ဘာကြောင့် ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရသလဲ

0
563

၂၀၁၅၊ ပါတီစုံ ရွေးကောက်ပွဲဟာ အများ စိုးရိမ်ကြောင့်ကြနေကြသလို အဖျက်အမှောင့် လုပ်ရပ်တွေ၊ ဆူပူမှုတွေ ဖြစ်မလာဘဲ တည်ငြိမ် အေးချမ်းစွာ ပြီး ဆုံးခဲ့သလို အများမျှော်လင့် တောင့်တ ခဲ့ကြတဲ့ ရလဒ်တစ်ခု ထွက်ပေါ်လာ ခဲ့ပါတယ်။ ရွေးကောက်ပွဲ အကြို မဲဆွယ် ကာလမှာ အဓိက ပြိုင်ဘက်ပါတီကြီးနှစ်ခု ကြားမှာ အဖုအထစ်လေး အနည်းအကျဉ်း ဖြစ်ပွားခဲ့တဲ့အပြင် ရန်ကုန်တိုင်း၊ သာကေတမြို့နယ် NLD ကိုယ်စား လှယ်လောင်း (လက်ရှိလွှတ်တော်အမတ်) ဦးနိုင်ငံလင်း ဓားခုတ်ခံရတဲ့ဖြစ်စဉ် ကြောင့် စိုးရိမ်မကင်း ဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် ရွေးကောက်ပွဲကာလကို တည်ငြိမ်အေးချမ်းစွာ ဖြတ်သန်းနိုင်ခဲ့ကြ ပါတယ်။

အများသိကြတဲ့အတိုင်း အတိုက် အခံ NLD ပါတီက လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီကို မဲဆန္ဒနယ် အားလုံး နီးပါးမှာ ပြတ်ပြတ်သားသား အနိုင်ရရှိ ခဲ့ပါတယ်။ အကယ်၍ လက်ရှိ ကျင်းပ ခဲ့တဲ့ ရွေးကောက်ပွဲကြီးမှာ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့် ရရှိခဲ့ရင်၊ ကြိုတင်မဲတွေသာ ဒီထက် ပွင့်လင်း မြင်သာမှုတွေရှိခဲ့ရင် ၁၉၉၀ ရွေးကောက် ပွဲမှာ တ.စ.ည ပါတီကို NLD ပါတီက အနိုင်ရခဲ့တဲ့ ရလဒ်ထက် သာလွန်သွား နိုင်တယ်လို့ နိုင်ငံရေး သုတေသီတွေက သုံးသပ်ကြပါတယ်။ အခုလို NLD ပါတီ က ကြံ့ခိုင်ရေးပါတီကို ဘာကြောင့် ဒီလောက်တောင် ပြတ်ပြတ်သားသား အနိုင်ရရှိ ခဲ့ပါသလဲလို့ ဥာဏ်မီသလောက် သုံးသပ်ကြည့်တော့ အောက်ပါအချက် အလက်တွေကို သွားတွေ့ရပါတယ်။

