သာဂရမြို့ဟောင်းကို ပြန်လည်တွေးကြည့်ခြင်း (၂)

0
439

အရင်ဆောင်းပါးက ပြောခဲ့သလိုပဲ မှတ်တမ်းတွေအရ သာဂရမြို့ကို သမန္တ မင်းက သက္ကရာဇ် ၁၁၃ခု (ခရစ်နှစ် ၇၅၁ခု)၊ ဗညားဦးက သက္ကရာဇ် ၃၅၇ ခု (ခရစ်နှစ် ၉၉၅ခု)၊ ဗြသပိုက်မင်းက သက္ကရာဇ် ၉၂၄ခု ( ခရစ်နှစ် ၁၅၆၂ခု)ဆိုပြီး တွေ့ရပါတယ်။ ဒီမင်းတွေရဲ့ နောက်က ဆက်ခံတဲ့ မင်းဆက်တွေ အကြောင်းကို အသေးစိတ် သိချင်ရင် ဆရာကြီးမောင်သန်းဆွေ (ထားဝယ်)၊ ဆရာကြီးမောင်လေးတင့်စတဲ့ ထားဝယ် သားစာရေးဆရာကြီး တွေရဲ့ ဆောင်းပါး တွေမှာ ဖတ်ရှုလေ့လာမှတ်သား နိုင်ပါ တယ်။

ဒီမှတ်တမ်းတွေအရ သာဂရကို ၃ ကြိမ် တည်ထောင်တယ်လို့ သတ်မှတ် နိုင်တယ်။ ပထမအကြိမ်တည်တာက သာဂရတည် ဥဩစည်ဆိုတဲ့အတွက် သက္ကရာဇ် ၁၁၃ ခု ဖြစ်တယ်။ ခရစ်နှစ်အရ ၇၅၁ ခု ဖြစ်တယ်။ ပညာရှင်အများစု ဆိုသလို ပုဂံကို အနော်ရထာ (ခရစ်နှစ် ၁၀၄၄-၁၀၇၇ ခု) လက်ထက်လို့ သတ်မှတ်တဲ့အတွက် နှစ်ပေါင်း ၃၀၀ လောက် စောပါတယ်။ အချို့ ပုဂ္ဂိုလ်က မကြိုက်ပေမယ့် ငြင်းဖို့ခက်တဲ့အနေ အထားပါ။

ပညာရှင်တွေ ရေးသားချက်တွေအရ ပျူတွေဟာ ၉ ရာစု ( ခရစ်နှစ် ၉၀၀-၁၀၀၀ ခု)အထိ ရှင်သန်တုန်းလို့ဆို တယ်။ အဓိကကျတဲ့ နိုင်ငံရေး၊ အုပ်ချုပ် ရေးဗဟိုက ဒီ၉ရာစုကာလ အထိကို သရေခေတ္တရာမြို့ ဖြစ်တယ်။ ဒီမြို့က အခု လက်ရှိ ပြည်မြို့အနီးမှာရှိပြီး အရှေ့ တောင်အာရှရှိ ရှေးမြို့ဟောင်းတွေထဲမှာ ဧရိယာအကြီးဆုံးနဲ့ ခမ်းနားကြီးကျယ် တဲ့မြို့ ဖြစ်တယ်။ ဗမာတွေက အခုချိန်ထိ ]]ပြည်}} လို့ ခေါ်နေတုန်းပါ။
ဒေါက်တာ အဲလီဇဘက်မိုးရဲ့ စာအုပ်(Early Landscape of Myanmar – 2007 ) မှာ ဖော်ပြထားတဲ့ မြန်မာနိုင်ငံအတွင်းရှိ ပထမထောင်စုနှစ် အတွင်း (ခရစ်နှစ် ၀-၁၀၀၀ ခု)တည် ထောင်ခဲ့တဲ့ မြို့ဟောင်းတွေစာရင်းမှာ ထားဝယ်ကို ဖော်ပြထားတယ်။ ရှေး ဟောင်းသုတေသနဌာနရဲ့ တူးဖော်မှု အစီရင်ခံစာမှာလည်း သာဂရမြို့ ဟောင်း ဟာ ၈ ရာစုလောက်က တည်တယ်လို့ ဖော်ပြထားတယ်။
thargara_myotehaung
ဒီတော့ စဉ်းစားမိတာက ထားဝယ် မှာ သာဂရနဲ့ စလားဆိုပြီးတော့ပါ။ ထားဝယ်မှတ်တမ်းတွေအရ သာဂရမြို့ ဟောင်းထက်စောတဲ့ မြို့ဟောင်းတွေကို ဖော်ပြထားတယ်။ ဆရာကြီး ထားဝယ် ကျော်မင်းရဲ့ ထားဝယ်ယဉ်ကျေးမှု အမြု တေစာအုပ်ကို ကိုးကားပါတယ်။
(၁) နရုတိမင်းက ဒူရကတိုင်း အောင်သာဝတီမြို့ကို သာသနာသက္ကရာဇ် ၁၇ခုမှာ တည်တယ်။ အခု ကလိန် အောင်မြို့လို့ ဆိုတယ်။ လွန်ခဲ့တဲ့နှစ် ပေါင်း ၂၅၀၀ လောက် ဖြစ်တယ်။

