သမိုင်းတရားခံ ဖြစ်သွားမှာပေါ့

0
749

ပြီးခဲ့သည့် နိုဝင်ဘာလ၈ရက်က ကျင်းပသည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်သည့် အမတ်နေရာအားလုံး ရှုံးနိမ့်ခဲ့သည့် ထားဝယ်တိုင်းရင်းသား များပါတီ၏ရှေ့ဆက်လုပ်မယ့်လုပ်ငန်းစဉ်များ၊ ပြီးခဲ့သည့်ရွေးကောက် ပွဲရလဒ်ပေါ် သုံးသပ်မှုစသည်များကို တနင်္သာရီပရိသတ်များ သိရှိနိုင် ရန် မေးမြန်းခဲ့သည်။
တနင်္သာရီ – ရွေးကောက်ပွဲရလဒ်လည်း သိပြီးပြီဆိုတော့ ထားဝယ်ပါတီအနေနဲ့ နိုင်ငံရေးကို ရှေ့ဆက်ပြီး ဘယ်လိုလုပ်သွားဖို့ရှိလဲ။

ဦးအေးမင်း – ပါတီအနေနဲ့ ပြန်သုံးသပ်ရမယ်လို့ ယူဆတယ်။ပထမဆုံးက ထားဝယ်လူမျိုးရေးနဲ့ ပတ်သက်ပြီးတော့ပေါ့။စစ်တမ်းကောက်ရမယ်။ ထားဝယ်တွေက ဗမာဖြစ်ချင်နေတုန်းလား။အဲဒါကို စစ်တမ်းကောက်ပြီးမှ လူထုက တကယ်လိုအပ်မှ လုပ်ရမယ် ဆိုတဲ့ သဘောဖြစ်နေတယ်ပေါ့။ မကြိုက်လို့များ မဲမပေးကြတာလားပေါ့။လူထုက တကယ်ကြိုက်နှစ်သက်မှ ဆက်လုပ်ရမယ်ဆိုတဲ့ သဘောဖြစ် နေတယ်ပေါ့။

u_ayemin
လူမျိုးရေးနဲ့ပက်သက်ပြီး တကယ်လို့ ထားဝယ်လူထုတွေက ဗမာဆိုတာကိုပဲ ကြိုက်နေတယ်ဆိုရင်တော့ ကျွန်တော်တို့လုပ်လို့ မရဘူးလေ။ သမိုင်းတရားခံဖြစ်သွားမှာပေါ့။ ထားဝယ်လူထုတွေက မလိုအပ်ဘဲနဲ့ လုပ်သလို ဖြစ်သွားမှာပေါ့။
နောက်တစ်ခုက နောက်တက်လာမယ့် အစိုးရသစ်နဲ့ ညှိနှိုင်းပြီး လုပ်ကိုင်သွားမယ်။
ဒေသတွင်းက စီမံကိန်းတွေနဲ့ပတ်သက်ပြီးတော့ ပြည်သူလူထု ထိခိုက်နစ်နာနိုင်တဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး လူထုဘက်က ရပ်တည်ပြီးတော့ လုပ်ကိုင်သွားမယ်။
ကောင်းတဲ့ စီမံကိန်းတွေဆိုရင် ထောက်ခံဝန်းရံသွားမယ်။

တနင်္သာရီ – ဒါဆို စစ်တမ်းပြန်ကောက်ပြီးလို့ လူမျိုးရေးနဲ့ ပတ်သက်ပြီး လူထုက မလိုအပ်ဘူး၊ အရေးမကြီးဘူးလို့ထင်ရင် ထားဝယ်ပါတီအနေနဲ့ လုပ်မယ့်လုပ်ငန်းထဲက အဲဒီတစ်ခုကို နောက်ရွေ့ လိုက်မယ် ဆိုတဲ့သဘောပေါ့။
ဦးအေးမင်း – အင်းပေါ့။ အဲဒီသဘော ဖြစ်သွားတာပေါ့။

တနင်္သာရီ – လက်ရှိ ရွေးကောက်ပွဲ ရလဒ်အပေါ်မှာ နိုင်ငံရေး သမား တစ်ယောက်အနေနဲ့ရော ပါတီဥက္ကဋ္ဌတစ်ယောက်အနေနဲ့ပါ ဘယ်လိုသုံးသပ်မိလဲ။
ဦးအေးမင်း – ၁၉၉၀တုန်းကလို အာဏာရှင်ဆန့်ကျင်ရေးပုံစံမျိုး ဖြစ်သွားတယ်။ အဓိကကတော့ အာဏာရှင်ဆန့်ကျင်ရေးပုံစံနဲ့ ပြည် သူလူထုတစ်ရပ်လုံးက ဒီအစိုးရကို လုံးဝမလိုဘူးဆိုတဲ့ သဘောမျိုး၊ နောက်ထပ် လုံးဝမလိုတော့ဘူးဆိုတဲ့ သဘောမျိုး တစ်ပြည်လုံးက ပြလိုက်တာပဲလို့ သုံးသပ်တယ်။ ဘာကြောင့်ဆို တချို့ကိုယ်မဲထည့် ခဲ့တဲ့ ကိုယ်စားလှယ်လောင်းနာမည်ကိုတောင် မသိကြဘူးလေ။

