မွန်တွင် ရုတ်တရက် တင်းမာမှု ဖြစ်နိုင်သည့် မဲရုံအများစုတွင် တပ်မတော် လုံခြုံရေး ယူမည်

0
516

မွန်ပြည်နယ်တွင် ရုတ်တရက်တင်းမာမှုဖြစ်ပေါ်နိုင်သည့် မဲရုံအများစု လုံခြုံရေးအတွက် တပ်မတော်မှ လုံခြုံရေး ယူပေးမည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အောက်တိုဘာ ၃၁ ရက်နေ့က လုံခြုံရေးဆိုင်ရာ တွေ့ဆုံညှိနှိုင်းပွဲ၌ တင်းမာမှု ဖြစ်နိုင်ချေရှိသည့် မဲရုံ ၉၂ အနက် ရဲတပ်ဖွဲ့အင်အား မလုံလောက်၍ မဲရုံ ၆၇ ရုံအတွက် တပ်မတော်မှ လုံခြုံရေး အကူအညီ ရယူသွားမည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သောင်းဝင်းက ပြောသည်။

“မငြိမ်းချမ်းလို့တော့မဟုတ်ဘူး ငြိမ်းချမ်းပါတယ် ဒါပေမယ့် ဖြစ်နိုင်ချေရှိတဲ့ မဲရုံ ၉၂ ရုံထဲက ၆၇ ရုံအတွက် ဒါကို တပ်မတော်အင်အား တောင်းယူဆောင်ရွက်သွားမယ်” ဟု ရဲမှူးကြီး သောင်းဝင်းက ဆိုသည်။

ရုတ်တရက်တင်းမာမှုဖြစ်ပေါ်လာနိုင်သည့် မဲရုံများသည် ကျိုက်မရောမြို့နယ်တွင် မဲရုံ ၂၁ ရုံ၊ သံဖြူဇရပ်မြို့နယ်တွင် ၄ ရုံ၊ ရေးမြို့နယ်တွင် ၅၀ ရုံ၊ ကျိုက်ထိုမြို့နယ်တွင် ၅ ရုံ၊ ဘီးလင်းမြို့နယ်တွင် ၇ ရုံနှင့် သထုံမြို့နယ်တွင် ၅ ရုံ ဖြစ်ပြီး ၄င်းမဲရုံများ တည်ရှိရာဒေသသည် မွန်၊ ကရင်တိုင်းရင်းသား လက်နက်ကိုင်များ လှုပ်ရှားသွားလာသည့် နေရာဒေသလည်း ဖြစ်သည်။

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်တွင်း၌ မဲပေးပိုင်ခွင့်ရှိသူ ၁၅ သိန်း ၁ သောင်းကျော်ရှိပြီး မဲရုံ ၉၁၉ ရုံရှိကာ ၄င်းအနက် တပ်တွင်းမဲရုံ ၄၇ ရုံ ရှိသည်ဟု ပြည်နယ်ကော်မရှင်ထံမှ သိရသည်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက မွန်ပြည်နယ်တွင် ကျိုက်ထိုမြို့နယ်၌ ကျေးရွာအုပ်စု ၆ အုပ်စုနှင့် ဘီးလင်းမြို့နယ်၌ ကျေးရွာအုပ်စု ၃ အုပ်စု စုစုပေါင်း ကျေးရွာအုပ်စု ၉ အုပ်စု ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိပေ။

လာမည့်ရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတခု၌သာ ကျင်းပနိုင်ခြင်းမရှိဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။