မြိတ်ဓလေ့ ကွမ်းမာအုပ်စောင့် မင်္ဂလာ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

တစ်လောက ဒီဗွီဘီ ဝိုင်းတော်သား (ကို)သန်းဝင်းထွဋ်တို့အဖွဲ့ ” ဒို့ပြည် ဒို့မြေ” အစီအစဉ် ရိုက်ကူးရန် ထားဝယ် မှ မြိတ်မြို့သို့ ကားနှစ်စီးဖြင့် ရောက်ရှိ လာပါသည်။ ခရီးရောက် မဆိုက်ပင် မြိတ်ဒေသ၏ ရိုးရာဓလေ့ တချို့ကို ဒို့ပြည် ဒို့မြေတွင် ထည့်သွင်းရိုက်ကူး ချင်သောကြောင့် မည်သည့်အကြောင်း အရာကို ဇောင်းပေး ရိုက်ကူးသင့်ကြောင်း အကြံဥာဏ် တောင်းလေသည်။ ထိုကြောင့် ကျွန်တော်တို့က ကုလားကျားအကနှင့် မင်္ဂလာဧည့်ခံပွဲများတွင် ရိုးရာမပျက် ကျင်းပပြုလုပ်လေ့ရှိသော ကွမ်းမာ အုပ် စောင့်ဓလေ့ကို ရွေးချယ်သင့်ကြောင်း အကြံပေး လိုက်ပါသည်။

သို့သော် ခက်နေတာက ယနေ့ အိုင်တီခေတ်ကြီး၏ မင်္ဂလာ ဧည့်ခံပွဲများ မှာ ခေတ်၏ တောင်းဆိုချက်အရ မင်္ဂလာ ခန်းမများကို လွယ်လင့်တကူ ငှားရမ်း ကျင်းပနေသောကြောင့် ကွမ်းမာအုပ် စောင့် ဓလေ့ကို မတွေ့ရ သလောက်ပင်။ ထိုဓလေ့ကို ယခုအခါ တနင်္သာရီ နယ် တစ်ဝိုက်မှာသာ ရိုးရာမပျက် ပြုလုပ် လေ့ရှိသလို ဒီဗွီဘီ ဝိုင်းတော်သားများ မှာလည်း အချိန် အကန့်အသတ်ရှိသော ကြောင့် ထိုဒေသသို့ သွားရောက် မရိုက် ကူးနိုင်ပေ။ ထို့အပြင် မြိတ်မြို့ပေါ်၌ပင် ကွမ်းမာ အုပ်စောင့်ဓလေ့ဖြင့် ကျင်းပ သော မင်္ဂလာ ဧည့်ခံပွဲတစ်ခု မဖြစ်မနေ ဖန်တီးပြီးရိုက်ကူးပါက ကုန်ကျစရိတ် များစွာရှိနေသောကြောင့် နောက်ဆုံး တော့ သူငယ်ချင်းတစ်ဦးထံတွင် ရိုက်ကူး ပြီးသား ဗီဒီယိုဖိုင် အသင့်ရှိနေသော ကုလားကျားအကကိုသာ ရွေးချယ်လိုက် ရပါသည်။
soe_nge_article
ဒီဘက်ခေတ် လူငယ်လေးများသည် ကွမ်းမာအုပ်စောင့် ဓလေ့အကြောင်း ကြားဖူးကောင်း ကြားဖူးနိုင်ပေမယ့် ကြုံဖူးသူ မရှိသလောက် ရှားပါလိမ့်မည်။ ကျွန်တော်တို့လို အသက်က ငါးထိပ်စီး နား နီးနေသူများတောင် ထိုဓလေ့ကို ငယ်စဉ်က ကြုံခဲ့ဖူးခြင်းဖြစ်ပြီး အသက် အရွယ်လေး အတော်အတင့်ရလာသော အခါ မတွေ့ကြုံရသလောက်ပင်။ ထိုကြောင့် ကိုယ့်မိဘ ဘိုးဘွားများ လက်ထက်က မြိတ်ဒေသမှာ အစဉ် အလာမပျက် ကျင်းပ ပြုလုပ်ခဲ့ကြသော ရိုးရာဓလေ့တစ်ခုကို ယနေ့ခေတ် လူငယ် လေးများ သိရှိနိုင်ကြစေရန် ရှေ့မီ နောက်မီ လူကြီးသူမများကို လိုက်လံ မေးမြန်းခဲ့သလို ထိုဓလေ့အကြောင်း ရေးသားထားသော စာအုပ်စာတမ်းများ ကို တတ်နိုင်သလောက် ရှာဖွေဖတ်ရှု လေ့လာပြီး စုစည်း တင်ပြလိုက်ရပါသည်။
ရှေးဦးစွာ အသုံးအနှုန်းနှင့် ပတ် သက်ပြီး ဝိဝါဒ ကွဲပြားစရာ တစ်ခုတွေ့ ရပါသည်။ ထိုအရာမှာ အစဉ်အဆက် ကျွန်တော်တို့ သိရှိခဲ့ကြသည်မှာ “ကွမ်း မအုပ် စောင့်ခြင်း” ဖြစ်ပြီး ဒေါ်ရီရီသက်၏ ” မြိတ်ခရိုင် သမိုင်း” မှာ “ကွမ်းမာ အုပ် စောင့်ခြင်း” ဟု ရေးသားထားပါသည်။ ဖြစ်တန်ရာ တစ်ခုမှာ ကျွန်တော်တို့ ဘိတ်သားများသည် လေယာဉ်ပျံကို လေပျံ၊ ငှက်ပျောသီးကို ပျောသီး စသည် ဖြင့် အတိုကောက် ပြောဆိုတတ်ကြသော ကြောင့် ကွမ်းမာအုပ်ကို ဝိုက်ချ (-m)အသံဖျောက်ပြီး ကွမ်းမအုပ်ဟု ပြော ဆိုခြင်းလား မသိ။ ထိုအသုံးအနှုန်း နှစ်ခုအနက် ဘယ်အရာက အမှန်ဖြစ် ကြောင်း ရှေ့မီနောက်မီ လူကြီးသူမများ ကို လိုက်လံ မေးမြန်းကြည့်ဖူးပေမယ့် ရေရာသော အဖြေတစ်ခု မရရှိခဲ့ပေ။ ထိုကြောင့် ဒေါ်ရီရီသက် သုံးနှုန်းရေး သားခဲ့သလို ကွမ်းမာအုပ်စောင့်ဓလေ့ ဟူသော အသုံးအနှုန်းကိုသာ ကျွန်တော် သုံးနှုန်းပါရစေ။

