ထားဝယ်သူ ဆင်ဖြူမလေးနဲ့ ဆင်ဖြူမရှင် မိဖုရားကြီး

1024
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ဆင်ဖြူတော်ဆိုတာ ဘယ်လိုမျိုးလဲ လို့မေးလာခဲ့ရင်  ဆင်ခန္ဓာကိုယ်တစ်ခုလုံး ဖြူနေတဲ့ဆင်၊ မျက်မြင်အားဖြင့် အဖြူ ရောင် အဆင်းရှိတဲ့ဆင်ကို  ဆင်ဖြူတော် လို့ခေါ်တယ်လို့ပဲ ဖြေကြမှာပါ။


တကယ်တော့ အဲဒီအဖြေဟာ ဆင်ဖြူတော်ဆိုတဲ့ အဓိပ္ပာယ်ကို တိကျ အောင် မဖော်ဆောင် နိုင်သေးဘူးလို့ ဆိုပါတယ်။ တကယ်တော့ ဆင်ဖြူတော် ဆိုတာဟာ ခန္ဓာကိုယ်တစ်ခုလုံး အဖြူ ရောင်ဖြစ်နေတာအပြင် မျက်လုံးက ပုလဲ ရောင်၊ ခွာအဖြူရောင်၊ ငှက်ပျောကိုင်း သဏ္ဍာန် ကျောကုန်းနဲ့ ကျွဲဖြူလို အမွေး ရောင်ရှိပြီး အမြီးကျတော့ တံခါး လက်ဝါးပုံဖြစ်လို့ စွယ်အစုံနဲ့ သာမန် ဆင်မည်းတို့ထက် နားရွက်ကြီးမှသာ ဆင်ဖြူတော်အဖြစ် သတ်မှတ်တာ ဖြစ်ပါ တယ်။ ဒါက သာမန်အား ဖြင့် ချမှတ် ထားတဲ့ သတ်မှတ်ချက် ဖြစ်မှာပါ။  ဆင်ဖြူတော် ကြန်အင်လက္ခဏာတွေနဲ့ ပက်သက်လို့ ဒီထက်ပိုပြီး ကျယ်ကျယ် ပြန့် မှတ်တမ်းတင်ထားတာတွေ ရှိနေနိုင် ပါသေးတယ်။

sin_phyu_shin_ma
ဆင်ဖြူတော်ဆိုတာကို ရှေးမြန်မာ မင်းများ အဆက်ဆက်ကတည်းက ရတနာတန်းဝင်အဖြစ် သတ်မှတ်ခဲ့ကြပြီး အင်မတန်မှတန်ဖိုးထားကြပါတယ်။ ဒါအပြင် ဆင်ဖြူတော်ကို ဇမ္ဗူဒိပ်မှာ ဘုန်းကံရှိတဲ့မင်း၊ အစိုးရတို့သာ ပိုင်ဆိုင် ခွင့်ရနိုင်တယ်ဆိုပြီးလည်း ယုံကြည်ထား ကြပါသေးတော့ တချို့ဘုရင်များက မိမိ ဘုန်းတန်ခိုး အာဏာရှိကြောင်းပြသ နိုင်ဖို့အတွက် ဆင်ဖြူများစွာကို ပိုင်ဆိုင် လိုလာကြတော့တာပါ။ သမိုင်းမှတ်တမ်း တွေမှာ အထင်အရှားတွေ့နေရတဲ့ ဆင်ဖြူတော်ရလိုမှုကြောင့် ဖြစ်ပွားခဲ့တဲ့ စစ်ပွဲများဟာလည်း အဲဒီခေတ်ဘုရင် များရဲ့ ဆင်ဖြူတော်အပေါ် တန်ဖိုးထား လွန်းတာကို သက်သေပြလို့ နေပါတယ်။ ဆင်ဖြူတော် ပိုင်ဆိုင်ခွင့်ရတဲ့ ဘုရင်များ ကတော့ ငါးစီးရှင်၊ တစ်စီးရှင်၊ ဆင်ဖြူ ရှင် စသဖြင့် ဘွဲ့တွေခံယူလို့ ရာဇမာန် တွေတက်နေကြသေးတာပါ ။ ဒါကတော့ ပဒေသရာဇ်ခေတ် ဘုရင်များရဲ့ ဆင်ဖြူ တော်အပေါ်တန်ဖိုးထားမှုတွေကို အပေါ် ယံအားဖြင့် ဖော်ပြတာဖြစ်ပါတယ်။

