မေတ္တာရောင်ပြန် ဟပ်စေသား

0
543

သို့
ပြည်သူ့ဆန္ဒကို ရှင်းလင်းတိကျပီ သအောင် ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ မဲရုံ ဝန်ထမ်း ဆရာဆရာမအပေါင်းတို့ ခင်ဗျာ..၊ ကျွန်တော့်ရင်ထဲက လှိုက်လှိုက် လှဲလှဲ စီးဆင်းလာတဲ့ စကားလုံးများကို နှလုံးသွေးထုံးဖွဲ့ ဂါရ၀ပြုလိုက်ပါတယ်..။
ပြည်သူ့ မေတ္တာရောင်ပြန်ဟပ်ကာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ ခင်ဗျာ..။

နိုဝင်ဘာ ၈ ရက်နေ့က မဲရုံထဲမှာ ကျရောက်ခဲ့ရသမျှ သောကဗျာပါဒ တွေအတွက် ဒီနေ့ဒီရက်လောက်ဆို ဆရာဆရာမတို့ အမောပြေလုပြီ ထင်ပါ ရဲ့။ အမောဖြေနိုင်တဲ့ အချိန်တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ထပ်လောင်း ဆုတောင်းပေးပါတယ်ခင်ဗျာ..။ မဲပေးတဲ့ နေ့က ဆရာဆရာမတွေ ထမ်းခဲ့ရတဲ့ တာဝန်ရဲ့ကြီးမားလေးလံ အပင်ပန်းခံ ရမှုကို တွေးမြင်တတ်သူတိုင်း ကိုယ်ချင်း စာနိုင် ကြပါတယ်ခင်ဗျာ..။ ဒါကြောင့် ဆရာဆရာမတို့ အမောပြေပါစေတော့လို့ ဆုတောင်းပေးရတာပါ။

မဲပေးပွဲကြီးအတွက် ဆရာဆရာမတို့ ဘယ်လောက်ထိ ပြင်ဆင်ခဲ့ရတယ်ဆိုတာ သိပါတယ်ခင်ဗျာ။ မဲပေးတဲ့နေ့တွေ မတိုင်ခင်ကတည်းက မဲရုံသင်တန်းတွေ တက်နေရတာ ကျောင်းစာတောင် ကောင်းကောင်းမသင်နိုင်ကြလို့ ကျောင်း သားလေးတွေရဲ့ လစဉ်စမ်း စာမေးပွဲ အမှတ်တွေတောင် ဗုန်းဗုန်းကျတဲ့အထိ လေ..။
မဲပေးတဲ့နေ့မှာ မဲရုံဖွင့်ချိန် မတိုင်ခင် ညကတည်းက ဆရာ၊ ဆရာမတို့က မဲရုံအခင်းအကျင်းကို သေသပ်ရှင်းလင်း အောင် အတော့်ကို အားထုတ်ပြင်ဆင် ခဲ့ကြရမှာပါ..။ ဘယ်လိုပဲ ကြိုပြင်ပြင် အထာမကျတာတွေတော့ ရှိခဲ့တာတော့ မဆန်းဘူးပေါ့ခင်ဗျာ..။ မဲရုံအဖွဲ့ဝင်အား လုံးက ကိုယ်ကျရာအခန်းက ဏ္ဍအလိုက် အတွက် ကျေကျေညက်ညက် လေ့လာ သိရှိထားသူတွေ မဟုတ်နိုင်ဘူးလေ..။