တကယ်တော့ ကွမ်းမာအုပ် စောင့် ခြင်း၏ ရည်ရွယ်ချက်မှာ သတို့သမီး ဖြစ်သူသည် အပျိုစင် ဟုတ်မဟုတ်၊ အပျို စစ်မစစ် ကွမ်းရွက်လေးများဖြင့် မှတ် ကျောက် အတင်ခံခြင်းပင် ဖြစ်ပါသည်။ ကျွန်တော်တို့ မိဘဘိုးဘွားများ ခေတ် တုန်းက မင်္ဂလာဧည့်ခံပွဲများမှာ မပါ မဖြစ် အရာသုံးခုမှာ မျက်နှာကြက်၊ ကွမ်း မာအုပ်နှင့် အပျိုဆောင် လူပျိုဆောင် (အရန်သတို့သား အရန်သတို့သမီး)တို့ ဖြစ်ကြပါသည်။ ထိုခေတ် ထိုအချိန်က ယခုလို မင်္ဂလာခန်းမ ငှားရမ်းသူများ မရှိသောကြောင့် အများအားဖြင့် သတို့ သမီး အိမ်၌သာ မင်္ဂလာအခမ်းအနား ကျင်းပလေ့ ရှိပါသည်။ ထိုအခါ မင်္ဂလာ ချိန်ခါ၌ သတို့သားနှင့် သတို့သမီး ထိုင်ရ မည့် နေရာ၏ နေရာ၏အထက်တည့် တည့်တွင် မျက်နှာကြက် ဆင်ရပါသည်။ အဆိုပါ မျက်နှာကြက်ကို ဇာထိုး ပန်းထိုး များဖြင့် အလှအပ ခြယ်မှုန်းထားပြီး အမြိတ် တစ်ပေခန့်ချ၍ ချိတ်ဆွဲထားရ ပါသည်။ ထိုခေတ် ထိုအချိန်က မျက်နှာ ကြက် ငှားစားသူများရှိပြီး ငှားရမ်းခမှာ မင်္ဂလာ တစ်ပွဲလျှင် ကျပ် ၅၀၀မှ ၁၀၀၀ အထိ ပေးရပါသည်။

