ရွေးကောက်ပွဲကာလ ထီးခီး နယ်စပ်ဂိတ် အဝင်အထွက် ပုံမှန်သာရှိ

0
476

ရွေးကောက်ပွဲကာလအတွင်း ထီးခီး နယ်စပ်ဂိတ်မှတဆင့် ဝင်ထွက်သွားလာ သူပုံမှန်သာရှိကြောင်း ထားဝယ်ထီးခီး ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် လိုင်းများထံမှ သိရသည်။

ရွေးကောက်ပွဲကာလအတွင်း ထိုင်း နိုင်ငံ မြန်မာရွှေ့ပြောင်း လုပ်သားများ မဲပေးရန် ပြန်လာသူနည်းပါးပြီး ယခင်နှစ် များကဲ့သို့ သီတင်းကျွတ်၊ တန်ဆောင်မုန်း ကာလတွင် ပြန်လာနေကြအတိုင်း ပုံမှန် သာရှိသည်ဟု ထားဝယ်-ထီခီး နေ့စဉ် ပုံမှန် ပြေးဆွဲနေသည့် ယာဉ်လိုင်း အချို့ ထံမှ သိရသည်။
” မဲထည့်ဖို့ဆိုပြီး ပြန်လာတဲ့သူ ကတော့ မကြားမိဘူး။ ကထိန်ခင်း ကာလ မို့လို့ အလှူပြန်လာလုပ်တဲ့ သူတွေပဲ များတယ်” ဟု ထားဝယ်-ထီးခီး ယာဉ်လိုင်း တစ်ခုမှ ဂိတ်မှူးက ပြောသည်။

လက်ရှိတွင် ပျမ်းမျှအားဖြင့် ခရီး သည်ယာဉ်လိုင်းအများစုမှ နေ့စဉ်ပုံမှန် ပြေးဆွဲနေပြီး တစ်ရက်လျှင် ခရီးသည် ၁၀ ကျော်ခန့် ပုံမှန်ပို့ဆောင်ပေးနေရ ကြောင်း ယာဉ်လိုင်းအချို့မှ သိရသည်။

” အိမ်က သားက မဲပြန်လာပေးမယ် လို့ပြောပြီး တကယ် မဲပေးခါနီးကျတော့ စရိတ်ကြီးလို့ ပြန်မလာနိုင်တော့ဘူးတဲ့” ဟု ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် ရွှေ့ ပြောင်း လုပ်သားတစ်ဦး၏ ဖခင်ဖြစ်သူ က ဆိုသည်။
ရွေးကောက်ပွဲတွင် အစိုးရ၏ ခွင့်ပြု ချက်ဖြင့် ပြည်ပရောက်နေသူ များသာ သက်ဆိုင်ရာ သံရုံးများကတဆင့် ကြို တင်မဲ ပေးခွင့်ရှိသော်လည်း တရားမဝင် ရောက်ရှိနေသည့် ရွှေ့ပြောင်းလုပ်သား များအတွက်မူ ၎င်းတို့၏အိမ်ထောင်စု ရှိသည့်ဒေသတွင် မဲစာရင်းပါမည်ဖြစ် သောကြောင့် မဲပေးလိုပါက ကိုယ်တိုင် လာရောက်ကာ မဲပေးကြရမည် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် တနင်္သာရီတိုင်းမှ ရွှေ့ပြောင်းလုပ်သား ၂သိန်း ကျော်ရှိသည်။