အင်ဒိုရေပိုင်နက်ကျော်၍ အဖမ်း ခံရသည့် ရေလုပ်သား ၁၀ ဦး နေရပ်ပြန်

0
707

ထိုင်းနိုင်ငံပိုင် ငါးဖမ်းလှေမှ အင်ဒိုနီးရှားရေပိုင်နက်ကို ကျော်လွန် ငါးဖမ်းသည့်အတွက် အဖမ်းခံခဲ့ရသည့် ထားဝယ်ခရိုင်မှ ရေလုပ်သား ၁၀ ဦးသည် နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လယ်တွင် ထားဝယ်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။


ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ရေပိုင်နက်ကျော်လွန်သဖြင့် အင်ဒိုနီးရှား နိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် မြန်မာ ၄၄ ဦးရှိပြီး ၎င်းတို့ကိုထိန်းသိမ်းထားသည့်ကျွန်းမှ နိုဝင်ဘာလ ၉ ရက်နေ့တွင် ထွက်ခွာလာခဲ့ပြီး ၎င်းတို့အထဲတွင် ထားဝယ်ခရိုင်မှ ၁၅ ဦး ပါဝင်ကြောင်း ပြန်ရောက်လာသည့် ရေလုပ်သားများထံမှ သိရသည်။
” ရန်ကုန်မှာ ၅ ယောက် ကျန်ခဲ့တယ်။ ကျွန်းကနေ မြန်မာပြည် ပြန်လာတာ မလေးရှားလေဆိပ်မှာ အိတ်တွေကျန်ခဲ့လို့ အိတ်တွေ စောင့်နေတယ်။ မနက်ဖန် ပြန်ရောက်လိမ့်မယ်”  ဟု ပြန်လာသည့် ရေလုပ်သားတစ်ဦးဖြစ်သည့်ကိုခင်မောင် သက်ချိုဦး က ဆိုသည်။
၎င်းတို့သည် လှေစလိုက်သည်မှ ၄ လအကြာတွင် အင်ဒိုနီးရှား နိုင်ငံ၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံပိုင် ကျွန်းတစ်ကျွန်း တွင် ၇ လ ကြာထိန်းသိမ်းခံထားခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။
” ဟိုမှာ အဆင်ပြေပါတယ်။ ထောင်ချထားတာမျိုး မဟုတ်ဘူး။ လွတ်လွတ်လပ်လပ်ပါပဲ။ အလုပ်တောင် လုပ်လို့ရတယ်။အခုလို အိမ်ပြန် ရောက်လာတော့ ကျေနပ်ပြီးတော့ ဝမ်းသာတယ်။ မိဘတွေ ညီအကို မောင်နှမတွေနဲ့ မတွေ့တာ ၁၀ နှစ်လောက် တောင်ရှိပြီ}} ဟု ပိန္နဲ တောရပ်ကွက်မှ နေရပ်ပြန်သူတစ်ဦးက ဆိုသည်။
ယင်းမြန်မာရေလုပ်သားများကို အင်ဒိုနီးရှားနိုင်ငံသံရုံးနှင့် အလုပ် သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့တစ်ဖွဲ့တို့ ပူးပေါင်း ကာ နေရပ် ပြန်ရန် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်ဟု နေရပ်ပြန်လာသည့် ရေလုပ်သားများထံမှ သိရသည်။