Global Witness ၏ ကျောက်စိမ်း အစီရင်ခံစာပါ အချက်များလွဲနေကြောင်း ကျောက်မျက်လုပ်ငန်းရှင် တစ်ဦး ပြန်လည်တုံ့ပြန်

0
837

လန်ဒန်အခြေစိုက် Global Witness အဖွဲ့မှ ထုတ်ပြန်လိုက်သော မြန်မာ့ကျောက်စိမ်း လုပ်ငန်းအကြောင်း အစီရင်ခံစာမှာ လွဲမှားနေကြောင်း အစီရင်ခံစာတွင် ဖော်ပြခံရသော ကျောက်မျက်လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးဇော်ဘိုခန့်က တုန့်ပြန်ပြောဆိုသည်။

ကျောက်စိမ်း: ‘မြန်မာ့ နိုင်ငံတော် မဟာလျှို့ဝှက်ချက်ကြီး’ (Jade: Myanmar’s ‘Big State Secret’) အမည်ရ အစီရင်ခံစာကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်အခြေစိုက် Global Witness အဖွဲ့မှ ၁၂ လကြာ စုံစမ်းထောက်လှမ်းပြုစုထားခြင်း ဖြစ်ပြီး မြန်မာ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် မိသားစုဝင်များ၊ စစ်ဗိုလ်ချုပ်ဟောင်းများ၊ အစိုးရနှင့် နီးစပ်သော ခရိုနီလုပ်ငန်းရှင်များ၊ မူးယစ်ရာဇာများနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ကချင်ပြည်နယ် ကျောက်စိမ်းထုတ်လုပ်ရေး လုပ်ငန်းမှ တစ်နှစ်လျှင် ဒေါ်လာ ၁၂ ဘီလီယံမှ ၃၁ ဘီလီယံအထိ ၀င်ငွေရရှိနေကြောင်း ဖော်ပြထားသည်။

အစီရင်ခံစာတွင် (၁) ဦးသန်းရွှေနှင့် မိသားစုဝင်များ ထိန်းချုပ်ထားသော ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းကွန်ရက် ဇယား၊ (၂) ဦးအောင်ကိုဝင်း၏ ကမ္ဘောဇအုပ်စု၊ ဦးကျော်ဝင်း၏ Sky Net အုပ်စု တို့ ဆက်နွယ်ပါဝင်နေသော မြန်မာ့အကြီးမားဆုံး ကျောက်စိမ်းထုတ်လုပ်သည့် လုပ်ငန်းစုဟု ယူဆရသည့် Ever Winner အုပ်စု၏ လုပ်ငန်းကွန်ရက်ဇယားနှင့် (၃) ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ ပါဝင်နေသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် အမေရိကန် အမည်ပျက်စာရင်းဝင် မူးယစ်ရာဇာတို့ ပါဝင်ဆက်နွှယ်နေသော လုပ်ငန်းကွန်ရက်တို့ကို ဖော်ထုတ်ထားသည်။
Jade_full_report_online_lo_res-64
တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် မူးယစ်ရာဇာ ဝေဆူးကျန်တို့၏ ကွက်ရက်အတွင်း ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဇော်ဘိုခန့်၏ ပါဝင်ပတ်သက်မှုကို အစီရင်ခံတွင် ဖော်ပြထားခြင်းဖြစ်သည်။

ဦးဇော်ဘိုခန့်မှာ ဝေဆူးကျန် ထိန်းချုပ်ထားသည်ဟု Global Witness မှ ယူဆထားသည့် ကျောက်စိမ်းလုပ်ငန်းစုတစ်ရပ်ဖြစ်သော မြန်မာတကောင်း ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်ပြီး မြန်ရွှေပြည် (MSP) သတ္တုတွင်း ကုမ္ပဏီတွင် ဒါရိုက်တာနှင့် အစုရှယ်ယာဝင် တစ်ဦးဖြစ်ကြောင်း အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော အစီရင်ခံစာ စာမျက်နှာ ၇၁ တွင် ဖော်ပြထားသည်။