(၂) တနင်္သာရီမြို့က ကောရမ္ဘ မင်းက သာသနာသက္ကရာဇ် ၂၃၈ခုနှစ်မှာ ကနက်သီရီမြို့ကို တည်တယ်။ ဒီမြို့က အခု ထားဝယ်တွေ နတ်ဆိပ်လို့ခေါ်တဲ့ ထားဝယ်မြစ်ဝ အရှေ့ဘက်ကမ်းမှာ ရှိ တယ်။ အောင်သာဝတီက ဓမ္မသေနမင်း ရယ်၊ နဂါးမင်းရယ်လည်း ပါသေးတယ်။
(၃) ရန္တပိုမင်း (ခေါ်) နရိန္ဒမင်းက အောင်သာဝရမြို့ကို ကောဇာသက္ကရာဇ် အစလောက်မှာ တည်တယ်လို့ ဆိုတယ်။ ကောဇာသက္ကရာဇ်အစလို့ဆိုတဲ့အတွက် ခရစ်နှစ် ၆၃၈ ခု ပတ်ဝန်းကျင်ဖြစ်တယ်။ ဒီမြို့က တနင်္သာရီမြစ် အလယ်ပိုင်းရဲ့ မြောက်ဘက်မှာရှိပြီး အခုချိန်သွားလာဖို့ အရမ်းခက်ခဲတယ်။
(၄) အထက်ဖော်ပြပါ ရန္တပိုမင်းက ဘဲ ကောဇာသက္ကရာဇ် ၉၇ ခု ( ခရစ်နှစ် ၇၃၂ ခု)မှာ ဘုမ္မိဒေ၀နာဂရမြို့ (ယခု မောင်မယ်ရှောင်ရွာ)မှာ တည်တယ်။ ဒီမြို့တွေက သာဂရထက် စောတယ်လို့ ဖော်ပြထားတဲ့မြို့တွေ ဖြစ်တယ်။ ဒီမြို့ တွေရဲ့ခုနှစ်တွေအရ ထားဝယ်ဒေသမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ လောက် ကတည်းက မြို့ပြအုပ်ချုပ်ရေး ထွန်းကား နေတယ်လို့ ဆိုနိုင်တယ်။