ဒုတိယ မရှိမဖြစ် အရာမှာ ကွမ်း မာအုပ် ဖြစ်ပါသည်။ မင်္ဂလာ အခမ်း အနား တစ်ခုတွင် ကွမ်းမာအုပ် သုံးအုပ် အသုံးပြုရပါသည်။ ပထမအုပ်မှာ မိဘ အတွက်၊ ဒုတိယအုပ်မှာ ဘိသိက် ဆရာ နှင့် ကွမ်းမာအုပ် ပွဲပြင်ဆရာအတွက် ဖြစ်ပြီး တတိယအုပ်မှာ ဆွေမျိုး သားချင်းများအတွက် ဖြစ်ပါသည်။ အဆိုပါ ကွမ်းမာအုပ်များကို မင်္ဂလာ အခမ်းအနား ကျင်းပမည့်ရက် မတိုင်မီ တစ်ရက်ကြိုတင်၍ သတို့သား မိဘများ က သတို့သမီး မိဘများအိမ်သို့ သွား ရောက် ပို့ဆောင်ပေးရပါသည်။ ထိုအခါ ဘိသိက်ဆရာက သတ်မှတ်ထားသော အချိန်တွင် ဂါထာမန္တာန်များ ရွတ်ဖတ် သရဇ္ဈာယ်၍ ကွမ်းထည့်ဆရာက နှစ်ဖက် မိဘဆွေမျိုးများနှင့် လူအများရှေ့တွင် ကွမ်းမာအုပ် အတွင်းသို့ ကွမ်းသီး၊ ဆေး၊ မြေဇာမြက်နှင့် အောင်သပြေပန်း အသီး သီး ထည့်သွင်းရပါသည်။

သို့သော် နေရာ ဒေသကို လိုက်ပြီး ကွမ်းမာအုပ်အတွင်း ထည့်သွင်းသော ပစ္စည်းအမျိုးအမည် အနည်းငယ် လွဲကောင်း လွဲပေလိမ့်မည်။ ထိုအပြင် ထည့်သွင်းသော အချိန်သတ် မှတ်ချက်လည်း တစ်နေရာနှင့် တစ်နေရာ တူညီချင်မှ တူညီပေလိမ့်မည်။ တကူမှ ဘိသိက်ဆရာတစ်ဦး၏ အဆိုအရ သူတို့ ဒေသမှာ ရေတက်ချိန်၌ ပြုလုပ်လေ့ ရှိကြောင်း သိရှိရပါသည်။ ထိုသို့ ဂါထာ မန္တာန်များ ရွတ်ဖတ်သရဇ္ဈာယ်ပြီး ထည့်သွင်းရာတွင် သတ်မှတ်ထားသော စည်းကမ်းချက်များအတိုင်း ပထမ ကွမ်းမာအုပ်တွင် ကွမ်းသီး ခုနစ်ဆယ်၊ ကွမ်းရွက် ခုနစ်စည်းနှင့် ကွမ်းရွက် တစ် စည်းတွင် ကွမ်းရွက်ရေ အချပ် ငါးဆယ် ပါရှိရပါသည်။ ဒုတိယ ကွမ်းမာအုပ်တွင် ကွမ်းသီး ငါးဆယ်၊ ကွမ်းရွက် ငါးစည်း နှင့် ကွမ်းရွက်တစ်စည်းတွင် ကွမ်းရွက် ရေ အချပ်ငါးဆယ် ပါရှိရပါသည်။ ဆက်လက်ပြီး တတိယ ကွမ်းမာအုပ်တွင် ကွမ်းသီးသုံးဆယ်၊ ကွမ်းရွက် သုံးစည်း နှင့် ကွမ်းရွက် တစ်စည်းတွင် ကွမ်းရွက် ရေ အချပ် ငါးဆယ် ပါရှိရပါသည်။ အဆိုပါ ကွမ်းမာအုပ် သုံးအုပ်စလုံးတွင် ထုံး၊ ဆေးတစ်ထုပ်၊ ရှားစေးတစ်ထုပ်နှင့် ပဒုမ္မာ ကြာရွက်ကို အောက်မှခံ၍ ထည့် ရပြီး ကွမ်းသီးများအထက်တွင် မြေဇာ မြက်နှင့် အောင်သပြေတို့ကို ထည့်သွင်း ပြီးသောအခါ ပဒုမ္မာ ကြာရွက်ကို အပေါ်မှ ဖုံးပြီး လှလှပပ ဖြစ်နေအောင် ပြင်ဆင်ရပါသည်။ ထိုနောက် အပေါ်ဆုံး တွင် ဇာပဝါနှင့် ပိုးပဝါတို့ကို ဖုံးအုပ်ပြီး ကွမ်းမာအုပ်ပွဲ ပြင်ဆင်မှုကို အဆုံးသတ် ရပါသည်။