MSP မှာ CAT (Caterpillar Inc.) တံဆိပ် စက်ယန္တရားကြီးများကို တင်သွင်းနေသော မြန်မာပြည် ကိုယ်စားလှယ်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာတကောင်းနှင့် MSP ၏ အုပ်ချုပ်မှုဒါရိုက်တာ အဖြစ်တာဝန်ယူထားပြီး မြန်မာတကောင်းမှာ ကိုယ်ပိုင်လုပ်ငန်းဖြစ်သာ ဖြစ်ကြောင်း ဦးဇော်ဘိုခန့်က ဆိုသည်။

“မြန်မာတကောင်းက ဝေဆူးကျန်နဲ့ မဆိုင်ပါဘူး။ ကျွန်တ်ာပိုင်တာ ကျွန်တော့် ကိုယ်ပိုင်လုပ်ငန်းပါ။ အဲဒါကြောင့် ပြောတာ အစီရင်ခံစာထဲမှာ လွဲနေတယ်လို့”ဟု ၎င်းက ငြင်းဆိုသည်။

အမေရိကန်၏ ဆုငွေဒေါ်လာ နှစ်သန်း ထုတ်ထားခြင်းခံထားရသော ဝေဆူးကျန်နှင့် UWSA တို့မှာ အမေရိကန်စီးပွားရေး ပိတ်ဆို့မှု စာရင်းတွင် ပါဝင်နေပြီး ယင်းကို ရှောင်လွှားရန် နာမည်ခံ လုပ်ငန်းများကို အသုံးပြုနေကြောင်း ခိုင်မာသည့် သက်သေများရှိကြောင်း Global Witness က ဆိုသည်။ ယင်းကြောင့် UWSA နှင့် ဆက်စပ်သော လုပ်ငန်းများမှာ လက်ငင်းအနေအထားတွင် အမေရိကန်စီးပွားရေး ပိတ်ဆို့ထားသော စာရင်းတွင် ရှိမနေခြင်း ဖြစ်ကြောင်း ယင်းကဆိုသည်။

အစီရင်ခံစာတွင် ဖော်ပြထားသော ကွန်ရက်ဇယားအရ ဦးဇော်ဘိုခန့်မှာ ဆူဝေကျန်း၏ အမေရိကန်က စီးပွားရေး ပိတ်ဆို့ခံထားရသော ဟုန်ပန်း ကုမ္ပဏီတွင် မန်နေဂျာအဖြစ် အလုပ်လုပ်ခဲ့ဖူးသည်။

ပြီးခဲ့သည့် ၁၀ နှစ်ကျော်ခန့်က ဟန်ပန်းလမ်းဖောက်လုပ်ရေး ကုမ္ပဏီတွင် မန္တလေး – မိတ္ထိလာလမ်းပိုင်း လမ်းဖောက်လုပ်ရေးတွင် လုပ်ကိုင်ခဲ့ဖူးခြင်းဖြစ်ပြီး ဆူဝေကျန်းနှင့် အခြား ဆက်စပ်မှုမရှိကြောင်း ဦးဇော်ဘိုခန့်က ပြောကြားသည်။

“အဲဒါနဲ့ ဆက်စပ်ပြီးတော့ ရေးထားတာ”ဟု ၎င်းကဆိုသည်။

ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီပေါင်း ထောင်ချီရှိသည့် ဖားကန့်တွင် MSP မှ တင်သွင်းနေသော CAT ကဲ့သို့သော စက်ယန္တရား ကုမ္ပဏီ အနည်ဆုံး ငါးခုရှိပြီး CAT အမှတ်တံဆိပ် စက်ယန္တရားများကို အများဆုံးအသုံးပြုကြောင်း ဖားကန့်တွင် နှစ်ချီ အလုပ်လုပ်ကိုင်ဖူးသည့် အင်ဂျင်နီယာ တစ်ဦးက တနင်္သာရီအပတ်စဉ်သို့ ပြောကြားသည်။

