လက္တစ္ဖက္မဲ့ ဝါလတ္သား

516
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ဆည်းဆာရီရီတွင်..၊ နေဝန်းနီနီ နောက်ခံပြု..၊ ကျွန်းလေးတွေဆီ ဦးတည် ပျံသန်းသွားလေ့ရှိသော ရေပျော်ငှက်တို့ မြင်ကွင်းသည် “ဝါလတ်လှေသား” တို့အတွက် အိမ်အလွမ်းဝေဒနာကို တိုးဆွ စေသည့် ပင်လယ်ရှုခင်းတစ်ခု ဖြစ် လေ၏။
ထိုင်းမှ ကူးစက်လာသော ဒရွတ်ဆွဲ နည်းဖြင့် ငါးဖမ်းသည့်လှေကို တနင်္သာရီ တိုင်းသားတို့က ထိုင်းအခေါ်အဝေါ် အတိုင်း ” ဝါလတ်” ဟုပင် လွယ်လင့်တကူ ပုံတူကူး ခေါ်ဝေါ်ကြလေသည်။

” ဝါလတ်” ဆိုသည့် နာမည်နှင့် လိုက်အောင် ရေလုပ်သားအတော်များ များက ” လန့်” ကြ၏။
အလုပ်ကြမ်းလွန်းသဖြင့် ဖြစ်နိုင် လျှင် လက်ရှောင်ကြ၏။ ၄ နာရီခြား ၂၄ နာရီပတ်လုံး နေ့နေ့ညည အခါမလပ် လုပ်ရ၏။ လုပ်ငန်းခွင်တစ်ခုလုံး စက် ယန္တရားများ အသုံးပြုလုပ်ကိုင်ရသဖြင့် အန္တရာယ်များ၏။ တွေဝေတုန့်ဆိုင်းကာ အချိတ်အဆက် အချိန်အဆ တစ်ချက် လွဲသည်နှင့် အသက်ပါ သွားနိုင်သည့် အရင်းအနှီးကြီးလှသော ပင်လယ် လုပ်ငန်းခွင် ဖြစ်၏။

ယင်းသို့ တုန်းတိုက်တိုက် ကျား ကိုက်ကိုက် လုပ်ကိုင်နေရသည့် ဝါလတ် လှေလုပ်သားများထဲတွင် လက်တစ်ဖက် ပြတ်နေသူ တစ်ယောက် ပါဝင်နေ ပါသည်။ မြိတ်မြို့ရှိ သီတာ ငါးဖမ်း လှေအုပ်စုပိုင် သီတာအေး ၂၅ ဝါလတ် လှေတွင် သူ့ကို တွေ့နိုင်၏။
ဘယ်လက် တစ်ဖက်တည်းဖြင့် အခြားလှေသားများနှင့် တန်းတူ လုပ်ကိုင်နေသူအမည်က ဇော်မင်းထွန်း။
သူသည် ဝါလတ်လုပ်ငန်းနှင့် ပတ် သက်သမျှလက်တစ်ဖက်တည်းဖြင့် အကုန်လုပ်နိုင်၏။ လှေပေါ်ရှိလှေဦးမှ လှေပဲ့အထိ တပ်ဆင်ထားသော စက် ယန္တရားအားလုံးကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်သည်။
war_lat_thar_1
” လက်တစ်ဖက်တည်းမို့ မလုပ်နိုင် တာပဲ ရှိမယ်၊ မလုပ်တတ်တာ မရှိသ လောက်ပဲ” ဟု သူ့အလုပ်ကိုသူ စိန်ခေါ် နိုင်လေ၏။
သူသည် ပင်လယ်လုပ်ငန်းခွင်၌ မိုးသက်လှိုင်းလေ မည်မျှ ကြမ်းစေကာမူ ကျွမ်းကျင်ဖျတ်လတ်စွာ ပြေးလွှား လုပ်ကိုင်နိုင်၏။ ပိုက်တင်၊ ပိုက်ချ၊ ငါးရွေး၊ ငါးဆေး၊ ရေခဲရိုက်၊ ငါးဖမ်း ပိုက်ရှင်း၊ ပိုက်ကွဲ ပိုက်ပေါက်ဖာ၊ ပိုက်ပြန်ပုံစသည်တို့ကို အတူလုပ်သော လှေသားများ နည်းတူ လုပ်နိုင်၏။ ငါး အပြည့်ထည့်ထားသည့် ၁၅၀ လီတာဆန့် ကြိုးတပ်ထောင်ပုံးကို သူ၏ ဘယ်လက် ကြီးဖြင့် တစ်ယောက်တည်း” မ” နိုင် ” ရွှေ့” နိုင်၏။
” လက်မောင်း အားလှဲမယ်ဆို ကျူပ်ကိုဘယ်သူမှ မယှဉ်ရဲကြဘူး..၊ ဘယ်လက်ဆိုတော့ ပိုဆိုးပေါ့လေ.. အဟဲ”
ပြောရင်း သူ့ဘယ်လက်သီးဖြင့် ပင်လယ်လေထုကို ” ဝှီး ” ခနဲ မြည်သည် အထိ ထိုးခွဲပြသည်။
ညာလက်ပြတ်သွားသည်မှာ ၉ နှစ် ခန့်ရှိလေပြီ။