စဉ်းစားဖို့ ကောင်းတာက အောင် သာဝတီမြို့ (ကလိန်အောင်)က ထားဝယ် ကနေ မြောက်ဘက် ၄၇မိုင်ဝေးတယ်။ ကနက်သီရိမြို့ (နတ်ဆိပ်)က ကားလမ်း အတိုင်း ထားဝယ်ကနေ တောင်ဘက်ကို ၄၈မိုင်ဝေးတယ်။ ထားဝယ်မြစ်ကနေ ရေလမ်းအတိုင်းဆင်းရင် မိုင် ၃၀ ကျော် ဝေးတယ်။ အောင်သာဝရမြို့က တနင်္သာရီ မြစ်ဘေးမှာရှိပြီး ထားဝယ်ကနေ မိုင်ရာ ချီဝေးတယ်။ ထားဝယ်မြစ်ဝှမ်းဒေသမှာ ဘာတွေ ဖြစ်နေခဲ့လဲဆိုတာ စဉ်းစား စရာပါ။
ကလိန်အောင်မြို့ကို ကွင်းဆင်းတဲ့ အခါ ကျူံးလို့ ယူဆရတဲ့ ရေမြောင်း တစ်ခုရှိတယ်။ ဆေးတံ၊ ခဲဒင်္ဂါးနဲ့ မြေအိုး ငယ်လိုမျိုး ရှေးပစ္စည်းအချို့ တွေ့ရ တယ်။ ခေတ်အဆက်ဆက် စစ်လမ်း ကျလို့ အဖျက်ခံရကြောင်း လည်းဖတ် ဖူးတယ်။ အသေးစိတ်ပြန် လေ့လာဖို့ လိုပေမယ့် အခု လေ့လာရ သလောက် ထင်ရှားတဲ့အထောက်အထား မတွေ့ ရဘူး။ နတ်ဆိပ်မှာလည်း ထင်ရှားတဲ့ အမှတ်အသားတွေ မတွေ့ရဘူး။ မရှိ ဘူးလို့ ဆိုချင်တယ်။ အောင်သာဝရကို မရောက်ဖူးပါ။ မောင်မယ်ရှောင်မှာ လည်း မတွေ့ရဘူး။

ဒီနေ့ထားဝယ်မြို့ကို ဗဟိုပြုပြီး ၆ မိုင်ပတ်လည် စက်ဝိုင်းဆွဲကြည့်ရင် မြို့ရိုး၊ ကျူံးနဲ့ တည်ရှိနေခဲ့တဲ့ မြို့ဟောင်း ကြီး ၄ ခုရှိတယ်။ သာဂရက အထင် ရှားဆုံး ဖြစ်တယ်။ ထားဝယ်မြစ်ဝှမ်း လွင်ပြင်မှာ တည်ရှိတယ်။ အများဆုံး တွေ့ရတဲ့ ကျောက်ချောလက်နက် တွေကို အခြေခံပြီး ပြောရရင် ထားဝယ်မြစ်ဝှမ်း ဒေသမှာ လွန်ခဲ့တဲ့နှစ် ၄၀၀၀ လောက် ကတည်းက လူနေတယ်။ ဒီလူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀ ကျော် လောက် (ခရစ်နှစ် ၇၅၁ခု)ကျမှ မြို့ပြ တည်ထောင်နိုင်တာလားလို့ မေးစရာ ဖြစ်တယ်။

နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး စတာတွေကြောင့် မြို့ပြ မတည်ထောင် နိုင်ခဲ့ဘူးလို့ ဆိုရင် အံ့ဩစရာ ဖြစ်နိုင် တယ်။ သာဂရမြို့ကို ခရစ်နှစ် ရ၅၁ ခုမှာ တည်ခဲ့တဲ့ ဘုရင်ဟာ အတော်တော် တဲ့ ဘုရင်လို့ ဆိုရမှာပဲ။ ရှေးရှေးမင်းတွေ မလုပ်နိုင်ခဲ့တဲ့၊ မတည်ထောင်နိုင်တဲ့ အရာကို ဒီမင်းက တည် ဆောက်ခဲ့တာပါ။ ထားဝယ်တွေ ပထမဆုံး စုစည်းနိုင်ခဲ့ သလား။

