါ့။
အဲလိုပဲ မေ့မေ့ပျောက်ပျောက် နေ လာတာ တစ်နေ့တော့ ညနက်သန်း ခေါင်ကျော် အိပ်မောကျနေတဲ့ လင်မယား နှစ်ယောက် ခြင်ထောင်ထဲ ရောက်လာပြီး ပတ်ပြေးလိုက် ဘယ်အောက်မှာမှန်း မသိပုန်းလိုက်၊ တစ်ခါ တစ်မေ့လောက် ကြာ ပြန်အိပ်ပျော် ခါနီးဆိုရင် ထပြေး လိုက်နဲ့ ခဏခဏ လန့်နိုးလို့ အိပ်မရ တော့။
အဲဒီရက်ပိုင်းမှာပဲ အဝတ်ဗီဒိုထဲမှာ ထူးထူးခြားခြား အနံ့တစ်ခုရပြန်ပါတယ်။ သေသေချာချာ သတိထား အနံ့ကြည့် တော့ ကြွက်သေးနံ့။
ပြန်စစ်ကြည့်တော့ ဗီဒို အနောက် ဘက် အပေါ်ပိုင်းလေးမှာ အထိန်းဘောင် လွတ်ပြီး နည်းနည်းလေးဟနေတယ်။ ကြည့်ရတာ အဲဒီအဟသေးသေးလေး ကနေဝင်ပြီး မွှေထားပုံပါပဲ။
a_rubbish_milk_story
ဒီအထိလည်း အလုပ်များတာကို အကြောင်းပြပြီး လင်မယား နှစ်ယောက် သား ကြွက်ရှင်းလင်းရေး၊ ဗီဒိုပြန်စိရေး၊ သံပိုက်ခေါင်း ပိတ်ရေးကို နေ့ရွှေ့ညရွှေ့။
သုံးပတ်လောက် အကြာမှာတော့ အဝတ်ဗီဒိုထဲက ပွဲတက် လုံချည်တွေ၊ တိုက်ပုံတွေ သိမ်းထားတဲ့ ဗီဒိုအထပ်ကို ကြွက်မွှေထားတာကို တွေ့လိုက်ပါတယ်။ ပေပွနေ တဲ့ တိုက်ပုံတွေ၊ အင်္ကျီအဖြူတွေ၊ ကြွက်ကိုက်ထားတဲ့ အဝတ်စတွေကို မြင်ချိန်မှာတော့ ခရီးသွားဖို့ အချိန်ကပ်နေ ပေမယ့် လုပ်မှဖြစ်မယ်ဆိုပြီး ကုတင် အောက်က သံပေါက်ကို ပိတ်တာက ၁ မိနစ်၊ ဗီဒို အဟကို ပြန်စိတာက မိနစ် ၂၀ အချိန် ပေးလိုက်ပါတယ်။

ဒါပေမယ့် ကြိုက်လှချည်ရဲ့ဆိုတဲ့ အင်္ကျီတစ်ထည်ထောင့်စွန်းကို ကြွက် ကိုက်ထားပြီးပြီ။ ကြွက်ဝင်ဆော့ထားတဲ့ အိပ်ခန်းဆောင် ပစ္စည်းတွေထားတဲ့ အထပ်နဲ့ပွဲနေ အဝတ်တွေထားတဲ့ အထပ် က ပေကျံနေတဲ့ အဝတ်တွေကို အားလုံး ယူထုတ်ပြီး လျှော်ဖွတ်လိုက်ရပါတယ်။
အခြားအဝတ်များကို မကိုက်၍ တော်သေးရဲ့။ ကိုက်များကိုက်ရင် ဆုံးရှုံး မှုက သိန်းဂဏန်းနား ကပ်မှာ။ မင်္ဂလာ ဆောင်တုန်းက ဝတ်တဲ့ လုံချည်ကို ကိုက် ရင် အဲဒီကြွက် သမိုင်းတရားခံ စစ်စစ် ထပ်ဖြစ်မယ်။
ဒီဖြစ်ရပ်က ကိုယ့်ကိုကိုယ် မေးခွန်း ထုတ်စရာတွေ ပေါ်လာပါတယ်။