(၁) အောက်ခြေ ပြည်သူလူထုနဲ့ ကင်းကွာခြင်း
တစ်နည်းအားဖြင့် ပြောရရင် အောက်ခြေလွတ်ခြင်းလို့ ဆိုရမှာပါ။လက်ရှိ လွှတ်တော်ထဲ ရောက်ရှိနေကြတဲ့ ကြံ့ခိုင်ရေးပါတီ အမတ်တွေဟာ သူတို့ရဲ့ သက်တမ်း ၅နှစ်တာ ကာလအတွင်းမှာ အောက်ခြေ ပြည်သူလူထုနဲ့ ထိတွေ့မှု မရှိသလောက် နည်းခဲ့ပါတယ်။ အကယ် ၍ သူတို့ မဲဆန္ဒနယ်မြေက ပြည်သူလူထုနဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ရင်လည်း အနှစ် သာရမရှိတဲ့ ဟန်ပြတွေ့ဆုံမှု သက်သက် ပါ။ တွေ့ဆုံပွဲ အတော်များများမှာ ဘာ တစ်ခုမှ ပွင့်ပွင့်လင်းလင်း တင်ပြခွင့် မရတဲ့ (တင်ပြလည်း မထူးမှန်းသိတဲ့)မြို့ခံ လူထုဟာ တစ်ဖက်သတ် ပြောသ မျှကို စိတ်မပါလက်မပါ နားထောင်၊ အခမ်းအနားမှူးရဲ့ ” အခမ်းအနား အစီ အစဉ် အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာအပ်ပါသည် ခင်ဗျား” ဆိုတဲ့ အသံကြားရမှ အခုမှ ဝဋ်ကျွတ်ပြီ ဆိုတဲ့ အတွေးနဲ့ ဝတ်ကျေတန်းကျေ လက်ခုပ် တီးပေးခဲ့ကြတဲ့ ကျီးအာသီး တွေ့ဆုံပွဲ တွေပါ။ သူတို့ကို ဆန့်ကျင်ဘက်မေးခွန်း မေးမြန်းတတ်သူတွေကို အတတ်နိုင်ဆုံး ချန်လှပ်ထားခဲ့ပြီး သူတို့ကို စောဒက မတက်ဝံ့သူတွေကို ရွေးချယ်ဖိတ်ကြား ခဲ့တာကြောင့် မြို့ခံလူထုရဲ့အသံကို အမတ်မင်းတွေ ကြားခွင့် မကြုံ နိုင်ပါဘူး။

USDP

ထို့အတူ မြို့ခံလူထုရဲ့ အမှန် တကယ် လိုအပ်ချက်တွေကို မသိနိုင် ကြပါဘူး။ ဒီလို အောက်ခြေအဆင့် ပါတီဝင်တွေ ဇာတ်ညွှန်းရေးဆွဲခဲ့ကြတဲ့ ဟန်ပြတွေ့ ဆုံမှုတွေကို အမတ်မင်းတွေ တကယ်ပဲ မသိတာလား၊ ဒါမှမဟုတ် သိရက်နဲ့ မသိချင်ယောင်ဆောင်ပြီး တမင်တကာ မျှောလိုက်ခဲ့ ကြတာလားဆိုတာ ကာယကံ ရှင်တွေ အသိဆုံး ဖြစ်မှာပါ။ ဒီလို အနှစ် သာရမရှိတဲ့ တွေ့ဆုံမှုတွေ၊ ပကတိ အခြေ အနေနဲ့ ကင်းကွာလွန်းတဲ့ အချက်အလက် ကိန်း ဂဏန်းတွေ၊ အစီရင် ခံစာတွေဟာ ကြံ့ခိုင်ရေးပါတီ မရှုမလှ ရှုံးနိမ့် ခဲ့ရခြင်း အကြောင်းတရား များစွာအနက်က တစ်ခု ဖြစ်ပါတယ်။