ရတနာပုံခေတ်မှာ မင်းတုန်းမင်း တရားကြီးထံကို ထားဝယ်နယ်ကနေ ဆင်ဖြူတော်တစ်စင်း ဆက်သဖူးတဲ့ အကြောင်း သမိုင်း စိတ်ဝင်စားသူတိုင်း သိပြီးသား ဖြစ်လောက်ပါတယ်။ မင်း တုန်းမင်းလက်ထက်မှာ မြန်မာပြည် အရပ်ရပ်က ဆင်ဖြူတော် တွေကို ဆက် သကြတယ်လို့ သိရပါတယ်။ ဆင်ဖြူ တော်တွေ ဆက်သတဲ့ဒေသ အားလုံး နီးပါးက မြန်မာဘုရင် မင်းတုန်းမင်းကြီး ရဲ့လက်အောက်ခံနယ်တွေကပါပဲ။ ဒါ ပေမယ့်လည်း ထားဝယ်ဒေသကတော့ အဲဒီအချိန်က အင်္ဂလိပ်    လက်အောက်ကို ကျရောက်နေခဲ့တဲ့ ဒေသတစ်ခု ဖြစ်ပါ တယ်။ အဲဒီအချိန်က ထားဝယ်ဒေသဟာ အင်္ဂလိပ်လက်အောက်ကို ကျရောက်နေ ပေမယ့်လည်း ထားဝယ်သား များအနေနဲ့ မြန်မာဘုရင်အပေါ် သစ္စာကို စောင့်သိ ရိုသေတဲ့အနေနဲ့ ကိုယ့်ဒေသမှာ ပေါ်ထွန်း ခဲ့တဲ့ ဆင်ဖြူတော်ကို ရတနာပုံ နေပြည် တော်အရောက် ခက်ခက်ခဲခဲ သွားရောက် ဆက်သခဲ့တာ အတော်ပဲအံ့ဩဖို့ ကောင်း ပါတယ်။ ဒါဟာ ကျွန်တော်တို့ ထားဝယ် သားတွေအတွက် ဂုဏ်ယူစရာ တစ်ခု လည်း ဖြစ်ခဲ့တာပါ။

၁၂၂၆ ခုနှစ်က ထားဝယ်ခရိုင် သရက်ချောင်းနယ်အတွင်း ပိန်းရှောင်မှာ အဆင်းကြန်အင် လက္ခဏာနဲ့ ပြည့်စုံတဲ့ ဆင်ဖြူတော်မလေးတစ်စီးကို မွေးဖွား ခဲ့ပါတယ်။ အဲဒီဆင်ဖြူမလေး ၈နှစ် သမီးအရွယ်မှာ ဦးရွှေခိုင်နဲ့ ဦးမြတ်ဖော် တို့က မြန်မာဘုရင်ကို ဆက်သဖို့အတွက် မူလပိုင်ရှင်တွေဆီကနေ ဝယ်ယူသွား ကြ တာဖြစ်ပါတယ်။ အဲဒီအချိန်က ထားဝယ် ဒေသအပါအဝင် တနင်္သာရီ တစ်တိုင်း လုံးဟာ အင်္ဂလိပ်လက်အောက်ကို ကျရောက်နေခဲ့တာပါ။ ဒါပေမယ့် လည်း ဆင်ဖြူတော်ကို တန်ဖိုးထား တတ်တဲ့ မြန်မာဘုရင်ကို အင်္ဂလိပ်နယ် အတွင်းက နေပြီး ဘုရင့်နေပြည်တော် အရောက် ဆင်ဖြူမလေးကို သွားရောက် ဆက်သ တယ်လို့ သိရပါတယ်။ အဲဒီလိုသွား ရောက်ဆက်သရမှာဒေသခံရှေး ထားဝယ် သားကြီးတွေအနေနဲ့ အခြေအနေကို သိမ်မွေ့ညင်သာအောင် ကိုင်တွယ်ပြီး လုပ်ဆောင်ကြရပုံ ပေါ်ပါတယ်။ ဒါကြောင့် လည်း ” ထိ ထိ မထိ- မောင်ရွှေငြိ၊ ပေါ် ပေါ် မပေါ်  – ငမြတ်ဖော်၊ မဆီမဆိုင် – ငရွှေခိုင်”   ဆိုတဲ့စကားလေးတွေ ပေါ် ပေါက်လာတာ ဖြစ်မှာပါ ။

