ထားဝယ်သပိတ်မျှောပွဲတွင် သပိတ်ကြီး ၂၀ ကျော် ပါမည်

0
441

သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပလေ့ရှိသည့် ထားဝယ်ရိုးရာ သပိတ်မျှောပွဲတွင် သပိတ်ကြီး ၂၀ ကျော် ပါဝင်မည်ဖြစ်ကြောင်း သပိတ်ကြီး မျှောရန် စီစဉ်သူများထံမှ သိရသည်။

ယခင်က သပိတ်ငယ်များကိုသာ မျှောလေ့ရှိရာမှ လွန်ခဲ့သော ၆ နှစ်ခန့် မှစ၍ ဝဲကျွန်းထိန်ဟောင်း(အနောက်) လူငယ်အဖွဲ့မှ သပိတ်ကြီးတစ်လုံးကို စတင်မျှောခဲ့ပြီးနောက် အခြားရပ်ကွက် ^ကျေးရွာများက သပိတ်ကြီးများကို မျှောလာခဲ့သည်ဟု သိရသည်။
thapate_thadingyunt
ယခုနှစ်တွင် ထားဝယ်မြို့ပေါ် ရပ် ကွက်များက သပိတ်ကြီး ၁၀ လုံးကျော် နှင့် လောင်းလုံးမြို့နယ်၊ ကမြောကြီး ကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်ရှိ ကျေး ရွာများက သပိတ်ကြီး ၁၀ လုံးကျော် စုစုပေါင်း သပိတ်ကြီး ၂၀လုံးကျော် မျှောမည်ဖြစ်ကြောင်း သပိတ် မျှောရန် စီစဉ်သူများက ပြောသည်။
” သပိတ်ကြီးကို မျှောဖြစ်တာက ရွာလုံးကျွတ် စုပေါင်းပါဝင်လှူဒါန်းနိုင် အောင်ပါ” ဟု ကမြောကြီးကျေးရွာမှ သပိတ်ကြီးမျှောရန် စီစဉ်လျက်ရှိသော ဦးတင့်လွင်က ဆိုသည်။

လက်ရှိအချိန်တွင် သပိတ်ကြီးကို ရပ်ကွက်၊ကျေးရွာများ၌ထားရှိကာ လှူဖွယ်ပစ္စည်းနှင့် အလှူငွေများကို အလှူ ခံလျက်ရှိပြီး သီတင်းကျွတ် လပြည့်နေ့ တွင် ဆွမ်းနှင့်မုန့်စရှိသော လှူဖွယ်ပစ္စည်း များကို ထပ်မံ အလှူ ခံကာ ဝါးဖောင်(သို့) တာယာကွင်းများ အပေါ်၌ သပိတ်ကြီးကိုတင်ကာ ထားဝယ် မြစ်အတွင်းသို့ မျှောကြခြင်း ဖြစ်သည်။
ပြီးခဲ့သည့်ခုနှစ်က ထားဝယ်ရိုးရာ သပိတ်မျှောပွဲတွင် သပိတ်ကြီး ၂၀ လုံး ကျော် မျှောခဲ့ပြီး ၂၀၁၃ ခုနှစ်က သပိတ် ကြီး ၁၆ လုံးကျော် မျှောခဲ့သည်ဟု သိရသည်။