လိမ်ရဲရင် လိမ်စမ်း

0
535

အဖျားတက်နေသူမြင်တိုင်း ဗမာ ဗိန္ဓောဆေးတစ်မျိုးကို သတိရမိပါသည်။ ဆေးအမည်ကို သဘောကျ၍ ဖြစ်၏။ ” ဖျားရဲရင် ဖျားစမ်း” ။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ နေ့သည် မြန်မာတစ်ပြည်လုံး အဖျား တက်သည့်နေ့ ဖြစ်လာလိမ့်မည်။ မျှော် လင့်ချက် ဆန္ဒဇောတို့ အထွတ်အထိပ် တက်လိမ့်မည်။

ယင်းသို့ မဲဆန္ဒရှင်ပြည်သူ တစ်ရပ် လုံးက ကိုယ့်ဆန္ဒပြုချက်များ မည်သို့ အဖြေထွက်မည်ကို ရင်ခုန် အဖျားတက် နေချိန်..၊ ရွေးကောက်ပွဲ ဗီလိန်ကြီးများက မိမိကိုယ်ကျိုးအတွက် ပြည်သူ့ဆန္ဒကို လိမ်လည်အဖြေထုတ်ရန် နည်းပေါင်းစုံ ဖြင့် ကြိုးစားကြလိမ့်မည်။ သမိုင်းလည်း ရှိခဲ့သည်။ စားနေကြ ကြောင်ဖားကြီးများ ကိုလည်း နေရာအနှံ့ တွေ့နေရပါပြီ။

ယင်း ပြည်သူ့ဆန္ဒသူခိုးကြီးများ အတွက် ဆေးတစ်ဖုံ မဖြစ်မနေ ဖော် ထားရန် လိုသည်။ ဆေးအမည်က “လိမ်ရဲရင် လိမ်စမ်း” ။
ကြောင်ဖားကြီးများအတွက် အတော် ခါးလိမ့်မည်။ မတတ်နိုင်ပါ။ ဖြတ်သန်းပြီးသော ဆန္ဒခံယူပွဲအချို့တွင် ထိုသို့သော ဆေးမျိုး မပေါ်ပေါက်ခဲ့သဖြင့် ပြည်သူ့ဆန္ဒများ လေလွင့်ခဲ့ပြီးပါပြီ။

၂၀၀၈ နာဂစ်ခြေဥကြီး ၉၂ ရာနှုန်း ထောက်ခံသည်ဆိုကာ ယခုထိ သက်ဆိုး ရှည်နေခဲ့ခြင်းမှာ မဲပေးပြီးသည်နှင့် မျက်နှာလွဲခဲ့မိသော မဲဆန္ဒရှင်များ ကြောင့် ဖြစ်ပါသည်။” လိမ်ရဲရင် လိမ်စမ်း” ဟု ရဲရဲတောက်မည့်သူများ မရှိခဲ့၍ ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲတွင်ကား ပြစရာ သာဓက မြောက်မြားစွာ..။
date_to_lie_minkhant
အားကောင်းမောင်းသန် ပြိုင်ဘက် မရှိမှု၊ လူထုစိတ်ဝင်စားခြင်း နည်းပါး မှုကို အကြောင်းပြုကာ လိမ်မှ နိုင်မည့် နေရာတိုင်းတွင် လိမ်လိုက်သည်မှာ သောက်သောက်လဲ။ (မည်သူတွေက မည်သည့် ပါတီအတွက် လိမ်ပေးခဲ့သည် ကို ပြောနေစရာ လိုမည်မထင်)။
၂၀၁၀ ပွဲ၏ လိမ်ပုံလိမ်နည်း အမျိုး မျိုးထဲမှ ဩချလောက်သည်များကို အနည်းငယ်မျှ မျှဝေပါမည်။

မဲရုံမှူးများဖြစ်သည့် ကျောင်းဆရာ မလေးများထံမှ ငါးနှစ် ပြည့်ခါနီးမှ တိုးတိုးလေး ထွက်လာသည့် ရင်ဖွင့် သံအရ..၊ ဩဇာတိက္ကမ ကြီးမားလှသော (ကျောင်းအုပ်ဆရာကြီး အသစ်စက်စက် လူထွက်) ကိုယ်စားလှယ်လောင်းတစ်ဦးက မဲရုံများသို့ လှည့်လည်ပြီး မဲပြားအုပ်လိုက် ကိုယ်တိုင်ခြစ်ကာ မဲပုံးထဲသို့ ကိုယ်တိုင် ထည့်သည်အထိ မျက်နှာပြောင်ခဲ့သည် ဆို၏။ ယင်းနှင့်အလားတူ မချစ်သော် လည်း အောင့်ကာ နမ်းလိုက်ရသော မဲရုံမှူးများက နိုင်ငံအနှံ့။ ၂၀၁၀ တုန်း က မဲရုံ၌ မဲရေတွက်ချိန်တွင် (လစ်လျှင် လစ်သလို) မဲမလိမ်ပေးသည့် မဲရုံမှူး ခပ်ရှားရှား။
နာမည်ကျော် ကြိုတင်မဲ ကိစ္စသည် ကား အားလုံးသိပြီးသည့် အတိုင်း။