” ထိ ထိ မထိ – နောင်ရွှေငြိ”  ဆိုတဲ့ အဓိပ္ပာယ်က ဒီလိုပါ။ ဦးရွှေငြိဆိုတာ ဆင်ဖြူတော်ပေါ်နေတာကို စပြီးသိရှိတဲ့ သူဖြစ်ပါတယ်။ ဒါပေမယ့်လည်းအင်္ဂလိပ် လက်အောက်နယ်ကနေ ဆင်ဖြူတော်ကို မြန်မာဘုရင်ဆီ သွားရောက်ဆက်သရင် အင်္ဂလိပ်အစိုးရ ငြိုငြင်မှာစိုးတာနဲ့ အဲဒီ ဆင်ဖြူတော် သတင်းကို မထိ တထိသာ ထုတ်ဖော်ခဲ့ရတာကို ဆိုလိုတာပါ။                  “ပေါ် ပေါ် မပေါ်  – ငမြတ်ဖော်၊ မဆီမဆိုင် – ငရွှေခိုင်”  ဆိုတာကျတော့။ ဦးမြတ်ဖော်ဟာ ဆင်ဖြူတော် ပေါ်တဲ့ အကြောင်းဖော်လိုက် ဖုံးလိုက်နဲ့ မရဲတရဲ ဖြစ်နေတုန်းမှာ ငွေကြေးတတ်နိုင်တဲ့ ဦးရွှေခိုင်က ကြားကနေ မဆီမဆိုင်ဘဲ ဆင်ဖြူတော်လေးကို ငွေနဲ့ဝယ်ယူသွားပြီး မြန်မာဘုရင်ထံ သွားရောက်ဆက်သ ခဲ့ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။

