ယုဇနဖောင်ဒေးရှင်း တစ်လတာအတွက် ဝန်ထမ်း ငါးရာ ခေါ်ထားဟုဆို

0
426

မြိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် ဦးဌေးမြင့်၏ ယုဇနဖောင်ဒေးရှင်းတွင်အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလဆန်းအထိ တာဝန် ထမ်းဆောင်ရန် ဝန်ထမ်းငါးရာဦး ခေါ်ထားကြောင်း ယင်းဝန်ထမ်းအချို့၏ အဆိုအရသိရသည်။

ယင်းဝန်ထမ်းများကို ဦးဌေးမြင့်၏ စည်းရုံးရေးခရီးစဉ်များတွင် အသုံးပြုရန် တစ်လအခြေခံလစာကျပ် ငါးသောင်းဖြင့် ခေါ်ယူသည်ဟု ၎င်းတို့ကပြောဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ၏ မြိတ်မြို့နယ် စည်ရုံးရေး ခရီးစဉ်များတွင်အောက်တိုဘာလ ၁၉ နှင့် ၂၀ ရက်နေ့များတွင် ခေါ်ယူခဲ့သောပြည်သူများမှာကတိပြုထားသည့် ငွေကြေးမရရှိကြောင်း ပြောဆိုချက်များကို ယင်းပါတီမှအမျိုးသား လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးမိုးမြင့်ကငြင်းဆို ထားပြီး ယုဇနဖောင်ဒေးရှင်း ဝင်ထား သည့် ဝန်ထမ်းများကိုသာ လစာပေးခန့် ထားခြင်းရှိကြောင်း ၎င်းကဆိုသည်။
yuzana_foundation
” ပြည်သူတွေကိုတော့ ဘာတစ်ခုမှ မပေးပါဘူး။ စည်းရုံးရေးခရီးစဉ်မှာ လိုက်ပါလာတဲ့သူတွေက ပါတီကို ထောက်ခံတဲ့သူ စိတ်ဝင်စားတဲ့ ပြည်သူ တွေ ဖြစ်ပါလိမ့်မယ်” ဟု ဦးမိုးမြင့်က ပြောသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ စက်တင်ဘာ ၈ ရက်နေ့မှ နိုဝင်ဘာ ၆ ရက်နေ့အထိဖြစ်ပြီး ရွေးကောက်ပွဲနီးကပ် လာချိန်တွင်ပိုမိုအရှိန်မြှင့်မဲဆွယ်လေ့ရှိ သည်။

ယုဇနဖောင်ဒေးရှင်း ကိစ္စနှင့်ပတ်သက်၍အသေးစိတ်တိကျစွာသိရှိနိုင် ရန် အောက်တိုဘာလ ၂၄ ရက်နေ့က ဖောင် ဒေးရှင်းတာဝန်ရှိသူများထံ အကြိမ်ကြိမ် သွားရောက်ခဲ့သော်လည်း ဖြေဆိုခဲ့ခြင်း မရှိပေ။