အစကတည်းကသာ . . . . . .
၁) ကြွက်ကိုသာ တွေ့တွေ့ချင်း အပြီး ရှင်းလိုက်လျှင်
၂) ကြွက်ခိုတတ်သည့် ကုတင် အောက်က သံပိုက်ခေါင်းကို ပိတ်ဖို့ ၁ မိနစ် အချိန်ပေးလိုက်လျှင်
၃) ဟနေတဲ့ ဗီဒိုကို နေသားတကျ ပြန်စိဖို့ မိနစ် ၂၀ အချိန်ပေးခဲ့လျှင်
၎) အခြားခန်းကနေ ကြွက်ကူးလာ လောက်တဲ့ အခင်းအကျင်း (ပုံမှန် စွန့်ပစ် နေသော်လည်း မလုံခြုံတဲ့ စားကြွင်းပုံး၊ အမှိုက်ပုံးတွေ)သာ မရှိရင်
ချက်ချင်းရှင်း၊ အခင်းအကျင်း၊ ၁ မိနစ်၊ မိနစ် ၂၀ အဲဒီစကားလုံးတွေကို အထပ်ထပ် ပြန်ကြားပြီး ဘ၀ရဲ့ တချို့ အစိတ်အပိုင်းတွေမှာ သေးသေးလေးလို့ ထင်ပြီး သတိမမူလိုက်လို့ ကြီးကြီးမားမား ဆုံးရှုံးခဲ့ရတာတွေ၊ အဲလို ကြုံခဲ့တဲ့ မိတ် ဆွေတွေ အကြောင်းက ခေါင်းထဲ ရောက် လာပါတယ်။ ပြီးတော့ ရခိုင်အရေးအပါ အဝင် တိုင်းပြည်မှာ ကြုံရတဲ့ ကြီးမားတဲ့ အရေးအခင်းတွေ၊ ဆုံးရှုံးမှုတွေရဲ့အစ ဖြစ်ရပ် သေးသေးလေးတွေကိုလည်း မြင် ယောင်လာပါတယ်။

တစ်ဆက်တည်းမှာပဲ ဒေါ်အောင် ဆန်းစုကြည် ပြောတဲ့ အမှိုက်ကိစ္စကိုလည်း တွေးနေမိပြန်ပါတယ်။ အမှိုက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပြီဆိုရင် စည်ပင်နဲ့ ပြည်သူအပြန်အလှန် သူ့ကြောင့် ကိုယ့် ကြောင့်ပြောရင်း အဖြေက မထွက်။ ရေးသားပြောဆို ထောက်ပြသူတွေလည်း လက်ညောင်းအသံပြာ။
ရန်ကုန်လို ကြီးကြီးမားမား မဟုတ် ပေမယ့် နယ်မြို့ငယ်လေးတွေမှာလဲ မိုးရာသီဆိုရင် ရေကြီးရေလျှံ မြောင်းပိတ် တဲ့ ပြဿနာက တစ်နှစ်ထက် တစ်နှစ် ဆိုးလာပါတယ်။ ကိုယ့်အိမ်ရှေ့မြောင်းကိုယ်ရှင်းတဲ့ ဓလေ့၊ စုပေါင်းလမ်းပြင် မြောင်းတူးတဲ့ ဓလေ့တွေ ပပျောက်သွား တာကလည်း အကြောင်းအရင်းခံတွေ ထဲက တစ်ခုပါပဲ။

စည်ပင်သာယာရဲ့ စွမ်းဆောင်ရည် အပိုင်းနှင့် ပတ်သက်ပြီးအပ်ကြောင်း ထပ်နေပြီဖြစ်လို့ မဝေဖန်လိုတော့။ ဒီနေရာမှာ လူတစ်ဦးချင်းစီ အနေနဲ့ အမှိုက်ပစ်တဲ့ အမူအကျင့်နဲ့ ပတ်သက် ပြီးသာ ဆွေးနွေးလိုပါတယ်။