ဒီမြို့ဟောင်းမှာ တွေ့ရတဲ့ အထောက် အထားတွေအရ ရှေးအကျဆုံးက ကျောက်ချော လက်နက်တွေ ဖြစ်တယ်။ အများစုက မြေပေါ်တွေ့တွေ ဖြစ်ပါ တယ်။ အခုလက်ရှိလည်း မြို့ဟောင်း ကျေးရွာသား ရိုးရာဆေးဆရာတစ်ဦးက ကျောက်လက်နက်တွေသုံးပြီး ဆေးကု နေတုန်းပါ။ ဆရာကြီးဒေါက်တာ သန်းထွန်းပြောသလို ပြောရရင် ကျောက် ခေတ်က ကုန်ပဲမကုန်နိုင်ဘူး။ ကျောက် ပစ္စည်းတွေဖြစ်တဲ့ ကျောက်ပြင်၊ ကျောက် မုန့်ကြိတ်ဆုံ၊ ကျောက်ငရုတ်ဆုံတွေ အသုံးပြုနေကြတုန်းလို့ ဆိုရမလိုပါ။

ဒုတိယပြောချင်တာက ပုတီးစေ့ တွေပါ။ မြို့ဟောင်းရွာရှိ ကရပ်ပြင် ရပ်ကွက်မှာ မိုးရွာပြီး လိုက်ကောက်လို့ရ တယ်။ ဘယ်လောက်ပေါခဲ့လဲဆိုရင် ပုတီးတစ်ကုံးကို ကျပ် ၁၀၀၀၊ ၁၅၀၀ လောက်နဲ့ ရောင်းခဲ့တာတွေဖူး တယ်။ အခု အတော်ရှားပါပြီ။ ဒီပုတီးစေ့ လေးတွေက နှစ်ပေါင်း ၂၀၀၀ လောက်ကို ညွှန်းတယ်။ အဖြူနဲ့ အမည်း ပုတီးစေ့ လေး ၂ စေ့ဆိုရင် ဒီထက်တောင် စောပါသေးတယ်။
တတိယပြောချင်တာက အရိုးအိုး ဓလေ့ပါ။ ပျူသချုØင်းလည်း ခေါ်တယ်။ ဒေသခံတွေက မြို့ကိုးကုန်းလို့ခေါ်တဲ့ သာဂရမြို့ဟောင်းတောင်ဘက် အဝင် မရောက်ခင် ကုန်းတစ်ကုန်းရှိပါတယ်။ ဒီကုန်းတစ်ဝိုက်ကနေ အရိုးအိုးတွေ ရလေ့ရှိတယ်။ VIP ခေါ်တဲ့ အရေးကြီး ပုဂ္ဂိုလ်ကြီးတွေလာရင် ကြည့်ချင်တယ် ဆိုရင် တူးပြရပါတယ်။ သာဂရမှာ အရိုး အိုးရှာတဲ့နေရာမှာ အလွန်ကျွမ်းကျင်တဲ့ ဒေသခံရှိပါတယ်။ တူးခိုင်းရင် သိပ် မကြာပါဘူး။ အရိုးအိုး တွေ့တာပါဘဲ။
အရိုးအိုးတွေက တူးလို့တွေ့ရတဲ့ အတွက် သမိုင်းအတွက် အရေးကြီးတယ်။ မြေအနက် ၃ ပေလောက်မှာ မီးသွေးမြေ^ ပြာ တွေကြားထဲမှာ တွေ့ရလေ့ရှိတယ်။ အိုးထဲမှာ အများစုက မီးသွေးတွေသာ ပါတတ်တယ်။ ဘာရတယ်၊ ညာရတယ် လို့ ပြောသံကြားပေမယ့် တွေ့ဖူးသမျှ အရိုးအိုး ၂၀လောက်မှာ ပြာပဲပါတယ်။ ဒီအရိုးအိုး ဓလေ့ကလည်း သာဂရ တည် တဲ့နှစ်ကို ရှေ့တိုးနိုင်ပါတယ်။