ထိုကွမ်းမာအုပ် သုံးအုပ်အပြင် အုန်းနှစ်ခိုင်၊ ငှက်ပျောနှစ်ခိုင်၊ မျောက်ဦး ခေါင်း အပင်ပေါက် နှစ်ခေါင်း၊ ကွမ်းပင် ပေါက်နှစ်ပင်၊ အုန်းပင်ပေါက် နှစ်ပင်၊ လမုသီးနှစ်လုံး၊ ဓနိသီးနှစ်လုံး၊ မြေခဲ နှစ်ခဲ၊ နာနတ်သီး နှစ်လုံး၊ ဒူးရင်း သီးနှစ် လုံး၊ ဖရဲသီး နှစ်လုံးနှင့် ကွမ်းရွက် တစ်ရာ (သို့)ခြောက်ရာ ပါရှိရ သေးသည်။ ထိုသို့ အမျိုးအမည် စုံလင်သလောက် ကရိက ထ များလွန်းသောကြောင့်လည်း ထို ဓလေ့ တဖြည်းဖြည်း တိမ်ကော ပပျောက် ခဲ့ရတာ ဖြစ်နိုင်ပါသည်။
ယခုလို ကွမ်းမာအုပ်ကို အပြီးသတ် ပြင်ဆင်ပြီးသောအခါ အဆိုပါ ကွမ်းမာ အုပ်များကို မင်္ဂလာအချိန် မတိုင်မီ မည်သူမျှ လာရောက်ဖွင့်ကြည့်ခြင်း မရှိ စေရန် ကွမ်းထည့်ဆရာက တစ်ညလုံး စောင့်ကြပ် ကြည့်ရှုရပါသည်။ ထိုကြောင့် ကွမ်းမာအုပ်စောင့် ဟူသော အသုံးအနှုန်း ပေါ်ပေါက်လာရခြင်း ဖြစ်တန်ရာ၏။ ထိုနောက် ကွမ်းမာ အုပ်ကို နောက်နေ့မှာ လူအများရှေ့တွင် ဘိသိက်ဆရာက ဂါထာမန္တာန်များ ရွတ်ဖတ်ပေးအပြီး ကွမ်းထည့်ဆရာက ဖွင့်လှစ်ပြီး အတွင်းမှ ကွမ်းရွက်များကို ပရိသတ်များက ကြည့် ကာ အသီးသီး မှတ်ချက်ချ ကြလေသည်။ အကယ်၍ ကွမ်းရွက်များ မညှိုးနွမ်းဘဲ နဂိုအနေအတိုင်း ရှိနေပါက သတို့သမီး မှာ အပျိုစင်၊ ကွမ်းရွက်များ ညှိုးနွမ်း နေပါက အပျိုစင်မဟုတ် စသည်ဖြင့်။

ရှေ့မီနောက်မီ လူကြီးသူမ တစ်ဦး အဆိုအရ တချို့ မင်္ဂလာပွဲများ၌ ကွမ်းမာ အုပ်အတွင်းမှ ကွမ်းရွက်များ အကြောင်း ကြောင်းကြောင့် ညှိုးနွမ်းနေတတ်ပါ သည်။ ထိုပွဲမျိုး၌ ကွမ်းထည့် ဆရာက အကင်းပါးပါးနှင့် ကွမ်းမာအုပ်ကို စတိ သဘောလောက်သာ ဖွင့်ပြပြီး အလျင် အမြန် ပြန်ပိတ်ရသော ဟူလို။ သို့သော် အများအားဖြင့် ညှိုးနွမ်းလေ့ မရှိကြောင်း သိရပါသည်။ အစဉ်အဆက် ကျွန်တော် တို့ လက်ခံကျင့်သုံးခဲ့ကြသော ဓလေ့ ထုံးတမ်းစဉ်လာများမှာ သက်ဝင်ယုံကြည် မှုနှင့် အကျင့်သီလပေါ်မူတည်ပြီး သက် ရောက်မှု အနည်းနှင့်အများရှိကြောင်း ယုံမှား သံသယရှိစရာ မလိုပါ။