မြို့နယ် ကော်မရှင်ရုံးများ၌ မဲရေ တွက်ချိန်တွင် ကိုယ့်လူ ရှုံးနေလျှင် မြို့နယ်ကော်မရှင်မှ တစ်နေရာရာကို ဖုန်းဆက်၏။ အထာ လေးနှင့်..။ ” ဟလို.. ဟလို.. ကြိုတင်မဲရှိသေးလား..၊ ရှိ.. သေး.. လား..” ။ မကြာခင် မည်သည့် နေရာမှ ယူလာမှန်းမသိသော ကြိုတင် မဲများ ရောက်လာတော့၏။ မဲပြားများက တစ်ဖက်လူကို နိုင်ရုံ ကွက်တိ။

တချို့ဆိုလျှင် မြို့နယ်ရုံးတွင် ညဘက် မဲအားလုံးရေပြီး အနိုင်ရလဒ်ကို လက်မှတ်ထိုး..၊ ရှုံးသူများကို လက် ဆွဲနှုတ်ဆက်..၊ အိမ်ပြန်အိပ်ပြီး မနက် ကျမှ ကော်မရှင်မှ ဖုန်းဆက်ခေါ်သည် ဟူ၏။

” ကြိုတင်မဲတွေ နောက်ကျမှ ရောက် လာလို့ ခင်ဗျားရှုံးသွားပြီ..၊ လက်မှတ် လာထိုးပါဦး” ။
ယင်းသို့သော အဖြစ်အပျက်များက ၂၀၁၀ ရွေးကောက်ပွဲ၏ မဲဆန္ဒရှင်များကို စော်ကားခဲ့၏။ လှည့်ဖျား ခံခဲ့ရ၏။ ပြည်သူ့ဆန္ဒ အဓမ္မ အကျင့်ခံခဲ့ရ၏။ ပထမအကြိမ် လိမ်သူအပြစ်ဆိုလျှင် ဒုတိယအကြိမ် အလိမ်ခံရက မိမိတို့ညံ့၍ ဖြစ်လိမ့်မည်။
ယခု ရွေးကောက်ပွဲတွင် ညံ့၍ မဖြစ်။ ဤပွဲသည် တိုင်းပြည် အချိုး အကွေ့အတွက် ပြည်သူ့အားကို စမ်း သပ်သည့်ပွဲ ဖြစ်သည်။ ကော်မရှင် သည်ကား ပွဲမစခင်ပင် အကြိမ်ကြိမ် စမ်းခဲ့ပြီးပါပြီ..။

အမှန်ခြစ်မဲပေးနည်းမှ တံဆိပ် တုံးထု မဲပေးနည်းသို့ ပြောင်းသည်။ ပြည်သူတို့ မတတ်မနေ သင်ကြ၏။ မဲစာရင်းအမှားကို ၂ ခါ၊ ၂ မျိုး ထုတ် ပြန်သည်။ ပြည်သူတို့ ဇွဲရှိရှိ ဖြည့်သည်။ ပြင်သည်။ ဖျက်သည်။ ရွေးကောက်ပွဲ အပေါ် ပြည်သူတို့၏ စိတ်အားထက် သန်မှုကို မြင်သာအောင် ပြသနိုင်ခဲ့သည်။

