ထားဝယ်တွင် မဲဆန္ဒရှင် ၁၀၀၀နှင့် အထက်ရှိသည့် မဲရုံ ၅၀ ကျော်ရှိ

0
417
ထားဝယ်မြို့ပေါ် ရပ်ကွက် ကော်မရျင် ရုံးတစ်ခုတွင် ကြိုတင်မဲ ထည့်နေသူများ ဓာတ်ပုံ - အောင်သူ/ Dawei Watch

ထားဝယ်မြို့နယ်တွင် မဲဆန္ဒရှင် ၁၀၀၀နှင့် အထက်ရှိသည့် မဲရုံ ၅၀ ကျော်ရှိကြောင်း ထားဝယ်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

ထားဝယ်မြို့နယ်အတွင်း မဲရုံ၈၉ ရုံရှိသည့်အနက် မဲဆန္ဒရှင် ဦးရေ ၆၀၀နှင့် ၁၀၀၀ကြားရှိ မဲရုံ ၂၄ ရုံ၊ မဲဆန္ဒရှင် ၁၀၀၀နှင့် ၁၅၀၀ကြားရှိမဲရုံ ၂၉ရုံ၊ မဲဆန္ဒရှင် ၁၅၀၀နှင့်၂၀၀၀ကြားရှိမဲရုံ ၁၆ရုံ နှင့် မဲဆန္ဒရှင် ၂၀၀၀နှင့်အထက် ရှိသောမဲရုံ ၈ ရုံ (အမက ဆန်းချီ တွင် ၃၂၁၂ဦး)ရှိကြောင်း အထက်ပါ စာရင်းအရ သိရသည်။

ထားဝယ်မြို့ပေါ် ရပ်ကွက် ကော်မရျင် ရုံးတစ်ခုတွင် ကြိုတင်မဲ ထည့်နေသူများ ဓာတ်ပုံ - အောင်သူ/ Dawei Watch
ထားဝယ်မြို့ပေါ် ရပ်ကွက် ကော်မရျင် ရုံးတစ်ခုတွင် ကြိုတင်မဲ ထည့်နေသူများ
ဓာတ်ပုံ – အောင်သူ/ Dawei Watch

တစ်မိနစ်လျှင် မဲဆန္ဒရှင်တစ်ဦးနှုန်းဖြင့်မဲပေးမည်ဆိုပါက တစ်နာရီတွင် ၆၀ဦးနှင့် ဆန္ဒမဲပေးရန်သတ်မှတ်ထားသော အချိန် ၁၀နာရီအတွင်း မဲဆန္ဒရှင် ၆၀၀ဦးသာ ဆန္ဒမဲပေးနိုင်မည်ဖြစ်၍ မဲဆန္ဒရှင်များ မဲပေးချိန်မလောက်မည်ကို စိုးရိမ်မိကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ(ဗဟို)ပြန်ကြားရေးတာဝန်ခံ ဦးရာဇာစိုးက ပြောသည်။

“မဲပေးခွင့်ရှိပြီး အချိန်မရလို့ မဲပေးခွင့် မဆုံးရှုံးစေချင်ဘူး”ဟု ဦးရာဇာစိုးက ဆိုသည်။

ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ကမူ မဲပေးမည့်သူများအဆင်ပြေစေရန် မဲဆန္ဒရှင် ၁၀၀၀ နှင့် အထက်ရှိသည့် မဲရုံများ အတွက် မဲရုံ ၀န်ထမ်းတိုးချပေးသွားမည်ဟု ပြောသည်။

“မဲရုံဝန်ထမ်းအင်အားကို မူလထက်၉ဦးထိ တိုးမြင့်ချထားပေးမယ်”ဟု မြို့နယ်ရွေး/ကော်ဥက္ကဌ ဦးစိုးလွင် ကပြောသည်။

ရွေးကောက်ပွဲ ကျင်းပသည့်ရက်တွင် မဲရုံကို နံနက် ၆နာရီမှ ညနေ ၄နာရီ အထိဖွင့်လှစ်ပေးထားရမည်ဖြစ်ပြီး ညနေ၄နာရီအချိန် မဲရုံပရိဝုဏ်အတွင်း ရောက်ရှိနေသူများအားလုံး မဲပေးခွင့်ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။