(၂) အစဉ်အလာဟောင်းက ဖောက်မထွက်နိုင်ခြင်း
ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင် အားလုံးလိုလိုဟာ ၂၀၁၀ ရွေးကောက်ပွဲနီးမှ ကမန်းကတမ်း အရပ် ဝတ်လဲခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်ကြပါတယ်။ မြန်မာပြည် နိုင်ငံရေးမှာ အစဉ်အလာဟောင်း တစ်ခု ရှိပါတယ်။ ဒီအစဉ်အလာဟောင်းကတော့ တပ်မ တော်နဲ့ ပုလဲနံပသင့်လွန်းတဲ့ နိုင်ငံရေး ပါတီမှန်သမျှ လွှတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတိုင်းမှာ မရှုမလှ ရှုံးနိမ့် ခဲ့ရတာချည်းပါပဲ။ ဒီအချက်ကို လွတ်လပ် ရေး ရပြီးကာစ ပါလီမန်ဒီမိုကရေစီခေတ် ရွေးကောက်ပွဲမှာ တပ်မတော်က သိသိ သာသာ ထောက်ခံအားပေးခဲ့တဲ့ တည်မြဲ (ဖဆပလ)က ဝန်ကြီးချုပ် ဦးနုရဲ့ သန့်ရှင်း (ဖဆပလ)ကို မရှုမလှ ရှုံးနိမ့်ခဲ့ရသလို၊ ၁၉၉၀ ရွေးကောက်ပွဲမှာ တပ်မတော်က ထောက်ခံအားပေးတဲ့၊ မဆလပါတီ အမာခံတွေနဲ့ ဖွဲ့စည်းခဲ့ကြတဲ့ တစည ပါတီဟာ NLDကို အပြတ်အသတ် ရှုံးနိမ့်ခဲ့ရတာ ထင်ရှားတဲ့ သာဓကတွေပါ။ ထို့အတူ လက်ရှိ ၂၀၁၅ ရွေးကောက်ပွဲ ကြီးမှာလည်း ဗိုလ်ချုပ်ဟောင်းတွေနဲ့ အမာခံဖွဲ့စည်းခဲ့တဲ့၊ တပ်မတော်နဲ့ ရွှေလမ်း ငွေလမ်း ပေါက် ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီဟာ အတိုက်အခံ NLD ပါတီကို အစဉ်အလာ ဟောင်း အတိုင်း မရှုမလှ ရှုံးနိမ့်ခဲ့ရပါ တယ်။ ကြွေကျမှန်တယ် ဆိုရမှာပါ။ ကျွန်တော်တို့ မြန်မာပြည်သူတွေဟာ လွတ်လပ်ရေး အရယူပေးခဲ့တဲ့ သူတို့ရဲ့ တပ်မတော်ကို နိုင်ငံရေးနဲ့ မပတ်သက် စေချင်ကြဘူး။ စစ်သားကို လွှတ်တော် ထဲမှာထက် စစ်တန်းလျားမှာပဲ တွေ့ချင် ကြသလို သူတို့ရဲ့ မူလတာဝန်ဖြစ်တဲ့ ပြည်တွင်း ပြည်ပရန် ကာကွယ်ရေးကိုပဲ ဖိဖိစီးစီး ထမ်းဆောင်စေချင်ကြ ပါတယ်။ တပ်မတော်ကို မည်သည့် ပါတီအဖွဲ့ အစည်းနဲ့မှ မပတ်သက်စေချင်ကြသလို ပတ်သက်မိတဲ့ ပါတီအဖွဲ့ အစည်းတိုင်း ဟာလည်း အစဉ်အလာဟောင်းကို မတော် လှန် နိုင်ခဲ့ကြပါဘူး။