နောက်ဆုံး..၊ မရေရာသော သဘာဝဘေးကို အကြောင်းပြကာ ရွေးကောက်ပွဲကို ရက်ရွှေ့ပစ်ရန် အောက်တိုဘာ ၁၃ ရက်နေ့က ကြိုး စားကြည့်သေးသည်။ လူထုထောက်ခံမှု အားကောင်းသော ပါတီကြီးတစ်ခု၏ ချက်ချင်း ကန့်ကွက်မှုနောက်တွင် ပြည် သူတို့ မားမား ရပ်ခဲ့သည်။ အင်တာနက် လူမှုကွန်ရက်တိုက်ပွဲ အချိန်နှင့် တစ် ပြေးညီ ဆင်နွဲကြသည်။ လေလှိုင်း မှတစ်ဆင့် တုံ့ပြန်သံ ချက်ချင်းပေးနိုင် ခဲ့သည်။ တနည်းဆိုလျှင် အရေးပေါ် ဆေးဖော်ကာ ဆေးထိုး ပေးလိုက်သည်။
ဆေးအမည်က ” ရွှေ့ရဲရင် ရွှေ့စမ်း ” ။

ထို အောက်တိုဘာ ၁၃ တွင် ပြည်သူ့အသံ အောင်ပွဲခံခဲ့သည်။ ပြည်သူ့ဆေး အောင်ခဲ့သည်။ သို့သော် နိုဝင်ဘာ ၈ ပြည်သူ့ ဆန္ဒပြပွဲကြီးသည် သာမန်မဟုတ်။ စခန်းသိမ်းတိုက်ပွဲ ဖြစ်သည်။ ပြည်သူ့ ရွေးချယ်မှု စစ် စစ်ဖြစ် ပြည်သူကို ပြန်လည် အုပ်ချုပ် သော ပြည်သူချစ်သော အစိုးရ တစ်ရပ် ပေါ်ထွန်းရေးအတွက် ရာဇသံ ထပ်ပေး ရလိမ့်မည်။ ဆေးထပ်ဖော်ရမည်။ ” လိမ်ရဲရင် လိမ်စမ်း” ။

ယင်းဆေးသည် ယုံကြည်ရန် ခက်ခဲ လှသော ကော်မရှင်များနှင့် ပြည့်သူ့ ဆန္ဒမပါဘဲ လွှတ်တော်ထဲ သွားချင်ကြ သော အမတ်များကို တိုက်ကျွေးရန် ဖြစ် သည်။ (တချို့ ယခု ကတည်းကပင် ခိုက်ခိုက်တုန်ပြီး သွေးရူးသွေးတမ်း ပြောနေကြပေပြီ။)
ခေါက်ရိုးကျိုးနေသော ကြိုးနီ စနစ် ကြီး (မဲရုံမှူးနှင့် အဖွဲ့ဝင်များ၊ ရဲ မီးသတ် နှင့် တာဝန်ကျ အခြားဝန်ထမ်းများ) အတွက်လည်း ထိုဆေး လိုအပ်နေပါ သည်။ သူတို့ကို ထိုဆေးဖြင့် ကယ်တင် နိုင်လိမ့်မည်။ သို့မဟုတ်လျှင် ၎င်းတို့ သည် နောင်တများဖြင့် ဘ၀ကို ဖြတ် သန်းနေကြ ရလိမ့်မည်။ ပြည်သူ့ ဆန္ဒ ကျိန်စာသင့်ခြင်းမှ ထိုဆေးဖြင့် ကယ်မရ ပါမည်။

ထိုဆေးအတွက် ကုန်ကြမ်းမှာ ” တာဝန်သိစိတ်” သာ ဖြစ်ပါသည်။

မဲဆန္ဒရှင်များသည် မိမိ မဲပေး ပြီးသည်နှင့် တာဝန်ကြေပြီဟု မယူဆဘဲ မဲရေတွက်ချိန်တွင် သက်သေအဖြစ် တာဝန်ယူ စောင့်ကြည့်ရပါမည်။ ယင်းသည် မိမိမဲနှင့်တစ်ကွ မိမိရပ်ရွာ၏ ဆန္ဒကို စောင့်ရှောက်ရာ ရောက်ပါသည်။ ” လိမ်ရဲရင် လိမ်စမ်း” ဆေးအတွက် အခရာ အကျဆုံးလည်း ဖြစ်သည်။
မဲရုံကိုယ်စားလှယ်များကလည်း မိမိပါတီ၊ မိမိကိုယ်စားလှယ် အတွက်သာ အဓိက မထားဘဲ ဒီမိုကရေစီ ဘက် တော်သားများပီပီ မဲဆန္ဒရှင်များ၏ ဆန္ဒ အမှန်ကို အဂတိတရား ကင်းကင်း သိက္ခာရှိရှိ စောင့်ရှောက်ပေးရပါမည်။ မဲရုံကိုယ်စားလှယ် မထားနိုင်သော ပါတီများ၊ အမတ်လောင်းများ ရသင့် ရထိုက်သော မဲပြားများကို စောင့်ရှောက် ကာကွယ်ပေးခြင်းဖြင့် မိမိတို့(ပါတီ)၏ သဘောထားကြီး၊ သမာသမတ်ကျမှုကို ပြသရပါမည်။ ယုတ်စွအဆုံး ဘုံရန်သူ ဟု သတ်မှတ်ထားသော ပါတီမှရသည့် မဲပင် ကာကွယ်ပေးကြရပါမည်။ ယင်း သည် ” လိမ်ရဲရင် လိမ်စမ်း”ဆေးအတွက် ကြီးမားသော ဂုဏ်သိက္ခာပင် ဖြစ်သည်။