ထိုနောက် လက်ထပ် ဘိသိက်သွန်း ပြီး သောအခါ ကွမ်းမာအုပ် သုံးအုပ် အနက် ပထမအုပ်ကို ဘိသိက်ဆရာက သတို့သမီး မိဘများကို ပေးအပ်ရပြီး ဒုတိယအုပ်ကို ဘိသိက်ဆရာနှင့် ကွမ်းပွဲ ပြင်သူ နှစ်ဦးက အညီအမျှ ခွဲဝေယူကြရ ပါသည်။ ကျန်တစ်အုပ်ကိုတော့ ဆွေမျိုး သားချင်းများ ခွဲဝေယူကြရပါသည်။
ထိုအပြင် သတို့သား သတို့သမီး တို့၏ လူပျိုဆောင် အပျိုဆောင် (အရန် သတို့သား အရန်သတို့သမီး)နှစ်ဦးမှာ ကွမ်းမာအုပ်စောင့်ဓလေ့ဖြင့် ထိမ်းမြား လက်ထပ်ထားသူ ဖြစ်ရမည့်အပြင် သား ဦး မွေးထားပြီး သားသမီး အလေအလွင့် အဆုံးအပါး မရှိသူများ ဖြစ်ရမည် (ဒီဘက် ခေတ်မင်္ဂလာပွဲများမှာတော့ လူပျိုဆောင် အပျိုဆောင်များမှာ လူပျို အပျိုများသာ ဖြစ်ကြောင်း တွေ့ရပါသည်၊ ဤကား စကားချပ်)။ လူပျိုဆောင် အပျိုဆောင် နှစ်ဦး၏ တာဝန်မှာ လက်ထပ်မင်္ဂလာ အခမ်းအနားနှင့် အကျွမ်းတဝင် မရှိသော သတို့သားနှင့် သတို့သမီးတို့ကို ရှေ့မှ ခေါ်ဆောင်၍ ပွဲထုတ် ပေးရခြင်း ဖြစ်ပါ သည်။

ထိုသို့ မထွက်ခွာမီ ဘိသိက်ဆရာ က သုံးကြိမ် သုံးခါတိတိ ခေါ်ယူရ ပါ သည်။ ယခုလို ခေါ်ယူပြီးသောအခါ လူပျိုဆောင်က သတို့သား၊ အပျိုဆောင် က သတို့သမီးကို ခေါ်ယူပြီး ဘိသိက် ဆရာနှင့် နှစ်ဖက်သော မိဘများ ရှေ့ မှောက်တွင် သတို့သားကို လက်ယာ ဘက်၊ သတို့သမီးကို လက်ဝဲဘက် အသီးသီး နေရာချပေးရပါသည်။ထိုနောက် အစီအစဉ်အတိုင်း လက်ထပ် မင်္ဂလာပွဲကို ဆက်လက် ကျင်းပပါသည်။ထိုသို့ လက်ထပ်မင်္ဂလာ ဆင်ယင်ကျင်းပ ရာတွင် ရှေးပဝေသဏီကတည်းက လိုက်နာ ကျင့်သုံးခဲ့ကြသော စုလျား ရစ်ပတ်ခြင်း၊ ဘိသိက် ရေစင်သွန်း လောင်းခြင်းနှင့် ဦးခေါင်း ဆေးခြင်း တို့ကိုပါ အစဉ်အလာမပျက် ထည့်သွင်း ပြုလုပ် ကြပါသည်။ ထိုခေတ် ထိုအချိန် က ယခုလို ဓလေ့ထုံးတမ်းစဉ်လာနှင့် အညီ စုလျားရစ်ပတ် လက်ထပ်ခဲ့ကြသော အကြင်လင်မယားများမှာ ရပ်ထဲရွာထဲ၌ လူရိုသေ ရှင်ရိုသေ ဖြစ်ကြကုန် ဟူ၏။

သို့သော် ယဉ်ကျေးမှု အချင်းချင်း တိုးမိတိုက်မိသော ကမ္ဘာပြား ခေတ်ကြီး တွင် ထိုဓလေ့ ထုံးတမ်းစဉ်လာမှာ တဖြည်း ဖြည်း မှေးမှိန်တိမ်ကောခဲ့ရာ ယခုဆို မြိတ်မြို့တွင် ကွမ်းမာအုပ်စောင့်သော မင်္ဂလာပွဲများ မတွေ့ရ သလောက်ပင်။
ယခုဤဆောင်းပါးမှာ တစ်ချိန်က ကျွန်တော်တို့ မိဘဘိုးဘွားများ လက်ခံ ကျင့်သုံးခဲ့ကြသော ချစ်စရာ ဓလေ့ထုံး တမ်း စဉ်လာ တစ်ခုကို ခေတ်လူငယ်များ သိရှိ နိုင်စေရန် လက်လှမ်းမီသလောက် စုစည်း တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

ကိုးကား ။ ။ ဒေါ်ရီရီသက်၏ ” မြိတ်ခရိုင်သမိုင်း” ။