(၃) ပြည်သူ့ဆန္ဒကို မလေးစားခြင်း
ကြံ့ခိုင်ရေးပါတီ အာဏာရခဲ့တဲ့ ၅ နှစ်သက်တမ်းမှာ လူထုဆန္ဒနဲ့ တစ်ထပ် တည်း ကျခဲ့တာဆိုလို့ မြစ်ဆုံ စီမံကိန်းကို ရွေ့ဆိုင်းခဲ့တာ တစ်ခုကလွဲလို့ တခြား ဘာမှမည်မည်ရရ မရှိခဲ့ပါဘူး။ ဒါအပြင် လွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအတော်များများဟာ ပြည်သူ့ ဆန္ဒနဲ့ အမြဲဆန့်ကျင်ဘက်ဖြစ်ခဲ့သလို ပြည်သူလူထုက ပြင်ဆင်စေချင်တဲ့ ဥပဒေ မှန်သမျှ လွှတ်တော်ကအမြဲပယ်ချခဲ့ ကြပါတယ်။ အထင်ရှားဆုံး သာဓက တွေကတော့ မျိုးစောင့် ဥပဒေကို ဝေဖန် ကန့်ကွက်သံတွေ ပွက်လောညံနေတဲ့ ကြားက မရရအောင် အတည်ပြု ပြဋ္ဌာန်း ခဲ့ ကြသလို ပြည်သူတစ်ရပ်လုံးက ပြင် ဆင်စေချင်တဲ့ ပုဒ်မ၄၃၆ ပြင်ဆင်ရေး ကို ပယ်ချခဲ့ခြင်းပါပဲ။ လွှတ်တော်ထဲ ရောက်ရှိနေကြတဲ့ ကြံ့ခိုင်ရေး အမတ် တွေဟာ သူတို့ အတည်ပြုပြဋ္ဌာန်းချင်တဲ့ ဥပဒေကို ဘယ်သူတွေ ဘယ်လို ကန့်ကွက်ပါစေ ပြည်သူ့ဆန္ဒနဲ့ တစ်ထပ် တည်းကျတယ်လို့ ဇွတ်မှိတ် ယုံကြည် ခဲ့ကြတယ်။ သူတို့ အကျိုးစီးပွားကို အကာအကွယ်ပေးထားတဲ့ ဥပဒေကို ပြင်ဆင်ပေးဖို့ တောင်းဆို ခဲ့ရင် ဒါဟာ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ဆန္ဒမဟုတ် ဘဲ ကဖျက်ယဖျက် လုပ်ချင်တဲ့ လူတစ် စုရဲ့ ဆန္ဒသာဖြစ်တယ်လို့ တိုင်းပြည်ကို ရော၊ မိမိကိုယ်မိမိပါ လှည့်စားခဲ့ကြပါ တယ်။

(၄) အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ၊
သမ္မတကြီးရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တွေ အိုးနင်းခွက်နင်း ပြောဆိုခြင်း
အများ သိကြတဲ့အတိုင်း သမ္မတကြီး ဦးသိန်းစိန်ရဲ့အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေ၊ ပြော ရေးဆိုခွင့်ရပုဂ္ဂိုလ်တွေ အားလုံးလိုလိုဟာ အရပ်ဝတ်လဲ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် တစ်သက်လုံး ဒေါင်လိုက် ဆက်ဆံရေးစနစ်နဲ့ အသား ကျခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်တွေဟာ ရုတ်ချည်း အရပ်ဝတ်လဲလိုက်ကြတဲ့အခါ အလျား လိုက် ဆက်ဆံရေးစနစ် ကျင့်သုံးတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းနဲ့ သိပ် စရွေး မကိုက်တာ တွေ့ရပါတယ်။ ဒါကြောင့် တချို့သော လူထုတွေ့ဆုံပွဲတွေမှာ ” ထမင်းတစ်နပ် လျှော့စား” ၊ ” နယ် လှည့် ပါးရိုက်” ၊ ” ဆိုက်ကားသမားတွေလည်း သူဌေးဖြစ်နိုင်တယ်” ၊ “တစ်နေ့ ဝင်ငွေ နှစ်ထောင်ဟာ မိသားစု တစ်စုအတွက် လုံလောက်တယ်” ၊ ” အိမ်ထဲမှာ ဖယောင်း တိုင်မီးထွန်းပြီး နေပေါ့” ၊ “တရုတ်လည်း ကြောက်နေရတယ်…” အစရှိတဲ့ အိုးနင်း ခွက်နင်း စကားတွေ ပြောတော့တာပဲ။ အခုလို အိုးနင်းခွက်နင်း စကားတွေကြောင့် ပြည်သူလူထုဟာ ပြောဆိုတဲ့ ပုဂ္ဂိုလ် တွေကိုသာမက သူတို့ ကိုယ်စားပြု ထားတဲ့ပါတီကိုပါ စိတ်ကုန်လာပြီး အတိုက်အခံ NLD ပါတီကို ထောက်ခံ အားပေးသူတွေ အလိုလို ဖြစ်ခဲ့ကြပါ တယ်။