သရက်ချောင်းမြို့နယ်၊ စုံစင်ရွာမှ ၁၉ နှစ်သားအရွယ်ကတည်းက မြိတ်သို့ ထွက်လာသော ဇော်မင်းထွန်းသည် တစ်ရွာတည်းသား ပဲ့နင်းကြီး ဦးစန်း မောင်ဦးစီးသည့် သီတာကုမ္ပဏီပိုင် ငါးဆွဲစက်လှေ သီတာအေး(၅)တွင် လုပ်ကိုင်ခဲ့၏။ သူတို့ ဖမ်းမိထားသော ငါးများကို ထိုင်းသို့ ပို့ဆောင်ရန် သီတာ (ငါးကဲ့)လှေက တစ်ပတ်တစ်ကြိမ် လာ ရောက်ကဲ့ယူလေ့ရှိ၏။ ထိုကဲ့လှေကြီး ပေါ်တွင်ပင် သူ့လက်တစ်ဖက်ကိုဆုံးရှုံး ခဲ့ရခြင်း ဖြစ်လေသည်။
“ဘယ်မေ့လို့ ရမလဲဗျာ..။ ခဏဆို ပေမယ့် ကံကြမ္မာရဲ့ ရိုက်ချက် အပြင်းဆုံး နေ့ကိုး..”

ဝါလတ်လုပ်သက် ၁ နှစ် ပြည့် လုချိန် ပင်လယ်ထဲငါးကဲ့စဉ် တစ်ခေါက် တွင်..၊ သူတို့လှေမှ ငါးပုံးများကို သီတာ ငါးကဲ့ လှေကြီးပေါ်သို့ ခွမ်းစက်ဖြင့် ကဲ့သယ်စဉ်..၊ သူကကဲ့လှေပေါ်မှ ခွမ်းဘီး ဖြင့် ကြိုးရစ်သူ(ခွမ်းကိုင်) လုပ်ရ၏။ ထိုအချိန်အတွင်း ဖြစ်ပေါ်ခဲ့သော မတော်တဆမှုက သူ့ခန္ဓာကိုယ်ထဲမှ လက်တစ်ဖက်ကို နှုတ်ယူသွားခဲ့ခြင်း ဖြစ်လေသည်။ သူ့ညာလက်က ခွမ်းကြိုးနှင့်ညိ၊ ခွမ်းဘီးကြားထဲ ရစ်ခွေ ဝင်သွား၏။
“သွေးတွေ ပန်းထွက်လာတာ တွေ့ ပြီး မေ့မျောသွားလိုက်တာ၊ သတိရတော့ လက်တစ်ဖက်က မရှိတော့ဘူး..”
သူသတိပြန်လည်ချိန်ဆိုလျှင် မြိတ်ဆေးရုံပေါ် ရောက်နေလေပြီ။ ကဲ့လှေခွမ်းစက် အမြန်ပြန်သတ်ပြီး ဆေးရုံအချိန်မီ ပို့ဆောင် နိုင်ခဲ့၍သာ သူ သေကံမရောက်ခဲ့ခြင်း ဖြစ်၏။ ကုမ္ပဏီ၏ ထောက်ပံ့မှုဖြင့် ဆေးကုသခွင့် ရခဲ့ပါသည်။
သူ့ညာလက်ကိုကား ပုခုံးရင်းမှ ဖြတ်လိုက်ရလေပြီ..။ လူတစ်ကိုယ်လုံး ပါမသွားတာ ကံကောင်းသည်ဟု သူခံ ယူခဲ့၏။ ထို့ထက် ကံကောင်းသည်မှာ သူသတိရချိန်မှစ သူ့ကုတင်ဘေးမှ တစ်ဖဝါးမခွာ တောက်လျှောက်ပြုစု နေသော တစ်ရွာတည်းသား သူ့ချစ်သူ မမြင့်ရီ၏ ချစ်ခြင်းသစ္စာကို မြင်တွေ့ ရခြင်း ဖြစ်လေသည်။