မြောင်းတွေထဲမှာ ပိတ်ဆို့နေတဲ့ အမှိုက်တွေရဲ့ လာရာ အစကို ပြန်ကောက် ရင် လူတစ်ဦးချင်းစီဆီက လာတာပါ။ တစ်နည်းပြန် တွေးမယ်ဆိုရင် မြို့ အကြီးအသေးအလိုက် နှစ်စဉ် မြောင်းပိတ် ရေလျှံလို့ ဆုံးရှုံးသွားတဲ့ ကျပ်သိန်းပေါင်း သန်းပေါင်း များစွာရဲ့ လက်သည်ဟာ လူတစ်ဦးချင်းစီရဲ့ အမှိုက်တစ်စချင်းစီပါ။
အမှိုက်ကိစ္စနဲ့ ဆက်စပ်ပြီး လူကျင့် ဝတ်ဆိုင်ရာ ကိစ္စများကိုလည်း ချိန်ထိုး နှိုင်းဆနိုင်ပါတယ်။
လူတစ်ဦးချင်းစီက ကိုယ်နေတဲ့ အခန်း ကိုယ်မရှင်း၊ ကိုယ်စားတဲ့ အမှိုက် ကိုယ်မပစ်၊ ကိုယ့်တက်တဲ့ အိမ်သာကိုယ် မဆေး၊ စသဖြင့် တစ်ခုခုလုပ်လေ့ ရှိနေပြီ ဆိုရင် ယေဘုယျအားဖြင့် အဲဒီလူအဖွဲ့ အစည်းဟာ ကိုယ့်တာဝန်ကိုယ်မယူ၊ ကိုယ်ပြဿနာ ကိုယ်မရှင်း တတ်တဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့ မြေကြီး လက်ခတ် မလွဲပါပဲ။ တာဝန်ယူမှု တာဝန်ခံမှု ဆိုတာ တွေဟာ လူကျင့်ဝတ်အပေါ် သက်ဝင် ယုံကြည်မှု၊ ယုံကြည်သည့်အတိုင်း ကျင့်သုံးမှုနဲ့လည်း ဆက်စပ်နေပြန်ပါ တယ်။
ဆိုတော့ အဆုံးထိတွေးရင် တာဝန် ယူမှု တာဝန်ခံမှု မရှိတဲ့ အစိုးရဆိုတာ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ လူအဖွဲ့ အစည်းနဲ့ တိုက်ရိုက် ပတ်သက်နေပြန် ပါတယ်။

ဒါကြောင့် အမှိုက်တစ်စဟာ ပေါ့ သေးသေးကိစ္စမဟုတ်။ အမှိုက်တစ်စပစ် လိုက်ခြင်းကလည်း ပေါ့သေးသေးကိစ္စ မဟုတ်။ အကြိမ်ကြိမ်ပြုဖန်များတဲ့အခါ စရိုက်၊ အမှုအကျင့်တွေ ဖြစ်လာပါတော့ တယ်။ အဲဒီစရိုက် အမှုအကျင့် တွေကပဲ ကိုယ့်ဘ၀ကို ပဲ့ကိုင်သွားတတ် ပါတယ်။ အပေါ်မှာ ပြောခဲ့သလို နိုင်ငံနဲ့ချီပြီးလည်း ဆက်စပ်မှု ရှိပါတယ်။

ကြွက်တစ်ကောင် အကြောင်းရော အမှိုက်တစ်စအကြောင်းရော ဖတ်ပြီး ငါတစ်ယောက် စလုပ်လို့ ဘာထူးမှာလဲလို့ အတွေးတွေ ခေါင်းထဲ စရောက်ကောင်း ရောက်နေပါလိမ့်မယ်။

ဒါဆိုရင်တော့ နွားနို့ပုံပြင်နဲ့ အဆုံး သတ်ဖို့ ကျွန်တော်ရွေးလိုက်တာ မှန် သွားပြီလို့ ပြောရပါမယ်။
သိပ်တိတိကျကျ မမှတ်မိတော့ ပေမယ့် ရင်ထဲမှာ စွဲသွားစေတဲ့ အနှစ် သာရပါတဲ့ ပုံပြင်တစ်ခုကို ငယ်ငယ်က ဖတ်ဖူးပါတယ်။ ပုံပြင်ခေါင်းစဉ် ဘာလဲ မသိတော့။ နွားနို့ပုံပြင်လို့ပဲ ဆိုကြပါစို့။