နောက်ပြီး မဲရုံတွေမှာ အစမ်း လေ့ ကျင့် ကြိုတင်ဇာတ်တိုက်ကြတာလည်း မတွေ့မိ..၊ အထက် ပုဂ္ဂိုလ်တွေကလည်း အဲလို ဇာတ်တိုက်ဖို့ လုပ်ဖို့ ညွှန်ကြား တယ်၊ ကုန်ကျငွေ ထုတ်ပေးတယ်ရယ်လို့ မကြားမိ..။ ဆိုတော့ မဲပေးသူရော မဲရုံ ဝန်ထမ်းတွေအတွက်ပါ မဲရုံဆိုတာ တကယ့်ကို အစိမ်းသက်သက်ရယ်လေ..။ ဒါကြောင့် မဲစပေးခါနီးမှ မဲရုံအတွင်းမှာ ကမန်းကတန်း ပြင်ဆင်ရင်းနဲ့ အလွဲလွဲ အမှားအမှားတွေဖြစ်ပြီး မြန်မာစံတော်ချိန် ၆ နာရီတိတိမှာ မဲရုံစမဖွင့်နိုင်ခဲ့တဲ့ မဲရုံတွေရှိခဲ့တာပေါ့ခင်ဗျာ..။
react_lovingkidness
ကျွန်တော်ဆို မဲရုံဖွင့်တာနောက် ကျလို့ ” ၆ နာရီထိုးပြီဗျို့၊ ခုချက်ချင်း မဲရုံဖွင့်..၊ မဖွင့်ရင် တရားစွဲပစ်မယ်ကွ..” ဆိုပြီး မဲရုံထဲကလူတွေ အားလုံးကြား အောင် အကျယ်ကြီး အော်ပစ်ခဲ့မိပေါ့ဗျာ..။ တစ်သက်မှာ တစ်ခါဆိုသလို ကြုံတောင့် ကြုံခဲ မဲပေးပွဲကြီးမှာ မဲပေးချင်လွန်း တဲ့ဇော၊ ရထားတွဲကြီးလို တစ်ရှည် တမျောကြီး စိတ်အားထက်သန်စွာ တန်းစီနေတဲ့ မဲဆန္ဒရှင် ရွာသားအားလုံး မဲပေးခွင့် မဆုံးရှုံးစေလိုဇောတွေ ကပ်နေ တော့ အလိုက်ကန်းဆိုးမသိနိုင်ဘဲ ဖြစ် သွားတာပါခင်ဗျာ..။
နောက်ပြီး ဒီပွဲမှာ ဘယ်သူ့ကိုမှ မယုံရဲတော့တာလည်း ပါမိတယ်ပေါ့ ခင်ဗျာ..။ ကျွန်တော်တို့ မဲဆန္ဒရှင်တွေက ခဏခဏ အလိမ်ခံရလွန်းတော့ ထပ် လိမ်မှာ ကြောက်တာလည်း အပြစ်ပြော လို့ မရဘူးခင်ဗျာ..။
တကယ်ဆို ဆရာဆရာမ အားလုံး ဟာ ကျွန်တော်တို့ ရပ်သူရွာသားတွေ ကြည်ညိုလေးစားပြီးသား သူတွေပါ..။ သမာသမတ်ကျနိုင်သူတွေအဖြစ် ယုံ ကြည်ကိုးစားပြီးသားပါ..။

ကျွန်တော်တို့ မယုံကြည်နိုင် ဖြစ်ခဲ့တာက ရွေးကောက်ပွဲယန္တရား ကြီးကိုပါ။ အဲဒီ ယန္ဒရားကြီးတစ်ရပ်လုံးရဲ့ အခရာအကျဆုံးဖြစ်တဲ့ မဲရုံမှူးနဲ့ အဖွဲ့ ဝင်တွေကို မယုံမရဲဖြစ်ခဲ့ကြတာ ဆရာ ဆရာမတို့ရဲ့ ဂုဏ်သိက္ခာကို ထိပါးသလို ဖြစ်ခဲ့ပေါ့ခင်ဗျာ..။ ဖြတ်သန်းခဲ့ပြီးတဲ့ ရွေးကောက်ပွဲတွေနဲ့ ခုပွဲကြီးကြပ်သူတွေ ရဲ့အမှားမှားအယွင်းယွင်းသော ဆုံး ဖြတ်လုပ်ဆောင်ချက်အရိပ်တွေက ကျွန် တော်တို့ မဲဆန္ဒရှင်တွေအပေါ် အတော် ကြီးကို စိုးမိုးထားခဲ့တော့လေ..။
ဒါပေမယ့် မဲရုံထဲရောက်တာနဲ့ ဆရာဆရာမတွေ အကောင်းဆုံးနဲ့အတတ် နိုင်ဆုံးကြိုးစားလုပ်ဆောင်ထားကြတာ ကို တွေ့ရပါတယ်ခင်ဗျာ..။ သို့သော် လည်း သံသယအစွဲဆိုတာ ချွတ်ရခက် လွန်းလှတဲ့ အမျိုးလေ..။ မဲဆန္ဒရှင်တိုင်း က ငါတို့မဲကို ဘယ်သူတွေ လိမ်ယူ သွားမလဲလို့ မဲရုံထဲမှာ သတိအနေအထား ရှိနေတာလည်း အပြစ်မဆိုသာ ပြန်ဘူး ခင်ဗျ..။ ပါတီအသီးသီးက မဲရုံကိုယ် စားလှယ်ကြီးတွေကလည်း သူတို့ပါတီက သင်ကြားပို့ချထားတဲ့အတိုင်း မဲရုံတစ်ရုံ လုံးကို မျက်စိဒေါင့်ထောက် စောင့်ကြည့် နေကြမှာပေါ့..။

