ဥပဒေအသစ်ဖြင့် စည်းကမ်းမဲ့ မော်တော်ယာဉ်များ စဖမ်း

0
515

ယခုနှစ်တွင် ပြဋ္ဌာန်းလိုက်သည့် မော်တော်ယာဉ်ဥပဒေအသစ်ဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် စည်းကမ်း မဲ့ မော်တော်ယာဉ်များကို စတင် ဖမ်းဆီး နေပြီဖြစ်ကြောင်း အမှတ် ၈ ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။


ဆိုင်ကယ်များတွင် ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ နောက်ကြည့်မှန်၊ လုံခြုံစိတ်ချရသည့် ဆိုင်ကယ်ဦးထုပ်နှင့် မေးသိုင်းကြိုးတပ်ဆင်ထားခြင်း ရှိ/မရှိ၊ အရှေ့အနောက်နံပါတ်ပြားများကို ထင် ရှားစွာတပ်ဆင်ထားခြင်း ရှိ^မရှိတို့ကို စစ်ဆေးခြင်းဖြစ်ပြီး ကားများတွင်လည်း ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ နံပါတ်ပြားများနှင့် ထိုင်ခုံခါးပတ် ပတ် မပတ်တို့ကို ဖမ်းဆီးအရေးယူသွားမည် ဖြစ်ကြောင်း အထက်ပါရုံးမှ ရဲမှူး စိုးဝင်း က ပြောသည်။
” အရင်တုန်းကလို ဒေသန္တရ ဒဏ် ကြေးမဆောင်စေတော့ဘူး။ ဖမ်းမိရင် တရားရုံးကို ပို့ပြီး တရားစွဲမှာပါ။ တရား ရုံးက မော်တော်ယာဉ်ဥပဒေ အသစ် အတိုင်း ဆောင်ရွက်ပါလိမ့်မယ်” ဟု ရဲမှူးက ဆိုသည်။

စည်းကမ်းမလိုက်နာသည့် မော် တော်ယာဉ်များကို စီမံချက်ဖြင့် စစ်ဆေး ဖမ်းဆီးခြင်းဖြစ်ပြီး ယခုလအတွက် စီမံချက်ကာလမှာ နိုဝင်ဘာလ ၁၉ ရက် နေ့မှ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ ဖြစ်ကြောင်း ၎င်းက ပြောသည်။

စီမံချက်ကာလမှာ နိုဝင်ဘာလ ၁၉ ရက်နေ့က စတင်သော်လည်း ၁၉ ရက် နေ့မှ ၂၂ ရက်နေ့အထိ ပညာပေးပြောဆို ခြင်းကိုသာ ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့မှ ဖမ်းဆီးရေးကို စတင်ခဲ့ ကြောင်း ရဲမှူးစိုးဝင်းက ဆိုသည်။
၂၀၁၅ ခုနစ် မော်တော်ယာဉ် ဥပဒေကို ပြဋ္ဌာန်းချိန်မှ လက်ရှိအချိန် အထိ ဖမ်းဆီးရေးကိုလုပ်ဆောင်ခဲ့ခြင်းမရှိဘဲ အသိပညာပေးဟောပြောခြင်း ကို သာ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း အမှတ် ၈ ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ ခွဲမှူးရုံးထံမှ သိရသည်။
” တစ်ဖက်က အသိပညာပေးတာ တွေလုပ်သလို တစ်ဖက်ကလည်း ဥပဒေ နဲ့အညီ အရေးယူတာ တွေလုပ်သွားမယ်”  ဟု ရဲမှူး စိုးဝင်းက ဆိုသည်။
စည်းကမ်းမဲ့ယာဉ်များကို အရေးယူ နိုင်ရေးအတွက် လစဉ်စီမံချက်ဖြင့် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။
မော်တော်ယာဉ်ဥပဒေကို ပြည်သူ အားလုံးအပါအဝင် ဥပဒေကို အသက်ဝင် စေရန် အကောင်အထည်ဖော်နေသူများ ပါလိုက်နာရန်လိုသည်ဟု ဝဲကျွန်းထိန် ဟောင်းရပ်ကွက်မှ အသက် ၄၀ နှစ် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

” ဥပဒေကို ပြည်သူအားလုံးလိုက် နာဖို့ ကောင်းပါတယ်။ ဥပဒေကို အကောင် အထည်ဖော်တဲ့သူတွေ က လည်း ကျောသားရင်သားမခွဲခြားဘဲ အရေးယူသင့်တယ်။ တာဝန်ရှိသူaတွေ ကိုယ်တိုင်လည်း ဒီ ဥပဒေကို လိုက်နာပြီး မလိုက်နာတဲ့ သူတွေကို အရေးယူသင့် တယ်”  ဟု ၎င်းက ဆိုသည်။
ထားဝယ်မြို့တွင် မြို့အဝင် လေး နေရာတွင် အဖွဲ့ပေါင်းစုံဖြင့် နံနက်ပိုင်း တွင် ၉ နာရီမှ ၁၁ နာရီအထိ၊ ညနေပိုင်း တွင် ၃ နာရီမှ ၅ နာရီအထိ စစ်ဆေးဖမ်း ဆီးလျက်ရှိသည်ဟု ရဲမှူးစိုးဝင်းက ပြော သည်။

မြင့်တက်နေသည့် ယာဉ်တိုက် မှုများ လျော့ကျလာစေရန် ရည်ရွယ်၍ ယင်းသို့ စီမံချက်ဖြင့် ဖမ်းဆီးအရေး ယူခြင်းဖြစ်ပြီး မြိတ်နှင့် ကော့သောင်း တို့တွင်လည်း ဖမ်းဆီးအရေးယူလျက် ရှိသည်ဟု ရဲမှူးက ဆိုသည်။
ယင်မော်တော်ယာဉ် ဥပဒေသစ်ဖြင့် ထားဝယ်မြို့တွင် အောက်တိုဘာလ ၅ ရက်မှ နိုဝင်ဘာလ ၁၇ ရက်အထိ မော် တော်ဆိုင်ကယ် ၇၆ စီး၊ မော်တော်ကား ၁၁ စီးကို အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

မော်တော်ယာဉ်ဥပဒေအသစ်အရ ဆိုင်ကယ်စီးလျှင် စည်းကမ်းချက်များ ကို မလိုက်နာပါက ဒဏ်ကြေး ကျပ်သုံး သောင်းမှ ကျပ်ငါးသောင်းအထိ ပေး ဆောင်ရမည် ဖြစ်သည်။