တနင်္သာရီ – အဲလိုဖြစ်သွားတာက နိုင်ငံတစ်ဝန်းကတိုင်းရင်းသား ပါတီတွေရဲ့ ရွေးကောက်ပွဲရှုံးနိမ့်မှုနဲ့ ဆက်စပ်လား။
ဦးအေးမင်း – ဆက်စပ်တာပေါ့။ ဘာလို့ဆို တိုင်းရင်းသား ဒေသတွေက ဒီအစိုးရရဲ့ ဖိနှိပ်မှုနဲ့ ချူပ်ချယ်မှုကို အခံစားရဆုံးပေါ့။ ဒါကြောင့် တိုင်းရင်းသားတွေကလည်း (ပြည်ထောင်စု) အစိုးရ ပြောင်း မှကို ဖြစ်မယ်ဆိုပြီးတော့သူတို့စိတ်ထဲမှစွဲစွဲမြဲမြဲ ဖြစ်နေတယ်။ ဒေသခံတိုင်းရင်းသားပါတီတွေအနေနဲ့က (ပြည်ထောင်စု) အစိုးရမဖွဲ့နိုင်ဘူး ဆိုတော့အစိုးရဖွဲ့နိုင်တဲ့ NLD ကိုပဲ ပုံပြီးအားပေးလိုက်တယ်လို့ပဲ သုံးသပ်မိတယ်။

တနင်္သာရီ – လက်ရှိရွေးကောက်ပွဲအတွေ့အကြုံအရထားဝယ်တိုင်းရင်းသားပါတီအနေနဲ့ ပါတီကို ဒီထက်ပိုအားကောင်းလာ အောင်၊ နောက်လာမည့်ရွေးကောက်ပွဲမှာ ရလဒ်ပိုကောင်းလာအောင် ဘယ်လို လုပ်ဖို့ စဉ်းစားထားလဲ။
ဦးအေးမင်း – အဓိက အခုတွေ့လိုက်တာကတော့ ပါတီဝင် အင်အားမရှိတာကြောင့်၊ ကောလဟာလသတင်းတွေကို ချေဖျက်မယ့် လူတွေဒေသထဲမှာ မရှိဘူးဖြစ်သွားတယ်ပေါ့။ အဓိကကတော့ကျွန် တော်တို့က ကောလဟာလသတင်းကြောင့် ထားဝယ်ပါတီကရှုံးသွား တယ်လို့ပဲ သဘောရတယ်။ ပြည်ခိုင်ဖြိုးက အချွန်နဲ့မ၊ NLD က ထုချလိုက်တော့ ငါတို့က ဘောလုံးလိုဖြစ်သွားတာကိုး။ ဒါကြောင့် ဒေသတွင်းမှာ ကိုယ့်ရဲ့ပါတီဝင်တွေကို စုဆောင်းမယ်လို့ သုံးသပ်တယ်။
တနင်္သာရီ – လာမယ့် တိုင်းလွှတ်တော်သည် အတိုက်အခံလုံးဝ မရှိတဲ့ လွှတ်တော်ဖြစ်သွားပြီ။ အဲဒီအပေါ်မှာရော ဘယ်လိုစိုးရိမ်မှု တွေရှိလဲ။
ဦးအေးမင်း – စိုးရိမ်မှုရှိတာက အရင်အစိုးရတုန်းကလည်း ပြည်သူ့လွှတ်တော်ကလည်း ပြည်ခိုင်ဖြိုး၊ အစိုးရကလည်း ပြည်ခိုင် ဖြိုး ဖြစ်တုန်းကလိုမျိုး အခု NLD မှာလည်း ဖြစ်လာလိမ့်မလား ဆိုတာမျိုး စိုးရိမ်မိတာတစ်ခုတော့ ရှိတယ်။
ဒါပေမယ့် ဒေသခံအမတ်တွေအပေါ်မှာ စောင့်ကြည့်ရမယ်လေ။သူတို့က ပြည်သူ့အတွက် အလုပ်လုပ်မယ်လို့သူတို့က အာမခံထားတာ ကိုး။ အာမခံထားတော့ ပြည်သူ့အတွက် ဘယ်လောက်အထိအလုပ် လုပ်နိုင်လဲဆိုတာကို ကျွန်တော်တို့ကစောင့်ကြည့်ရမှာပေါ့။ အတတ် နိုင်ဆုံး  Check & Balance ဖြစ်အောင်တော့ နိုင်ငံရေးပါတီတစ် ခုအနေနဲ့ လုပ်နေမှာပါပဲ။ လွှတ်တော်မှာ အမတ်မပါလည်း ကျွန်တော် တို့က လုပ်နေရမှာပဲ။
တနင်္သာရီ – နောက်ဆုံးမေးခွန်းပါ။ ထားဝယ်ပါတီ စတည် ထောင်ပြီးတဲ့နောက် ပထမဆုံးဝင်ပြိုင်တဲ့ ရွေးကောက်ပွဲမှာ ထောက်ခံကြတဲ့ မဲဆန္ဒရှင်တွေကို ဘာပြောချင်လဲ။
ဦးအေးမင်း – ကျေးဇူးတင်တယ်လို့ပဲ ပြောချင်တယ်။ထပ်ပြီးတော့ ဝန်းရံကြပါလို့။ အခုထက်ပိုပြီး အင်အားတွေ ပိုတောင့်လာအောင် ရပ်ကျေးတွေမှာ ပါတီဝင်အင်အားတွေ ဝိုင်းဝန်းပြီး စုဆောင်းပေးဖို့ ကို ပြောချင်တယ်။ အဓိကကတော့ မှတ်ပုံတင်မှာ ဗမာကနေ ထားဝယ် ကိုပြောင်းချင်တဲ့သူတွေကနေ တစ်ယောက်နဲ့တစ်ယောက် အသိ ပေး ပြီးလုပ်ကြဖို့။
နောက်ပိုင်းမှာ နိုင်ငံရေးသင်တန်းတွေ၊ တိုင်းရင်းသားအခွင့်အရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေလည်း ဖွင့်ဖို့ရှိတယ်။