“သူ့အိမ်ကတော့ ဘယ်သဘောတူ မလဲဗျာ..၊ ကျွန်တော်တို့ အကြိမ်ကြိမ် ဆွေးနွေးပြီးမှ ခိုးပြေးလိုက်ကြတယ်ဗျ..”
အတန်းပညာနုံချာပြီး လက်တစ် ဖက်မဲ့သူအတွက် သီတာကုမ္ပဏီမှ သင့် တော်သော ကုန်းပေါ်လုပ်ငန်း တစ်နေရာ ရှာကြံပေးမည် ပြော၏။ သို့သော်..၊ ကုန်းပေါ်တွင် လုပ်ပါက ရလာမည့် ဝင်ငွေက ကြီးမြင့်လှသော မြိတ်ကုန် ဈေးနှုန်းကို မကာမိနိုင်။
“လက်ပြတ်တာ ဘန်းပြပြီး မတန် မရာ အခွင့်အရေးလည်း မယူချင် ဘူးလေ..”
ထားဝယ်သားတို့၏ ခံယူချက်၊ မာနနှင့် သတ္တိတို့ ပြိုးပြက်လင်းလက်၏။

လက်တစ်ဖက်မဲ့ တံငါသည်လေး အတွက် ရွေးချယ်စရာ အခြားလုပ်ငန်း မရှိ။ ပဲ့နင်းကြီး ဦးစန်းမောင်၏ ကရုဏာ နှင့် တာဝန် သိ တတ်မှုကြောင့် ဝါလတ် ဆက်လိုက်ခွင့်ရလေ၏။ ဦးစန်းမောင် သီတာအေး(၂၅)သို့ ပြောင်းသောအခါ သူပါလိုက်ပြောင်း၍ ယခုထိ လုပ်ကိုင်နေ လေသည်။ တစ်ပါတ်တစ်ကြိမ် သီတာ ငါးကဲ့လှေကြီးနှင့် တွေ့လေတိုင်း သူ့ ရင်ထဲ ဆို့ဆို့တက်လာတတ်၏။

“]ကြောက်တာတော့ မဟုတ်ဘူးဗျ၊ ကျုပ်စိတ်ထဲ တစ်မျိုးပဲ..” ယုန်သူငယ် မျက်လုံး..၊ မချိပြုံးတို့ ပွင့်ကြွေ၏။
ယခုဆို သူ၏ ဝါလတ်သက်တမ်း ၁၀ နှစ်ခန့် ရှိလေပြီ..။ ဝါလတ်လောကသို့ သူနှင့်အတူ ရောက်သူများ၊ သူ့ထက် နောက်ကျသူများက ဝါလတ်ရာထူး အဆင့်ဆင့် တက်ကုန်၏။ ပဲ့နင်းကြီး၊ ပဲ့နင်းငယ် ၊ စက်ဆရာ ရေရှုး(ကုန်းပတ် လှေသားခေါင်း) စသဖြင့်..။ သူ့ထက် ဝင်ငွေ ၂ ဆမှ ၁၀ ဆအထိရကုန် ကြလေပြီ။ လက်တစ်ဖက်တည်း သာရှိ သော သူ့အတွက်တော့ လှေသားဘ၀မှ ရှေ့တိုးရန် လမ်းမမြင်။ တောင်ပံတစ်စုံ စီဖြင့် လေဆန်နေဒဏ်အန်တုကာ အစာ ရှာလေ့ရှိသည့် ဇင်ရော် ငှက်တို့ကို သူငေးမောနေတတ်၏။