မှတ်မိသလောက်ဆိုရင် ရွာတစ်ရွာ မှာ ရွာသူကြီးက ဦးဆောင်ပြီး နွားနို့ သောက်ပွဲ ကျင်းပတယ်။ အစည်းအဝေး လုပ်တာလား ဘာလားတော့ မသိ။ အဲဒီ ပွဲကို လာတဲ့သူတိုင်း နွားနို့ တစ်ခွက်စီ ယူလာဖို့ ပြောတယ်။ အားလုံးစုပြီး ပြော ဆိုဆွေးနွေးပြီးရင် နွားနို့သောက်မယ် ပေါ့။ အဲဒီညမှာ ရွာသားတစ်ယောက်က တွေးတယ်။

” မနက်ဖြန် ငါတစ်ယောက် နွားနို့ တစ်ခွက်ယူမသွားလို့ ဘာဖြစ်မှာ မို့လို့ လဲ။”
အဲဒီအတွေးနဲ့ ရေတစ်ခွက်ထည့် လာပြီး အိုးထဲ ထည့်တယ်။ ပြောဆိုဆွေး နွေးပြီးလို့ နွားနို့သောက်မယ်လို့ အိုးကို ဖွင့်တော့ အိုးထဲမှာ နို့တစ်စက်မှ မရှိဘဲ ရေချည်းပဲ ဖြစ်နေတယ်။

ဘာလို့ဆို အဲဒီပွဲကို လာတက်တဲ့ သူအားလုံးက ” ငါတစ်ယောက် နို့ယူ မသွားလို့ ဘာမှ မဖြစ် ” ဆိုတဲ့ အတွေးကို ညကတွေးပြီး ရေတွေပဲ ယူလာကြလို့ပါပဲ။
ပြုပြင်ပြောင်းလဲမှုဆိုတာလည်း ဒီလိုပါပဲ။ ကိုယ်ကပဲ စရတာ စသင့်တာ ဖြစ်ပါတယ်။
မြောင်းထဲမှာ ပိတ်နေတဲ့ အမှိုက်ပုံ ကြီးထဲက အမှိုက်တစ်စချင်းစီရဲ့ လက် သည်တွေဟာ ” ငါ့အမှိုက်လေးတစ်စ ကြောင့် ရန်ကုန်မြို့ ကြီး ရေကြီးရေလျှံ မဖြစ်လောက်ဘူး” ” ငါ့ရပ်ကွက်မြောင်း တွေ မပိတ်လောက်ဘူး ” လို့ တွေးမှာပါပဲ။ ဒါပေမယ့် ခုနက နွားနို့ ပုံပြင်လိုပါပဲ အကျိုး ဆက် ကြီးကြီးမားမားတွေကို ကျွန်တော် တို့ ခံစားကြရပါတယ်။

ကြွက်တစ်ကောင်က ပြုပြင်စရာ ရှိတာ ပြောင်းလဲစရာရှိတာကို သေးသေး မွှားမွှားဆင့်မှာကတည်းက လျင်လျင် မြန်မြန် ထိထိရောက်ရောက် ပြုပြင်ဖို့ ပြောနေပါတယ်။

အမှိုက်တစ်စက အပြောင်းအလဲကို ကိုယ်ကစဖို့ ပြောနေပါတယ်။
နွားနို့ပုံပြင်ကလည်း ကောင်းတဲ့ အတွေးဖြစ်ဖြစ် ဆိုးတဲ့ အတွေးဖြစ်ဖြစ်၊ ကောင်းတဲ့အမူအကျင့်ဖြစ်ဖြစ် ဆိုးတဲ့ အမူအကျင့်ဖြစ်ဖြစ် တစ်ခုခုကို လုပ် တော့မယ်ဆိုရင် ကိုယ့်လိုလူတွေ ရှိနေနိုင် တယ် သတိပေးနေပါတယ်။