(၅) သိမ်မွေ့သော၊ အကဲဆတ်သော နိုင်ငံရေး ပြဿနာများကို အတိုင်း ထက်အလွန် အင်အားသုံး ဖြေရှင်းခြင်း

အထင်ရှားဆုံး သာဓကတွေ ကတော့ လက်ပံတောင်းတောင်မှာ သပိတ် စခန်း ဖွင့်ထားတဲ့ သံဃာတော် တွေကို သန်းခေါင်ယံမှာ မီးလောင်ဗုံး သုံးပြီး ဖြိုခွဲခဲ့ခြင်း၊ မဟာသန္တိသုခ ကျောင်းကို သန်းခေါင်ယံအချိန်မှာ ဝင်ရောက် စီးနင်းခဲ့ကြခြင်း၊ မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြကျောင်းသားတွေကို အရပ်ဝတ် စွမ်းအားရှင် လက်ပတ်နီတွေနဲ့ နှိမ်နှင်း ခဲ့ကြခြင်းနဲ့ လက်ပံတန်းမှာ အမျိုး သား ပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ ကန့်ကွက် ဆန္ဒပြနေကြတဲ့ ကျောင်းသား တွေကို ငြိုးသူရန်ဘက်ပမာ အလွန် အကျွံအင်အားသုံး ဖြေရှင်းခဲ့ကြခြင်းပါပဲ။
” သားသုံးသား” အနက် ဘုရားသား သံဃာတော်တွေနဲ့ ပြည်သူတွေရဲ့ သားသမီးတွေ ဖြစ်ကြတဲ့ တက္ကသိုလ် ကျောင်းသားလေးတွေကို အခုလို အလွန် အကျွံ အင်အားသုံး ဖြေရှင်းခဲ့ တာကြောင့် ပြည်သူတစ်ရပ်လုံး ခံပြင်းခဲ့ရုံမျှမက ပြည်သူထဲက ပြည်သူတွေဖြစ်ကြတဲ့ ကြံ့ခိုင်ရေးပါတီဝင် တွေရဲ့ မိသားစုဝင် တွေ၊ တပ်မတော်သား မိသားစုဝင်တွေ ဟာလည်း အစိုးရအဖွဲ့ရဲ့ အကြမ်းပတမ်း ကိုင်တွယ်ဖြေရှင်းပုံကို မနှစ်မြို့နိုင်ခဲ့ ကြပါဘူး။ နိုင်ငံတော်သမ္မတကြီးဟာ သူ့လူတွေကို နိုင်နိုင် နင်းနင်း မကိုင်တွယ် မထိန်းချုပ် နိုင်တဲ့အပြင် စုံစမ်းအရေး ယူပေးဖို့ ပျက်ကွက်ခဲ့ခြင်းဟာလည်း အစိုးရကို ပြည်သူက အကြည်ညို ပျက် စေတဲ့ အကြောင်းအရင်း တစ်ရပ်ပါ။ ဒါကြောင့် သိမ်မွေ့နက်နဲတဲ့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေး နည်းလမ်း တွေနဲ့ စားပွဲဝိုင်းပေါ်မှာ မဖြေရှင်း တတ် တဲ့ အစိုးရအဖွဲ့ကို ပြည်သူလူထုက သူတို့ လက်ထဲက မဲပြားတွေနဲ့ မြန်မာပြည် နိုင်ငံရေးဇာတ်ခုံပေါ်က ဆွဲချခဲ့ပါတယ်။

 

