ရေးဒေသထွက် ကွမ်းသီးအစို တစ်လုံး ကျပ် ၃၀ အထက် ဈေးကောင်းရ

0
575

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့ နယ်အတွင်း ကွမ်းသီးအစိုတစ်လုံး ပေါက်ဈေး ကျပ် ၃၀ အထက်အထိ ဈေး ကောင်း ရကြောင်း ရေးဒေသခံကွမ်းသီး ခြံပိုင်ရှင်များထံမှ သိရသည်။


ကွမ်းသီး ထွက်ရှိရာဒေသနှင့် အလုံးပေါ် မူတည်ပြီး တစ်လုံးလျှင် ကျပ် ၃၀နှင့်ကျပ် ၅၀ ကြားထိ ဈေးကောင်း ရရှိနေပြီး ယမန်နှစ်က ကွမ်းသီးပေါ် ချိန်တွင် ကွမ်းသီးတစ်လုံးလျှင် ၁၅ ကျပ် နှင့် ၂၅ ကျပ်ကြားသာ ရှိခဲ့သည်ဟု  ကွမ်းသီး အပင် ၂၀၀၀ ရှိသည့် ခြံရှင် ကိုစိုးသိန်းက ပြောသည်။
” ရေးအရှေ့ပိုင်းနဲ့ အနောက်ပိုင်း ဒေသက ထွက်တဲ့အသီး မတူကြဘူး၊ အနောက်ပိုင်းဒေသက ပင်လယ်နဲ့နီးတော့ ကွမ်းသီးအလုံး လှတယ်၊ ဈေးကောင်း ရတယ်၊ အဲလိုတော့ ကွာတယ်” ဟု ကိုစိုးသိန်းကို ပြောသည်။
ကွမ်းသီး ဈေးကောင်း လာရခြင်း သည် အိန္ဒိယနယ်စပ်ဘက်က ကွမ်းသီး ဝယ်လိုမှု များလာခြင်းဖြစ်ကြောင်း ကွမ်း သီး အဝယ်ဒိုင်တို့၏ ပြောကြားချက်ကို ကိုးကားပြီး ကိုစိုးသိန်းက ပြောသည်။
လက်ရှိတွင် ရေးမြို့ပေါ်ရှိ ကွမ်းသီး အဝယ်ဒိုင်များအပြင် ရန်ကုန်အဝယ်ဒိုင်တို့ ကလည်း အပြိုင်အဆိုင် ရောင်းဝယ်လာ ကြသည်ဟုလည်း  သိရသည်။
ကွမ်းသီးထွက်ချိန်တွင် ကွမ်းသီး ဈေး ကောင်းရရှိလေ့ရှိသော်လည်း ယခု နှစ်ကဲ့သို့ ဈေးနှုန်းတစ်ခါမျှ မရရှိခဲ့ဖူး ကြောင်း ကွမ်းသီးခြံပိုင်ရှင်များက ပြော သည်။
ကွမ်းသီး အခြောက်ဈေးနှုန်းမှာ လက်ရှိတွင် တစ်ပိဿာလျှင်  ၅၈၀၀ ကျပ် ရှိကာ မိုးတွင်းရာသီတွင် ကျပ် ၆၂၀၀ ထိ ဈေးတက်သွားကြောင်း ၎င်းက ပြောသည်။
ကွမ်းသီးသည် သီတင်းကျွတ် လ ဆန်းခန့်မှစထွက်ပြီး နတ်တော်လခန့် တွင် ပြီးဆုံးသည်ဟု ကွမ်းသီး ခြံပိုင် ရှင်တို့က ပြောသည်။
ရေးမြို့နယ်သည် မွန်ပြည်နယ်တွင် ကွမ်းသီး အများဆုံး စိုက်ပျိုးထွက်ရှိရာ ဒေသတစ်ခု ဖြစ်သည်။             À