ထားဝယ်မြို့ဇာတိဖြစ်ပြီး ရန်ကုန်နည်းပညာတက္ကသိုလ် (YIT) မှ အင်ဂျင်နီယာ ဘွဲ့ရခဲ့သူ ဦးဇော်ဘိုခန့်မှာ ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမီတက် (DDPC) ၏ ဘုတ်အဖွဲ့ဝင်တစ်ဦး အဖြစ်ဆောင်ရွက်ခဲ့ပြီး ယခု အခါနုတ်ထွက်သွားပြီဖြစ်သည်။

ဦးဇော်ဘိုခန့် ၏ ပုံ (Zaw Bo Khant's Facebook)
ဦးဇော်ဘိုခန့် ၏ ပုံ (Zaw Bo Khant’s Facebook)

“ထွက်သွားတာကြာပြီ။ ရှယ်ယာရောင်းပြီးထွက်သွားတာ ၂ နှစ်ရှိပါပြီ”ဟု DDPC မှ ဒါရိုက်တာ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း အမှုဆောင် တစ်ဦးလည်း ဖြစ်ပြီး မြန်မာတကောင်းအမည်ဖြင့် ကျောက်မျက်ရတနာ ကုမ္ပဏီတစ်ခုလည်း ထူထောင်ထားသူ အသက် ၄၂ နှစ်အရွယ်ရှိ ဦးဇော်ဘိုခန့်မှာ လက်ရှိတွင် ရန်ကုန်အခြေစိုက် ထားဝယ်အသင်း အတွင်းရေးမှူး အဖြစ်လည်း တာဝန်ယူထားသည်။

ထားဝယ်အသင်း၏ လက်ရှိ ဥက္ကဋ္ဌမှာ အဏ၀ါလွှမ်းနှင့် Apex လေကြောင်းလိုင်း အကြီးအကဲ ဦးခင်စိုးဖြစ်သည်။

Global Witness က ၎င်းကို လာရောက်မေးမြန်းဖူးသော်လည်း ဝေဆူးကျန်၊ ဦးလီမြင့်၊ ဦးခင်မောင်မြင့်တို့နှင့် ပတ်သက်သည့် လုပ်ငန်းကွန်ရက် အကြောင်း မမေးမြန်းခဲ့ကြောင်း ဦးဇော်ဘိုခန့်က ဆိုသည်။

လုပ်ငန်းကွန်ရက်တွင် ဖော်ပြထားချက်များမှာ လွဲမှားနေပြီး ၎င်းလုပ်ပိုင်ခွင့်ရသော ကျောက်စိမ်း လုပ်ကွက်များ လုပ်ကိုင်ရန် ဦးလီမြင့်ကို ပုတ်ပြန်အပ်နှံထားခြင်းဖြစ်ကြောင်း သူက ရှင်းပြသည်။

“ဆိုလိုတာက ကိုယ်က လုပ်ကွက်စိုက် သူကတူးဖော်ရေး စရိတ် စိုက်။ ရ ရှိတဲ့  ဝင်ငွေ အပေါ် အစိုးရကို အခွန် ဆောင်ပြီး ၊ ကျန်တာ ရာခိုင်နှုန်း နဲ့  ခွဲယူကြတဲ့  စနစ်ပါ၊ ဖားကန့် မှာ လုပ်ရိုး လုပ်စဉ်ပါပဲ”ဟု ၎င်းကဆိုသည်။

အစီရင်ခံစာပါ ၎င်းနှင့် ပတ်သက်သောအချက်များမှာလွဲမှားနေပြီး အခြားတဖက်စကားဖြင့်သာ ရေးသားထားကြောင်း ဦးဇော်ဘိုခန့်ကဆိုသည်။

“တော်တော်များများက လွဲနေတယ်။ တစ်ဖက်တည်းက လူတွေရဲ့ စကားနဲ့ ရေးထားတာ။ လုပ်ငန်းရှင်တွေကို မေးထားတာမျိုး မဟုတ်ဘဲ လုပ်ငန်း အဆင်မပြေတဲ့သူတွေက ပြောတဲ့ တစ်ဘက်သတ် ကြားထားတာကိုပဲ ရေးထားတယ်”