မြိတ်တွင် တစ်ယူနစ် ၂၀၀ ကျပ်နှုန်းဖြင့် ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမည်

0
557

မြိတ်မြို့နယ်တွင် လာမည့် ၂၀၁၆ ခုနှစ် ဇွန်လမှစပြီး တစ်ယူနစ် ၂၀၀ ကျပ်နှုန်းဖြင့် လျှပ်စစ်ဓာတ်အား ၂၄ နာရီ ဖြန့်ဖြူးသွားမည်ဟု ယင်းလျှပ်စစ်ဓာတ် အား ဖြန့်ဖြူးရေးလုပ်ငန်းကို တာဝန်ယူ လုပ်ကိုင်မည့် Green Power Myanmar Co.ltd တာဝန်ရှိသူ တစ်ဦး ထံမှ သိရသည်။

လျှပ်စစ် မီးသုံးစွဲသူများအတွက် မီးအားမှန်မှန်နှင့် ပြည့်ဝစွာ သုံးစွဲနိုင်စေပြီး စက်မှုလုပ်ငန်းများအတွက် ရည်ရွယ်ကာ ဒီဇယ်ဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးသွားမည်ဟု အထက် ပါတာဝန်ရှိသူက ပြောသည်။
အဆိုပါ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးအတွက် အင်းလေးမြိုင် စက်မှုဇုန် အတွင်းရှိ အပြည်ပြည်ဆိုင်ရာ ငါးလေလံ ဈေးကွက်ပိုင် မြေနေရာတွင် စက်ရုံကို တည်ဆောက်သွားမည်ဖြစ်ကာ လာမည့် ဒီဇင်ဘာလတွင် စတင် အကောင်ထည် ဖော်မည်ဖြစ်ပြီး ၂၀၁၆ ဇွန်လမှ စပြီးလျှပ် စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည် ဂရင်းပါဝါ မြန်မာကုမ္ပဏီမှ သိရသည်။

၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွက် ဂျာမနီနိုင်ငံထုတ် ၄ မဂ္ဂါဝပ် နှစ်လုံးနှင့် ၃ မဂ္ဂါဝပ် အရန် အင်ဂျင် တစ်လုံးတို့ကို အသုံးပြု လည် ပတ်မည်ဖြစ်ပြီး ခန့်မှန်းကုန်ကျငွေ အမေရိကန် ဒေါ်လာ ၁၂ သန်း ခန့်ရှိ မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ မြိတ်တွင် ဖိုးသီးချို ကုမ္ပဏီ အပါ ပုဂ္ဂလိက မီးလင်းရေး အဖွဲ့ ၉ ဖွဲ့တို့မှ တစ်ယူနစ်လျှင် ၃၅၀ ကျပ်နှုန်းဖြင့် လျှပ်စစ် ဓာတ်အားများ ဖြန့်ဖြူးနေကြောင်း မီးလင်း ရေးအဖွဲ့ အသိုင်းအဝိုင်းမှ သိရသည်။

” မီတာဈေးနှုန်းက ပုံမှန်မရှိဘူး ဒီဇယ် ဈေးအတက်အကျပေါ်မူတည်ပြီး ပေးနေ ရတာပါ ၂၀၀ ကျပ်နှုန်းက ဖြစ်သင့်တာ ကြာပါပြီ” ဟု စက်ဝင်းရပ်ကွက်နေလျှပ်စစ်မီး သုံးစွဲနေသူ တစ်ဦးက ပြောပြသည်။
ထို့ပြင် မြိတ်မြို့နယ်အတွက် ဈေး နှုန်းသက်သာသည့် နှုန်းတစ်ခုဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမည်ဟု ဆိုကာ လော့လော့ ကျေးရွာတွင် သန်းဖြိုးသူ ကုမ္ပဏီမှ ၅၀ မဂ္ဂါဝပ်ထုတ် လျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် တုံးဗျောကျေးရွာ အုပ်စု မွှေးရှောင် ကျေးရွာတွင် ထိုင်း ကုမ္ပဏီတစ်ချိုနှင့် ပြည်တွင်း ကုမ္ပဏီ တစ်ချို့ ပူးပေါင်းကာ ၂၆၄၀ မဂ္ဂါဝပ်ထုတ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံကို တည်ဆောက်ရန်အတွက် လျာထားကြောင်း သိရသည်။
ယင်းကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ နှစ်ခုစလုံးသည် ဒေသခံများ၏ ကန့်ကွက်မှုကို ခံနေရ သည်။