“တစ်ခါတစ်လေ အချင်းချင်းတောင် အပြောအဆိုအနှိမ်ခံရရင် စိတ်မကောင်း ဖြစ်မိတယ်ဗျာ..”
ဝါလတ်ထုံးစံအတိုင်း အိပ်ချိန် နားချိန်ရရန် အလျင်အမြန် လုပ်ကိုင်ကြ ချိန်များ..၊ ပင်လယ်ထဲတွင်ပင် တစ်ပတ် တစ်ခါငါးကဲ့၊ ပါကေး(အမှုန့်ကြိတ်မည့် ပုပ်ပွနေသောငါးသေးငါးနုတ်)ကဲ့၊ရေခဲ ပြန်ကဲ့စသည်တို့ကို (ငါးအမြန် ပြန်ဖမ်း နိုင်ရန်) အချိန်လု လုပ်ရသော အခါမျိုး တွင် သူနာကျင်ပင်ပန်းရလေသည်။
“တစ်ဖက်တည်း တောက်လျှောက် အားပြုရနေရလို့ဖြစ်မယ်၊ ကိုယ်တစ်ခြမ်း က အရှိုက်ထိ အောင့်အောင့်လာ တယ်ဗျ..”
ပင်လယ်ထဲတွင်ကားလှေဝင်လျှင် ဆေးခန်းပြမည်ဟု အားခဲထားတတ် သော်လည်း ကမ်းရောက်သောအခါ ပြဖြစ်သည် မရှိ။ ပင်လယ်မထွက်ခင် ကြိုထုတ်ပေးခဲ့သော လစာက သူကမ်းပြန် မရောက်ခင် ကုန်နေတတ်ပါသည်။

“အကြွေးရှင်တွေကို အတိုးလောက် လိပ်ပတ်လည်အောင် မနည်းတောင်းပန် ဆပ်နေရတာလေ..”
သားသမီး ၃ယောက်အား ဆေးရုံ တွင် မွေးဖွားသောအခါ..၊ အတိုးနှုန်းကြီး မြင့်လှသော အကြွေးများက ကလေးတို့၏ ဖွားဖက်တော်များအဖြစ် ငှားနေရသည့် အိမ်ပေါ်သို့ ပါလာကြ၏။ သူပင်လယ် ထွက်ချိန်၌ ဇနီးသည်က မုန့်၊ ကွမ်းယာ ရောင်းဖူးသော် လည်း သူတား၏။ ချစ် ဇနီးအား လူမမယ်သေးသော ကလေးတွေ ကိုသာ ဂရုစိုက်စောင့်ရှောက် စေခဲ့လေ သည်။