အဲဒီလို သံသယတွေအောက်မှာ၊ ပြိုင်ဘက်မဲရုံကိုယ်စားလှယ်တို့ရဲ့ တစ်ဖက်နဲ့တစ်ဖက် တချိန်လုံး အလစ် မပေး စောဒကတက်မှုတွေကြားမှာ အမှားအယွင်း အတိမ်းအစောင်းမခံရ အောင် လုပ်ဆောင်ကြရတာ တကယ့် မလွယ်တဲ့ ကိစ္စကြီးတွေပါ။
မဲဆန္ဒရှင်တွေဆိုတာကလည်း လူ အမျိုးမျိုး စိတ်အထွေထွေလေ..။ လူတန်း စားလည်း ပေါင်းစုံပေါ့ခင်ဗျာ..။ သူတောင်းစားကနေ သမ္မတအထိ အခွင့် အရေးတန်းတူ ရတဲ့နေ့ဆိုတော့ သူတို့ရဲ့ ရပိုင်ခွင့်ကို သူတို့သိရှိသလောက် တောင်းဆိုကြတာ မဆန်းဘူးပေါ့ခင်ဗျာ..။ အဲဒီထဲမှာ ပြောရဆိုရ လက်ပေါက်ကပ် တဲ့သူ၊ တတ်ယောင်ကားနဲ့ ရမ်းသန်းပြော တဲ့သူ..၊ မဲဆန္ဒရှင်တစ်ယောက်ရဲ့အခွင့် အရေးကို အဆမတန် တောင်းဆိုတဲ့လူ.. စသဖြင့်သော လူခွစာများလည်း ပါလာ ပေမယ်ပေါ့ခင်ဗျာ..။

သည်ကြားထဲ..၊ ကင်းလှည့်နေတဲ့ အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ဝင်တွေ၊ ကိုယ်စားလှယ်လောင်းကြီးတွေရဲ့ ဖိအား ကလည်း တစ်မှောင့်လေ..။ ဆရာဆရာမ တွေဘက်က လစ်ဟာချက်၊ ဟာကွက် ပျော့ကွက်တွေကိုတွေ့ရင်တွေ့သလို နင်း ပြီး မထင်ရင် မထင်သလို ပုံကြီးချဲ့ဟိန်း ဟောက် ခြိမ်းခြောက်ခံကြရဦးမှာပေါ့..။ (ကျွန်တော့်လို အညတရ မဲဆန္ဒရှင်တစ် ယောက်ကတောင် တရားစွဲမယ်လေး ဘာလေး အော်ခဲ့သေးတော့လေ..)။
ရွေးကောက်ပွဲစောင့်ကြည့်သူတွေ၊ မီဒီယာသမားတွေကိုလည်း ထိန်းညှိ ဖြေကြားရတာတွေလည်း အမြဲတွေ့ကြုံ ရင်းနှီးပြီးသား ကိစ္စ မဟုတ်ရင် ခက်ခဲတဲ့ ဖိအားတစ်ခုပဲဆိုတာ ကျွန်တော်တွေး ကြည့်မိပါတယ်ခင်ဗျာ..။

