သောင်းချီသော ရေလုပ်သားများ မဲပေးလို

0
512

စားဝတ်နေရေးကြောင့် ပင်လယ် ပြင်သို့ ငါးဖမ်းခရီးထွက်ခွာရမည့် မြိတ် ခရိုင်အတွင်းရှိ သောင်းချီသော ရေလုပ် သားများက လာမည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် မဲပေးလိုကြောင်း တညီတညွတ်တည်း ပြောဆိုကြသည်။

ရေလုပ်ငန်းဖြင့် အဓိက စီးပွားရေး လုပ်ကိုင်ကြသော မြိတ်မြို့တွင် ကမ်းဝေး ငါးဖမ်းလှေများဖြစ်သော ဝါလတ်၊ ဝါတန်း အစီးရေ ၈၀၀ ကျော်ရှိပြီး ငါးဖမ်းလှေတစ် စီးလျှင် ပျှမ်းမျှ ရေလုပ်သား ၂၀ ရှိသည်။
kt_election
ကမ်းဝေး၊ ကမ်းနီး ငါးဖမ်းလှေ အများစုနှင့် ရာသီပေါ် ကင်းမွန်မီးထွန်း လှေများ ယခုရက်ပိုင်းအတွင်း ပြန်လည် ထွက်ခွာနေကြပြီဖြစ်သည်။
ရေလုပ်သားအများစုမှာ ရွေးကောက် ပွဲ ကျင်းပမည့်နေ့တွင် ဆန္ဒမဲပေးလို သော်လည်း သက်ဆိုင်ရာ လုပ်ငန်းရှင် များက ပင်လယ်ပြင်သို့ ပြန်လည် ထွက် ခွာခိုင်းနေ၍ မဲပေးခွင့် မရဖြစ်နေကြောင်း ရေလုပ်သားများက ဖွင့်ဟကြသည်။

” ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ရေလုပ်သားတွေကတော့ အမြဲတမ်း နစ်နာမှုတွေ ရှိနေပါတယ်၊ အခု ကျွန် တော် လှေပြန်ထွက် လိုက်လာပါတယ်။ ရွာမှာ အမေက အဆင်မပြေလို့ ဒီလော ကထဲကို ပြန်ရောက်လာပါတယ်။ အခု အချိန်အထိ ကျွန်တော်တို့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေပါတယ်။ ဒါကြောင့် ကျွန်တော် တစ်သက်မှာတစ်ခါမှ မထည့်ဖူးသေးတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲတော့ ထည့် ချင်ပါတယ်၊ သို့သော် ကျွန်တော့်မှာ မဲထည့်ဖို့အတွက် အခွင့်အရေးတွေ ဆုံးရှုံးနေပါတယ်” ဟု အင်ဒိုနီးရှားနိုင်ငံသို့ ရောင်းစားခံခဲ့ရ ဖူးသည့်ရေလုပ်သားများ အနက် တစ်ဦးဖြစ်သူ မော်လမြိုင်ဇာတိ ကိုထွန်းထွန်းက ပြောကြားသည်။
ယခုအချိန်တွင် ပင်လယ်ပြင်သို့ ထွက်ခွာရမည်ဖြစ်သော်လည်း မဲပေးခွင့် ရရန် ရွေးကောက်ပွဲရက်တွင် ကမ်းပြန် လည်ကပ်ပေးစေလိုကြောင်း ရေလုပ် သားအချို့က ၎င်းတို့၏လုပ်ငန်းရှင်များ ကို တောင်းဆိုနေကြသည်။

” မဲထည့်ရမယ့် အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ခံစားမိပါတယ်၊ ဒါ ကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲ မတိုင်ခင်ရက်ပိုင်းအလိုမှာ ပင်လယ် ပြင်မှာရှိတဲ့ ကျွန်တော်တို့ ရေလုပ်သား တွေကို ကမ်းကပ်ပေးစေလိုပါတယ်” ဟု အောက်တိုဘာလကုန်တွင် ပင်လယ်ပြင် သို့ ထွက်ခွာရတော့မည့် မြိတ်မြို့၊ အင်းလေးကမ်းရပ်ကွက်နေ အသက် ၃၀ နှစ်အရွယ် ရေလုပ်သားတစ်ဦးက ပြော သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ကြိုတင် မဲပေးခွင့်ရခဲ့သော်လည်း ယခု ရွေးကောက် ပွဲတွင် ကြိုတင်မဲပေးပိုင်ခွင့် မရှိသဖြင့် မဲပေးခွင့် လက်လွှတ်ရမည်ကို စိုးရိမ် ကြောင်း သုခမောင်စက်လှေမှ ပဲနင်း ဦးဇော်ထိုက်ကိုက ပြောသည်။

မြိတ်မြို့တွင်ရှိသော ရေလုပ်သား များကို ယခုရွေးကောက်ပွဲတွင် ကြိုတင် မဲပေးခွင့် မပေးထားဘဲ ရွေးကောက်ပွဲ ရက်တွင်သာ မဲပေးခွင့်ရှိမည် ဖြစ်ကြောင်း မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူ ဦးလှိုင်ဘွားက ပြောဆိုသည်။