ပြီးတော့ ရှင်ကိုးရှင်မှာ ထင်ရှားတဲ့ ရှင်ဇလွန်စေတီတော်ကြီးပါ။ လွန်ဲခဲ့တဲ့နှစ် ၂၀၀ လောက်က ပြန်တည်ထား ပါတယ်။ ဒီစေတီကြီးရဲ့ အောက်ခံ မြေကြီးဟာ အခုချိန်မှာ မြေကုန်းလို ဖြစ်နေပါတယ်။ ရှင်ဇလွန်စေတီတော် ကြီးရဲ့ နောက်ဘက် လှေကား ပြင်ဆင်တုန်းရယ်၊ အခုနောက် ဆုံး ရင်ပြင်ခင်း၊ အင်ကြင်းပင်နဲ့ ညောင် ပင် ရှင်းတဲ့အခါ အရှေ့ဘက်ကုန်းရိုးကို ထော်လာဂျီ တက်ဖို့ လမ်းလုပ်တဲ့အခါရယ်၊ လေ့လာကြည့်တဲ့အခါ ဂဝံတုံးတွေနဲ့ အုတ်ချပ်ကြီးတွေ စီထားပါတယ်။ ဒီအောက်ခံမြေကုန်းဟာ ရှေးယခင်စေတီ ကြီးရဲ့ အောက်ဆုံးပစ္စယံ ဖြစ်နိုင်ပါ တယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်အထိ ရှင်ဇလွန်စေတီကြီးရဲ့ အရှေ့ဘက် အခြမ်းမှာ ဂဝံတုံးကြီးတွေနဲ့ အတက် အဆင်းလုပ်ဖို့ လှေကားရှိခဲ့တယ်။

မြို့ဟောင်းရဲ့ အနောက်ဘက်မှာ တည်ထားတဲ့ မြင်ထင်စေတီဆိုရင်လည်း ဂဝံစေတီဖြစ်ဖို့ များတယ်။ ဒေသခံတွေ က ကုလားသိုက် အစောင့်အရှောက်ရှိ တယ်လို့ ဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ ၂၀၀၈ခုနှစ်လောက် မြင်ထင်တောင်ပေါ်မှာ အရိုးအိုးတွေ ရတယ်။ ၇ လုံးလို့ ဆိုပေမယ့် အများ စုက မြေတူးရင်းကွဲတယ်။ ခိုက်တတ် တယ်ဆိုပြီး ရိုက်ခွဲလိုက်တယ်။ ကျွန်တော့် အကြောင်းသိတဲ့ ဒေသခံအစ်ကို တစ် ယောက်က သိမ်းထားပေးလို့ အရိုးအိုး တစ်လုံးကို ထားဝယ်တက္ကသိုလ် စာကြည့်တိုက်မှာ သိမ်းလိုက်နိုင်တယ်။

ဆက်လက် မဆွေးနွေးခင် ဒီမှာ ချုပ်ပြီးပြောရရင် ထားဝယ်မြစ်ဝှမ်း ဒေသရဲ့ အလယ်လောက်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀ ကျော်မှ မြို့ပြ ထွန်း ကားခဲ့တယ်ဆိုတာ ပြန်စဉ်းစားဖို့ လို တယ်။ အထူးသဖြင့် သာဂရကိုပေါ့။ အခုတွေ့ရသလောက် ကျောက်လက် နက်တွေ၊ ပုတီးစေ့တွေ၊ အရိုး အိုးတွေ၊ ဂဝံလက်ရာတွေက အများကြီး ရှေ့တိုး နိုင်တယ်။
ဆရာကြီး ဒေါက်တာသန်းထွန်း ပြောသလိုမျိုး။ “ဒီကလေး သိပ်တော် တယ်၊ ငါ့တပည့်ပေါ့”ဆိုတဲ့ လေသံမျိုးနဲ့ ထား ဝယ်အပါအဝင် တနင်္သာရီသမိုင်းကို မလေ့လာစေချင်ပါ။