ငှက်သိုက် လုပ်ငန်းထိခိုက်ဟု ဆိုကာ အသည်းပုံရေအိုင်ကျွန်း အလည်အပတ်ခရီးစဉ် ကန့်ကွက်ခံရ

0
441

ကော့သောင်းမြို့နယ်၊ ကြက်မောက် ကျွန်းပေါ်ရှိ ငှက်သိုက် လုပ်ငန်း ထိခိုက် သည်ဟု ဆိုကာ အသည်းပုံရေအိုင် ကျွန်း ပေါ်သို့ ခရီးသွား ဧည့်သည်သွားရောက် လည်ပတ်ခွင့်ကို ငှက်သိုက် လုပ်ငန်းလုပ် ကိုင်သည့် ကုမ္ပဏီက အောက်တိုဘာ ၁၃ ရက်နေ့က ကန့်ကွက်ခဲ့ကြောင်း သူဌေး ကျွန်း ဟိုတယ်ခရီးသွားလုပ်ငန်းထံမှ သိရသည်။

အသည်းပုံ သဏ္ဌာန်ရေအိုင်သည် ကြက်မောက်ကျွန်း ပေါ်တွင်တည်ရှိကာ အဆိုပါ ကျွန်းတွင် ဇီဝဇိုးငှက်များ အသိုက်ချလေ့ရှိပြီး ခရီးသည်များကြောင့် ငှက်များ အနှောင့်အယှက်ဖြစ်နိုင် သည် ဟု ဆိုကာ ပတ္တမြားရောင်ခြည် ငှက်သိုက် လုပ်ငန်း ကုမ္ပဏီက တားမြစ်ခဲ့ခြင်းဖြစ် သည်ဟု သူဌေးကျွန်း ဟိုတယ်ခရီးသွား လုပ်ငန်းတာဝန်ခံ မန်နေဂျာ ဦးရင်ထွေးက ပြောသည်။
kt_heart_shape_island
” ကျွန်းပေါ် မလာဖို့ ခရီးသည်တွေ ရှေ့မှာကုမ္ပဏီလူတစ်စုက စက်လှေတွေ နဲ့ လာပြီးတားတယ်၊ နောက်တစ်နေ့ ကျွန်းပေါ်တက်မယ့် ဂူပေါက်ကို ချင်လုံး တိုင်တွေနဲ့ ကာဆီးပိတ်ပစ် လိုက်တယ်” ဟု ဦးရင်ထွေးက ဆိုသည်။
ကုမ္ပဏီ အနေနှင့်ကလည်း သစ် တောဦးစီးဌာန ညွှန်ကြားချက်အတိုင်း ငှက်သိုက်များကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ် ပေးရန် မိမိတို့ လေလံရထား သည် အချိန်ကာလအတွင်း ယခုလို တားမြစ်ခြင်းဖြစ်သည်ဟု ပတ္တမြား ရောင်ခြည်ကုမ္ပဏီ မှုခင်းဆိုင်ရာ ဖြေရှင်း ရေး တာဝန်ခံ ဦးနေဝင်းဦးက ဆိုသည်။

ယခုကဲ့သို့ကျွန်းပေါ်သို့ ဧည့်သည် များများလာခြင်းကြောင့် ဇီဝဇိုး ငှက်များ အသိုက်မလုပ်တော့မည်ကို စိုးရိမ်သည် ဟု ဦးနေဝင်းဦးက ပြောသည်။
အဆိုပါ ကျွန်းမှ တစ်နှစ်လျှင် ငှက်သိုက် အနည်းဆုံး ၁၅ ကီလိုဂရမ်မှ အများဆုံး ၅၀ ကီလိုဂရမ်အထိ ထွက် သည်ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ခရီးသွား ဧည့်သည် များ စိတ်ဝင်စားမှု အများဆုံးနှင့် အလည်အပတ် အများဆုံးကျွန်းများတွင် အသည်းပုံ ရေအိုင်ကျွန်းလည်း ပါဝင် သည့်အတွက် ယခုကဲ့သို့ တားမြစ်ခံရ ခြင်းမှာ ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့လာစေရန် လုပ်ဆောင်မှုကို အကြီး အကျယ် ထိခိုက်သည်ဟု သူဌေးကျွန်း ဟိုတယ် ခရီးသွားလုပ်ငန်းတာဝန်ခံ မန်နေဂျာ ဦးရင်ထွေးက မှတ်ချက်ပြု သည်။