အရေးကြီး ဆုံးကုန်ကြမ်းမှာ ကိုယ် စားလှယ်လောင်းများ ကိုယ်တိုင်၏ လိမ္မာ ပါးနပ်မှု ဖြစ်သည်။ ၂၀၁၀ ပွဲ၏ သင်ခန်း စာများကို ရယူကာ မဲဆန္ဒရှင် စာရင်း၊ မဲပေးသူစာရင်း၊ ကြိုတင်မဲပေးသူ စာရင် များကို တိတိကျကျ သိရှိ ထားရန် လိုပါ လိမ့်မည်။ ဥပဒေ၊ နည်းဥပဒေများကို ကျွမ်းကျင် ပိုင်နိုင်အောင် လေ့လာထားရ လိမ့်မည်။ ဒီမိုကရက်တစ်များ အချင်း ချင်း ပူးပေါင်းမှု လိုပါသည်။ ကူညီရိုင်း ပင်းရန် လိုပါသည်။ လိုအပ်လျှင် ပူပေါင်း အရေးဆိုရန် အသင့်ဖြစ်နေရပါမည်။
သတင်းမီဒီယာ၏ အခန်းကဏ္ဍမှာလည်း အရေးပါလှပါသည်။ ၎င်းတို့ သည် မဲရုံနှင့် ကော်မရှင်ရုံးများသို့ ဝင်ခွင့်ရသူများ ဖြစ်သည့် အားလျော်စွာ မသမာမှု၊ လိမ်လည်မှုများကို မဲဆန္ဒ ရှင်များ၊ မဲရုံကိုယ်စားလှယ်များ၊ ကိုယ် စားလှယ်လောင်းများနှင့် ပူးပေါင်းကာ အချိန်နှင့် တပြေးညီ ဖော်ထုတ်နိုင်စွမ်း ရှိသူများ ဖြစ်ပါသည်။ ဘက်လိုက်မှု ကင်းရန် အရေးကြီးပါသည်။ မိမိ၏ ကင်မရာ ခလုတ်တစ်ချက်၊ သတင်း တစ်ပုဒ် သည် တိုင်းပြည် အပြောင်းအလဲအတွက် အဆုံးအဖြတ် ဖြစ်လာနိုင်ပါသည်။

အချုပ်အားဖြင့်..၊

၂၀၁၅ ရွေးကောက်ပွဲ၏ အသက် ” လိမ်ရဲရင် လိမ်စမ်း”ဆေးအတွက် ပါတီ၊ ကိုယ်စားလှယ်လောင်း၊ မဲ ဆန္ဒရှင်၊ မီဒီယာများ စုပေါင်းအား လိုပါသည်။ အပြန်အလှန် ပူးပေါင်းမှု လိုပါသည်။
ထိုဆေးသည် နိုဝင်ဘာ ၈ ရက် နေ့တွင် ပါဝင်သူအားလုံး၏ သမိုင်း မှတ်ကျောက် ဖြစ်လာပါလိမ့်မည်။
အဆိုတစ်ခု ရှိပါသည်။
” စနစ်မကောင်းသော ခေတ်ဆိုးကြီး တွင် ကြီးပြင်းရှင်သန်ရခြင်းသည် မိမိအပြစ်မဟုတ်၊ ထိုစနစ်ကို တိုက်ဖျက် ရာတွင် မပါဝင်ခြင်းသည်သာ မိမိ အပြစ် ဖြစ်သည်” ဟူ၏။
သေချာပါသည်။ တစ်နိုင်ငံလုံး နိုးကြားပြီးသား ဖြစ်ပါသည်။ နိုဝင်ဘာ ၈ ရက်နေ့တွင် မြန်မာပြည်သူတစ်ရပ်လုံး ကြွေးကြော် နေလိမ့်မည်။
” လိမ်ရဲရင် လိမ်စမ်း..”