ရှေးထားဝယ်သားကြီးတွေ ဖြစ်တဲ့ ဦးရွှေခိုင်နဲ့ ဦးမြတ်ဖော်တို့ လာရောက် ဆက်သတဲ့ ဆင်ဖြူတော်မလေးဟာ ၁၂၃၃ ခုနှစ် ဆောင်းဦးပေါက်ချိန်မှာ မန္တလေးနေပြည်တော်ကို ဆိုက်ရောက် ခဲ့တယ်လို့ သိရပါတယ်။ တကယ်တော့ ဦးရွှေခိုင်နဲ့ ဦးမြတ်ဖော်တို့ဟာ သူတို့ရဲ့ ဆရာအရင်းဖြစ်တဲ့ အရှင်က္ကန္ဒဝံသ                  (ဘုန်းကြီးရွှေဆင်)ရဲ့ ဒကာမ မိဖုရား ခေါင်ကြီး စကြာ ဒေဝီနဲ့ မင်းတုန်းမင်း ကြီးကိုဆင်ဖြူတော်သွားရောက် ဆက်သ ခဲ့တာဖြစ်ပါတယ်။ ထားဝယ်သူ ဆင်ဖြူ တော်မလေးကို ဘုရင့်နေပြည်တော်က ဘယ်လောက်တောင်မှ တန်ဖိုးထားပြီး လက်ခံယူခဲ့သလဲဆိုတာကို ဘုရင့် နန်းတော်အတွင်းကို ဆင်ဖြူတော်သွတ် သွင်းခဲ့တဲ့ အခမ်းနားကို လေ့လာရခြင်း အားဖြင့် သိနိုင်ပါတယ်။ တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ အဆောင်ယောင် တွေနဲ့ ဆင်ဖြူတော်လေးကို ဆောင်ယူ ခဲ့တာပါ။  မင်းတုန်းမင်း တရားကြီး ကလည်း ဆိုက်ရောက်လာတဲ့ ဆင်ဖြူ ရတနာတော်ကို နှစ်သက်လွန်းတာမို့ ဆင် ဖြူတော်တို့ရဲ့ အသုံးအဆောင်များနဲ့ အတူ သီရိမဟာသုဒ္ဒါရတနာဘွဲ့တော်ကို ချီးမြှောက် ပေးသနားတော်မူပါတယ်။
ထားဝယ်သူ ဆင်ဖြူမလေး သိရိ မဟာသုဒ္ဒါရတနာရဲ့အဆင်းအင်္ဂါနဲ့ ပတ် သက်လို့ အချုပ်တန်းဆရာဖေက အခုလို စပ်ဆိုခဲ့ပါသေးတယ်။
– တစ်ထောင့်နှစ်ရာ ၊ ကောဇာလှစ် သုံးဆက်သုံးနှစ် ပြက္ခဒိန်၊ လူမင်း ဧကရာဇ်၊ ဂယက်ရှိန် အထက်ဝတိန်က္ကန္ဒာမှူး၊ လဆောင်းမာသ ခညောင်းလာရ၊ မလောင်းနာဂငွေဆန္ဒလို ၊ ဆွေနတ်တမန် ဆက်သွင်း လာချက်ထူး ၊ ဒဝယ်တိုင်းက အနွယ်တိုင်းပ ၊ ဘယ်သမိုင်းမှ ခံရာ ဇာလို အတုပမာမကြုံဘူး၊ ဂဇာ့ကညာ ပဏာမှူးနှင့် ကမ္ဘာထူးလို့ ရှိဦးလျှံ၊ စပါး ဆန်ရေရွှေငွေလျှံဘုန်း ၊ သပြေမြန်လုံး မသုံးနိုင်ဘို့ မန်းမြို့ မန်းရွှေဘုံ ၊ ပြောင်န ၀ရတ္တ ၊ အခေါင်ဆန္ဒ အရောင်လျှပ်ကြွ ခြောက်ပါးစုံသည်၊ အသားတပုံပန်း ရောင်နီသို့ ပုလဲမျက်ရှု စက္ကုအညီ၊ အမွေး ငွေအပ်စီ ၊ ဒေါင်းနေ လျှံခ၊ သောင်းမြေ မန္တလ၊ အလောင်း ဝေသန္တရ ပါရမိလို၊ ကာသစာဆင်မျိုး ပေပလေး… ။

