မြိတ်တွင် နေ့ခင်းကြောင်တောင် နေအိမ် ဖောက်ထွင်းမှု ဖြစ်ပွား

0
554

မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စု ချောင်းကူးငယ်ရပ်ကွက် ပြည်သာယာ လမ်းရှိ နေအိမ်တစ်ဆောင်တွင် ဒီဇင်ဘာ ၂ ရက်က နေ့ခင်းကြောင်တောင် ဖောက် ထွင်းမှု ဖြစ်ပွားခဲ့ကြောင်း ယင်းနေ အိမ်ပိုင်ရှင် ဦးယုရှိန်ထံမှ သိရသည်။

မနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီ ခွဲအတွင်း နေအိမ်တွင် မည်သူမှ မရှိသည့် အချိန်တွင် ဖောက်ထွင်းခံရခြင်း ဖြစ် ကြောင်း သိရသည်။
” ရေချိုးခန်း နံရံမှာရှိတဲ့ အုတ်ပန်း ပြားတွေကို ရိုက်ခွဲပြီး နေအိမ်အတွင်းကို ဖောက်ထွင်း ခံရတာပါ ” ဟု နေအိမ်ပိုင်ရှင် ဦးယုရှိန်က ပြောသည်။
ဗီဒိုအတွင်းရှိ ပလက်တီနမ် နားကပ် တစ်ရံ၊ ပလက်တီနမ် လက်ကောက် တစ်ကွင်း၊ ကျောက်စိမ်း စိန်ကွပ် ဆွဲသီး တစ်လုံးနှင့် ပုလဲ စိန်ကွပ် နားကပ်တစ်ရံ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၄၀ ကျော်ခန့် ပါသွားကြောင်း ဦးယုရှိန်က ပြောသည်။

မီးခံသေတ္တာကို ဖောက်ရန် ကြိုး စားထားသည်ကို တွေ့ရပြီး မပွင့်သည့် အတွက် အထဲတွင်ရှိသည့် ပစ္စည်းများ ပါမသွားကြောင်း ဦးယုရှိန်က ပြောသည်။
“အဝတ်အစားထည့် ဗီဒိုများ ကို လည်း ဝင်နှောက်ထားပါတယ်၊ ဖောက် ထွင်းတဲ့သူက တစ်ယောက်တည်း မဖြစ် နိုင်ဘူး အနည်းဆုံး ၃ ယောက်လောက် ရှိနိုင်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရဲ စခန်းတွင် အမှုဖွင့်ထားကြောင်း သိရ သည်။
ချောင်းကူးငယ်ရပ်ကွက်တွင် ပြီးခဲ့ သည့် နှစ်လခန့်က ယင်းကဲ့သို့ ဖောက် ထွင်းခံရသည့် နေအိမ် ၃ ဆောင်အထိ ရှိခဲ့သည်ဟု ချောင်းကူးငယ်ရပ်ကွက်သား အချို့ထံမှ သိရသည်။