နောက်ပြီး ဆရာဆရာမတွေက အိပ်ရေးမ၀နိုင်တဲ့ နိုင်ဝင်ဘာ ၇ ရက် ညကို ဖြတ်သန်းပြီး နိုဝင်ဘာ ၈ ရက် နေ့မိုးမလင်းမီ နံနက် ၄ နာရီ မတိုင် ခင်တည်းကနေ ညနေမဲရုံပိတ်၊ အမှား အယွင်းမရှိအောင် မဲရေတွက်၊ ဂဃနဏ စာရင်းသွင်း၊ ချိတ်ပိတ်ထုပ် ပိုးပြီးမြို့နယ် ကော်မရှင်ရုံးအထိ လိုက်ပို့၊ မြို့နယ်မှာ စာရင်းဇယားနဲ့ အပ်နှံ.. စတဲ့ ကိစ္စတွေကို မနားစတမ်း တောက်လျှောက်လုပ်ရတာ ဘယ်လွယ်လိမ့် မလဲဗျာ..။
တချို့ မဲရုံမှူးဆရာဆရာမတွေဆို ခဏလေးလက်လွှဲဖို့တောင် စိတ်မချလို့ ထမင်းစားဖို့မဆိုထား၊ အပေါ့အပါး တောင် သွားချိန်မရလို့ ဆီးတွေဝမ်းတွေ တောင် ချုပ်ကုန်တဲ့အထိလို့ ကြားမိ ပါတယ်။ ဒါက သာမန် မဲရုံငယ်လေးတွေ ကို ပြောတာပါ..။

မဲဆန္ဒရှင်ဦးရေ တစ်ထောင်ကျော် ကနေ နှစ်ထောင်ကျော်အထိ မဲပေးခဲ့တဲ့ မဲရုံတွေဆို မိုးလင်းခါနီးတဲ့အထိ မဲရေ တွက်ရသူတွေ..၊ နိုဝင်ဘာ ၉ ရက် နံနက် မှ မြို့နယ်ရုံးကို ပို့ခဲ့ရတဲ့ မဲရုံက မဲရုံမှူး နဲ့အဖွဲ့ဝင်တွေဆို ၂၄ နာရီပတ်လုံး တရစပ် မနေမနားလုပ်ခဲ့ရမှာပေါ့ခင်ဗျာ..။ တချို့မဲရုံက ဆရာဆရာမတွေဆို ရေတွက်ရ များလွန်းလို့ လက်အံသေပြီး မဲပြားကိုတောင် ပရိသတ်မြင်အောင် ထောင်မပြနိုင်တော့တဲ့အထိ ဖြစ်ခဲ့ကြရ သတဲ့ဗျာ.. (တချို့ဆရာဆရာမတွေဆို အိမ်ပြန်ရောက်တာနဲ့ ဆေးဗူးချိတ်လိုက် ရတယ်လို့တောင် ကြားမိပါရဲ့..)။

ဆရာဆရာမတွေနေရာမှာ ကျွန် တော်ဆိုလည်း အဲလိုပဲ ဖြစ်မှာပဲလေ..။ မဲပြား လေးငါးခြောက်ထောင်ကျော်ကို မမှားအောင် ရေတွက်..၊ လူတကာ မြင်သာအောင် မြှောက်ပြရတာ ဘယ် လောက်ခက်ခဲလိုက်မလဲ..။ မှားရင် လည်း ဝိုင်းအပြစ်တင်ကြမှာလေ..။ ပြီး တော့ မဲရေတွက်ချိန်ဆို ညဘက်ကြီး..။ တချို့မဲရုံတွေဆို မီးက ကောင်းကောင်း မလင်း။ တစ်နေကုန် လူပေါင်းစုံနဲ့ ဆက်ဆံခဲ့ရလို့ စိတ်လက်ကုန်ခန်းခဲ့ပြီး ညတွင်းချင်း မနားစတမ်း ဆက်တိုက် လုပ်ရတာ..။ ပြီးတော့ တာဝန်ကလည်း ကြီးမှကြီး၊ မဲတစ်ပြားမှားတာနဲ့ အစ ကနေ ပြန်လုပ် ပြန်ရေရမယ့်ကိန်းကိုး ခင်ဗျ..။
နောက်ပြီး အမှားဖမ်းဖို့ စောင့် နေတဲ့ ပါတီစုံက မဲရုံကိုယ်စားလှယ်တွေ၊ ရပ်ရွာအသိသက်သေတွေရှေ့မှာ ကိုယ့် နဂိုရှိပြီးသား သမားဂုဏ်ကိုလည်း အထိ အခိုက် မခံနိုင်ဘူးလေ..။