“လက်တစ်ဖက် မရှိတော့တဲ့ ကျွန်တော့်လို လူကို ချစ်လွန်းလို့၊ ယုံ ကြည်အားကိုးပြီး ဘ၀ကို ပုံအပ်ခဲ့ တာနဲ့တင် သူတာဝန်ကျေ နေပြီပဲဗျာ..”
သူသည် အပိုငွေရရန်အတွက် ဒရွတ်ဆွဲပိုက်တွင် ပါလာတတ်သော ဆူး ကြမ်းငါးပူတင်းများ(ထိုင်းမှမဝယ်၍သာ ယူခွင့်ရ)ကို ခြေဖြင့်ညှပ်ကာ လက်တစ် ဖက်တည်းဖြင့် ပိုင်နိုင်စွာ သရေခွာ အခြောက်လှန်း၏။ ပိုက်နှင့်ငြိတွယ် ပါလာတတ်သော ဖော့သီး၊ ခဲသီးဟောင်း လေးများကို သန့်စင်စုဆောင်းကာ ကမ်းရောက်လျှင် ပြန်ရောင်း၏။
“ကလေးတွေအတွက် ကစားစရာနဲ့ မုန့်ဖိုးလေးရတာပေါ့..၊ ကံကောင်းတဲ့ အခေါက်ဆို အိမ်ငှားခ ကာမိတတ် တယ်လေ..”
ဘ၀တူလှေသားများ အနားယူချိန် မှာ စိန်မျှားဆေးပေါ့လိပ် ဖွာကာ မျှော်လင့်ချက် တစုံတရာဖြင့် ငါးမျှား နေတတ်ပါသည်။
သူတို့ ငါးဆွဲလှေတစ်ခေါက်လျှင် ပင်လယ်ထဲတွင် အနည်းဆုံး (၄၅)ရက် ကြာတတ်၏။ ကမ်းရောက်သောအခါ (၃)ရက်ခန့်သာ နေရပြီး ပြန်ထွက်ရ၏။ ထိုကမ်းနေရက်များအတွက် လုပ်အားခမရ သော်လည်း နေ့လုံးပြည့်နားရသည် မရှိ။ လှေသားအလှည့်ကျ ညကင်းစောင့်၊ ငါးကဲ့၊ ပါကေးများအမှုန့်ကြိတ်စက်ရုံပို့၊ ရေခဲချ၊ စက်ဆီဖြည့်၊ လှေရေညှိတိုက် စသဖြင့် လှေဝင်မှ လှေပြန်ထွက်အထိ ဆက်တိုက်လုပ်ရ၏။ မိသားစုအတွက် တစ်ရက်တင်းတင်းပြည့်အောင် အချိန်မပေးနိုင်သော ဝါလတ်လုပ်ငန်းကို သူမချစ်တော့သော်လည်း မစွန့်ပစ်နိုင်သေး။

“မိဘတွေဆီလည်း မပြန်ဖြစ်တာ ကြာပေါ့..၊ တစ်ခါတစ်လေ ဆိုကိုယ့်ကလေးတွေရဲ့မျက်နှာ အားရပါးရ ကြည့်ဖို့တောင် အချိန်မရ လိုက်ဘူးဗျ..”
မိသားစု ဓာတ်ပုံလေးကိုင်ထားသော လက်ကြမ်းကြီးက ကတုန် ကယင်။
မိုးဆောင်းနွေဆက် တစ်ခါမျှပင် မနားဖူးခဲ့သောသူ့ထံတွင် အများသူ ငါလိုပင် ရည်မှန်းချက်ကြီးတစ်ခုတော့ ပိုင်ဆိုင်ထားပါသည်။ တင်ရှိနေသော အကြွေးများပြေအောင်ဆပ်..၊ ရွာချောင်း ရိုးတစ်လျှောက် လှည့်လည်နိုင်သည့် လှေငယ်တစ်စီးနှင့် ငါးဖမ်းပိုက်လေး တစ်စုံ ပိုင်ဆိုင်နိုင်ရေးသည် သူ၏ အိပ်မက်ပင် ဖြစ်လေသည်။
” ကြိုးစားရမှာပေါ့ဗျာ..၊ တစ်နိုင် တစ်ပိုင်လေး လုပ်ကိုင်စားသောက် ရင်း မိသားစုနဲ့ အိုးမကွာအိမ်မကွာ နေချင်လွန်းတော့လေ..”
ဆည်းဆာရီရီ..၊ နေဝန်းနီနီ နောက်ခံပြု..၊ ကျွန်းလေးတွေဆီ ဦးတည်..၊ အုပ်စုချီ ပျံသန်းသွားသောရေပျော်ငှက်တို့ မြင်ကွင်းသည် ကား သူ၏ အိမ်လွမ်း ဝေဒနာကို ထိုးဆွတတ်သော်လည်း ..၊ သူကြည့် မ၀သော ပင်လယ်ရှုခင်းတစ်ခုဖြစ်နေလေစမြဲ..။