မူရော လူပါ ကြည့်ပြီး မဲပေးရန် လက်ရှိ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ပြော

0
414

မကြာမီ ကျင်းပမည့် ရွေးကောက် ပွဲတွင် မဲဆန္ဒရှင်များအနေဖြင့် မဲပေး သည့်အခါ ပါတီ၏ မူဝါဒရော၊ ကိုယ် စားလှယ်လောင်းကိုပါ ကြည့်ပြီး မဲပေး ကြရန် လက်ရှိ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က အောက်တိုဘာလ ၂၂ ရက်တွင် ထားဝယ်မြို့တွင် ကျင်းပသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင် ဖွံ့ဖြိုးရေး ပါတီ လူထုတွေ့ဆုံပွဲတွင် ပြောသည်။

လက်ရှိ ဝန်ကြီးချုပ် ဦးမြတ်ကို သည် ထားဝယ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက် ယှဉ်ပြိုင် မည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ် သည်။
လူထုအနေဖြင့် လက်ရှိ ရရှိထား သည့် စည်းလုံး ညီညွတ်မှု ၊ ဖွံ့ဖြိုးမှုနှင့် ဒီမိုကရေစီ ဖော်ဆောင်မှုများကို ပိုကောင်း အောင် မြှင့်တင်ရန် စီမံမှု အတွေ့အကြုံ ရှိကာ ဒီမိုကရေစီနှင် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်မှုအတွက် အာမခံချက် ပေးနိုင်သည့် ပါတီကို မှန်မှန်ကန်ကန် သုံးသပ်ရွေးချယ် မဲပေးရန် ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောသည်။

“ပြည်သူများအနေနဲ့ ပါတီ၏ မူကို လည်းကြည့်ရန်၊ လူကိုလည်း ကြည့်ရန် လိုအပ်လှပါတယ်”ဟု ဝန်ကြီးချုပ် ဦးမြတ်ကိုက ဆိုသည်။
လူထုက ဆက်လက်တာဝန်ပေး မည်ဆိုပါက ထားဝယ်မြို့နယ်၏ သမိုင်း နှင့် တနင်္သာရီတိုင်းဒေသကြီးသမိုင်းကို အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းမည် ဟုလည်း ဦးမြတ်ကိုက ကတိပြုခဲ့သည်။

အဓိက ပြိုင်ဖက်ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထားဝယ်မြို့နယ် လွှတ်တော်ကိုယ်စား လှယ်လောင်းများက ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲဆွယ်စည်းရုံးချိန်တွင် လူကို မကြည့်ဘဲ ပါတီကို ကြည့်ပြီး မဲထည့်ရန် ပြောဆိုခဲ့သည်ဟု ဒေသခံ များထံမှ သိရသည်။
အောက်တိုဘာလ ၂၂ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီလူထုတွေ့ဆုံပွဲသို့ ထားဝယ်မြို့နယ်မှ လူထုအင်အား ၃၀၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲပြီးချိန်တွင် အောင်နိုင် ရေး သီချင်းများဖွင့်ကာ မော်တော် ယာဉ်များဖြင့် ထားဝယ်မြို့တွင်း လှည့် လည်ခဲ့ကြောင်း သိရသည်။