လုပ်ငန်းစဉ်အားလုံး ချောမွေ့ မှန်ကန်ပြီး သက်ဆိုင်သူတိုင်း စိတ်ကျေ နပ်ရင် ချီးကျုးစကားဆိုမယ့်သူ မရှိပေမဲ့ မှားလို့ကတော့ ထောင်တောင်ကျသွား နိုင်တဲ့ အနေအထား..။ ရပ်သူရွာသား တွေရဲ့တံထွေးခွက်မှာ အချိန်မရွေး ပက်လက်မျောမယ့် အပေါက်ထဲ ဇောချွေး တပြိုက်ပြိုက်ကျပြီး ဖျစ်ညှစ် ကုန်းရုန်း လုပ်ဆောင်နေရမှာကို တွေးကြည့်မြင် ယောင် စိတ်မကောင်းဖြစ်မိရိုး အမှန်ပါ ခင်ဗျာ..။
တကယ်ဆို ဆရာဆရာမတွေက သံသယတွေရဲ့ ဓားစာခံ ဖြစ်ခဲ့ ရတာပါ..။
ဘယ်သူမှ အကောင်းမမြင်နိုင် အကောင်းပြောမခံရတဲ့၊ နဂို ကတည်းက ကပေါက်တိကပေါက်ချာ လည်ပတ်နေတဲ့ ရွေးကောက်ပွဲ ယန္တရားကြီးမှာ ဆရာ ဆရာမတို့ရဲ့ သမားဂုဏ်ကို ချောဆီအဖြစ် အသုံးချခံခဲ့ရတယ်ဆိုတာ ပေါ် လွင်လှပါတယ်..။ အဆင့်ဆင့်သော ကော်မရှင်အဖွဲ့တွေရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုကြားမှာ ထိုးကျွေးခံထားရ တဲ့ နယ်ရုပ်လေးတွေ ဖြစ်ခဲ့ပေါ့ဗျာ..။

ရွေးကောက်ပွဲ နည်းဥပဒေ ၃၉(ဂ) အရ သင့်လျော်သော ဝန်ထမ်း များကို မဲရုံမှူးနဲ့ အဖွဲ့ဝင်များအဖြစ်ခန့်ထားရမယ်ဆိုတော့ ကော်မရှင် တွေက အလွယ် လမ်းလိုက်ပြီး ဆရာဆရာမတွေကို မဲရုံအတွက် သင့် လျော်သော ဝန်ထမ်းတွေအဖြစ် အတင်းသွတ်သွင်းခြင်း ခံခဲ့ ရတာ လေ..။ ဆရာဆရာမတွေခမျာ စေတနာ၊ ဝါသနာ ပါပါ မပါပါ မငြင်းရဲ မငြင်း နိုင်ဖြစ်ခဲ့ရပေါ့..။
ဘာဖြစ်ဖြစ် ခုပွဲမှာ ဆရာဆရာမတွေ တာဝန်ကျေခဲ့ပါပြီဗျာ..။ ရပ်သူ ရွာသားတွေရဲ့ ဆန္ဒမဲပြားတွေကို တတ်စွမ်းသလောက် ကာကွယ် ဖော်ထုတ် စောင့်ရှောက်နိုင်ခဲ့ကြပါပြီဗျာ..။

အဆင့်ဆင့်သော တာဝန်ရှိသူများက မျက်နှာသာ အပေးမခံရတဲ့ အပြင် မဲဆန္ဒရှင်အပေါင်းတို့ရဲ့ သံသယတွေကိုသာ စားသုံးပြီး မောဟိုက်ပင်ပန်းစွာ ဖြတ်သန်းခဲ့ရတဲ့ နိုဝင်ဘာ ၈၊ နိုဝင်ဘာ ၉ နေ့ရက်တွေမှာ ဆရာဆရာမတို့ရဲ့ ဂုဏ်သိက္ခာကို သမိုင်းမှတ်ကျောက် တင်နိုင်ခဲ့ပါပြီဗျာ..။ ရွာသူရွာသားတို့ရဲ့ သံသယတွေကို အလုပ်နဲ့ သက်သေပြ ချေဖျက်နိုင်ခဲ့ပါပြီဗျာ..။
ဆရာဆရာမတွေ စောင့်ရှောက်ဖော် ထုတ်ခဲ့တဲ့ ပြည်သူ့ဆန္ဒ ရောင်ပြန်ဟပ်မှုများ ဆရာဆရာမတိုင်းထံ ကူးစက်ရရှိနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ..။