(၆) ပြည်သူလူထုရဲ့ နိုင်ငံရေး ရေချိန်ကို လျှော့တွက်ခြင်း
ကမ္ဘာပြားခေတ်၊ အိုင်တီခေတ်လို့ ပညတ်ရတဲ့ အခုလိုခေတ်ကြီးမှာ ပြည်သူလူထုရဲ့ နိုင်ငံရေးရေချိန်ကို လျှော့တွက်ခဲ့ခြင်းဟာ ကြံ့ခိုင်ရေး ပါတီအတွက် ဘယ်လိုမှ အဖတ်ဆယ်လို့မရတဲ့ မဟာအမှားကြီး တစ်ခုပါ။ ဒီဘက်ခေတ်ကြီးမှာ မဲဆန္ဒရှင် ပြည်သူတွေဟာ သူတို့ရဲ့ မွေးရာပါ အခွင့်အရေးကို သိကြသလို ကိုယ့်ဒေသ ကွက်ကွက်လေးမှာ လမ်းခင်း၊ ကျောင်းဆောက်၊ တံတားထိုးပေးတာ ကြီးမားတဲ့ ပြုပြင် ပြောင်းလဲမှုလို့ မယူဆကြတော့ဘူး။ ဒါဘယ်အစိုးရ တက်တက် မဖြစ်မနေ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေလို့ သူတို့ နားလည် ခဲ့ကြပြီ။ ဒါတွေအပြင် မဲဆန္ဒရှင် ပြည်သူတွေဟာ လက်ရှိ လွှတ်တော်ထဲ ရောက်ရှိနေကြတဲ့အမတ်မင်းတွေ လွန်ခဲ့တဲ့ ငါးနှစ်က သူတို့ကိုပေးခဲ့တဲ့ ကတိတွေအတိုင်း ဘာတစ်ခုမှ ဆောင်ရွက်မပေးခဲ့ကြတာ မှတ်မိနေ တုန်းပဲ။ ဒါကြောင့် ရွေးကောက်ပွဲကြီးနီးမှ မစို့မပို့ မက်လုံးတွေနဲ့ မဲလာဆွယ်တာကို ရင်မခုန်ကြတော့ပါဘူး။ ထို့အတူ ဒီပုဂ္ဂိုလ်တွေ နောက်တစ်ကြိမ် ပြန်လည် အရွေးချယ်ခံရရင် ထူးမခြားနားဇာတ်ကို ခင်းကြဦးမယ်ဆိုတာ အလိုလို သဘောပေါက်နေကြတဲ့ ပြည်သူတွေ ဟာ အပြောင်း အလဲတစ်စုံတစ်ရာ ပြုလုပ်ပေးနိုင်မယ့် ပါတီကို မှန်မှန်ကန်ကန် ရွေးချယ် မဲပေးခဲ့ကြပါတယ်။