ထားဝယ်မြို့က ဆင်ဖြူတော်မလေး နေပြည်တော်ကိုဆိုက်ရောက်ပြီး ငါးနှစ် အကြာဖြစ်တဲ့ ၁၂၃၈ ခုနှစ်မှာ မိဖုရား ခေါင်ကြီး စကြာဒေဝီ နတ်ရွာစံပါတယ်။ ထုံးစံအားဖြင့် အလယ်နန်းမိဖုရားကို နန်းမတော်ကြီး စကြာဒေဝီရဲ့အရိုက်အရာ ပေးသနားပြီး မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ရမှာ ဖြစ်တယ်လို့ ဆိုပါ တယ်။ ဒါပေမယ့် မင်းတုန်းမင်းကြီး အနေနဲ့ အရှင်နန်းမတော် မိဖုရားခေါင်ကြီး အရိုက်အရာကို ဘယ်မိဖုရားကိုမှ အပ်နှင်း လိုခြင်း မရှိခဲ့ပါဘူး။ မင်းတုန်းမင်းကြီးဟာ တစ်ဖက်က အလယ်နန်း မိဖုရားအနေနဲ့ မိဖုရားခေါင်ကြီး အရိုက်အရာကို အပ်နှင်း မခံရလို့ ရှက်စိတ်နဲ့ ဝမ်းနည်းနာကြည်း သွားမှာကိုလည်း ရိပ်မိပါတယ်။ ဒါကြောင့် အလယ်နန်းမိဖုရားကို အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးအဖြစ် မအပ်နှင်းနိုင် ခဲ့ပေမယ့်လည်း သီရိပ၀ရတိ လောက မဟာရတနာဒေဝီဘွဲ့ကို အပ်နှင်းပြီး မိဖုရားခေါင်ကြီးတို့ရဲ့ အစဉ်အဆက် ဖြစ်တဲ့ အဆောင်အယောင်တွေကိုလည်း ပေးသနားတော်မူပါတယ်။ နောက်ပြီး ထားဝယ်မြို့မှ ဆက်သလိုက်တဲ့ သီရိ မဟာသုဒ္ဒါ ရတနာဆင်ဖြူတော်မလေး ကိုပါ ပေးသနားလို့ ဆင်ဖြူမရှင်ဘွဲ့ ကိုပါ ခံယူစေခဲ့တာပါ။ ဒီတော့ အလယ် နန်း မိဖုရားမှာလည်း  အဂ္ဂမဟေသီ မိဖုရား ခေါင်ကြီးအဖြစ် မအပ်နှင်းခံရ ပေမယ့် ထူးထူးခြားခြား ဆင်ဖြူမရှင်ဘွဲ့ ကို သနားခြင်းခံရတာမို့ ကျေနပ်နှစ်သိမ့်ခဲ့ တယ်လို့ ဆိုပါတယ် ။

ထားဝယ်သူ ဆင်ဖြူရှင်မလေး             ” သီရိမဟာသုဒ္ဒါရတနာ” ဟာ ရတနာ ပုံနေပြည်တော်ကို ဆိုက်ရောက်ပြီး ၁၄ နှစ်အကြာဖြစ်တဲ့ ၁၂၄၇ ခုနှစ် ပထမ ဝါဆိုလမှာ ကံကုန်ခဲ့ပါတယ်။ သီပေါမင်း မပါတော်ခင် ၅လလောက် အလိုမှာပါ။ တစ်နိုင်ငံလုံး သူ့ကျွန်ဘ၀ မရောက်ခင် ဆဲဆဲ ကံကုန်ပြီး ခန္ဓာ ချုပ်ငြိမ်းခဲ့ရတာ ဖြစ်ပါတယ်။  သူ့ကို ပိုင်ဆိုင်ခွင့်ရတဲ့ ဆင်ဖြူမရှင် မိဖုရား ကြီးရဲ့ ကံကြမ္မာ ကတော့ မငြိမ်းချမ်း နိုင်သေးပါဘူး။  သီပေါမင်းပါတော်မူတဲ့ အခါမှာ အင်္ဂလိပ် အစိုးရက ဆင်ဖြူမရှင် မိဖုရားကြီးကို သမီးတော်မိုင်းနောင်စုဖုရား ကြီးနဲ့အတူ အချွေအရံတွေနဲ့ ထားဝယ်မြို့ကို ပို့ဆောင်စေပြီး အကျယ်ချုပ်နဲ့ ထိန်းသိမ်း ထား လိုက်ပါတော့တယ်။

ဆင်ဖြူမရှင် မိဖုရားကြီးဟာ ထားဝယ် မြို့မှာ နိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့  ၃ နှစ်လောက်နေသွားခဲ့ ရရှာပါတယ်။ ထားဝယ်မြို့သ lဆင်ဖြူမလေးနဲ့ အဲဒီဆင်ဖြူ မလေးကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ဆင်ဖြူမရှင် မိဖုရားကြီးနဲ့ ထားဝယ်မြို့တို့ လာပြီး ရေစက်ဆုံလိုက်ပုံက တကယ်ကို အံ့ဩ လောက်စရာပါပဲ။