(၇) မြန်မာပြည် နိုင်ငံရေး ဆင်စွယ်နန်းတော်ပေါ် ငွေဇွန်းကိုက်ပြီး မွေးဖွားခဲ့ခြင်း
အားလုံး သိကြတဲ့ အတိုင်း NLD ပါတီဟာ မြန်မာပြည် နိုင်ငံရေး မိုးသက်မုန်တိုင်းထဲမှာ နစ်မြှုပ်မသွားအောင် အသည်းအသန် လှော်ခတ် ခဲ့ရတဲ့ လှေတစ်စင်းဖြစ်ပြီး   ကြံ့ခိုင်ရေးပါတီဟာ အရှင်မွေးလို့ နေ့ခြင်း ကြီးခဲ့ရတဲ့ ပါတီပါ။ ဒါကြောင့် နောက်ခံသမိုင်းကြောင်းအရရော၊ ဖြတ်သန်းမှုမှာပါ အဘက်ဘက်က မယှဉ်နိုင်ခဲ့ပါဘူး။ ဒါတွေအပြင် နိုင်ငံရေး အမွေကြီးခံ ပါတီခေါင်းဆောင်ပိုင်းတွေဟာ မြန်မာပြည် နိုင်ငံရေး ဆင်စွယ်နန်းတော်ပေါ်မှာ ငွေဇွန်းကိုက်ပြီး မွေးဖွားလာခဲ့ကြ သူတွေမို့ ပြည်သူလူထုနဲ့ ကင်းကွာခဲ့ကြပါတယ်။ သူတို့ဟာ အောက်ခြေ က ဖုံးဖုံးဖိဖိ ဖော်ပြတဲ့ စာရင်းဇယားတွေကြား ပျော်မွေ့ခဲ့ကြသလို အစိုးရပိုင် မြန်မာ့အလင်းနဲ့ကြေးမုံ သတင်းစာမှာ တစ်ဖက်စောင်းနင်း ဖော်ပြတဲ့ သတင်းတွေကို အမှန်လို့ ယုံကြည်ခဲ့ကြတယ်။ ပုဂ္ဂလိက အသံလွှင့်ဌာနတွေ၊ ဂျာနယ်တွေက ပြည်သူ့ အသံကို တလေးတစား နားမထောင်ဝံ့ကြပါဘူး။ ဒါအပြင် အစိုးရအဖွဲ့ တစ်ခုအနေနဲ့ ကလေး ကလားဆန်လွန်းတဲ့ လုပ်ရပ်ဖြစ်တဲ့ လံကြုတ် လူထုထောက်ခံပွဲတွေ ကို ဝန်ထမ်းတွေနဲ့ အတင်းအကြပ် ပြုလုပ်စေခဲ့ခြင်းဟာ လူထုကြား အထင်သေးလှောင်ပြောင်စရာ ဖြစ်ခဲ့ပါတယ်။ အခုလို လုပ်ဆောင် ချက်တိုင်း ပြည်သူနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်ခဲ့ကြလို့ ရွေး ကောက်ပွဲကြီးမှာအစိုးရဖွဲ့နိုင်လောက်တဲ့ ၂၆ ရာနှုန်းတောင် ထောက် ခံမဲမရရှိဘဲ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရတာပါ။
အခုဆို မြန်မာပြည် နိုင်ငံရေးမှာ ကြံ့ခိုင်ရေးပါတီဟာ အတိုက်အခံ ပါတီ တစ်ခုအဖြစ် ဆက်လက်ရပ်တည်ရတော့မှာပါ။ အမြဲတစေ နိုင်ငံရေး ပန်းခင်းလမ်းပေါ်မှာ ခလုတ်မထိ ဆူးမငြိ လျှောက်လှမ်းခဲ့သမျှ အခုမှ ခယောင်းလမ်းကို နင်းလျှောက်ရတော့မှာပါ။ အခုလို မရှုမလှ ရှုံးနိမ့်မှုကြောင့် ပါတီတွင်း အကွဲအပြဲတွေ ဖြစ်ပေါ်လာနိုင်သလို အခန့် မသင့်ရင် မြန်မာပြည် နိုင်ငံရေး ဇာတ်ခုံပေါ်က ပျောက်ကွယ် သွားနိုင် ပါတယ်။ ဒါမှ မဟုတ် မဆလပါတီက အသွင်ကူးပြောင်းခဲ့တဲ့ တစည ပါတီလို အတိုက်အခံလည်း မမည်၊ ပြိုင်ဘက်လည်း မဟုတ်တဲ့ အဖြည့်ခံ ဘ၀နဲ့ ဆက်စခန်းသွားရဖို့ ရှိပါတယ်။ အခုဆို ပါတီဝင် တွေဟာ လောကဓံတရား (၈)ပါးအနက် အကောင်း(၄)ပါးကို ခံစားခဲ့ ပြီးပါပြီ။ ဆက်လက်ပြီး အဆိုး(၄)ပါးနဲ့ ကြုံတွေ့ချိန်မှာ ပါတီဝင် တွေဟာ သူတို့ပါတီကို စွန့်ခွာသွားကြမလား၊ ဒါမှမဟုတ် မြန်မာပြည် နိုင်ငံရေး မုန်တိုင်းထဲမှာ လှေခွက်ချည်းကျန် အလံမလှဲတဲ့ စိတ်ဓာတ်နဲ့ ဆက်လက် ချီတက်ကြမလားဆိုတာ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ရှုစား ကြရမှာပါ။