သံဃာတော်များအတွက် သီးသန့် နိဗ္ဗာန်ယာဉ် ဝန်ဆောင်မှု နိုဝင်ဘာလဆန်း စမည်

0
409

ထားဝယ်ခရိုင်အတွင်းရှိ သံဃာ တော်များ ပျံလွန်တော်မှုသည့် အခါ အသုံးပြုနိုင်ရန် လာမည့် နိုဝင်ဘာလ ဆန်းမှ စတင်ပြီး သံဃာတော်များအတွက် သီးသန့်နိဗ္ဗာန်ယာဉ်အခမဲ့ ဝန်ဆောင်မှု ကို စတင်မည်ဖြစ်ကြောင်း ထားဝယ်မြို့ ရှိ ဇမ္ဗူသီရိ မွန်မြတ်သော ကုသိုလ်ပြု အရေးပေါ် လူနာ(အခမဲ့) ကူညီသယ် ဆောင်ရေးမှ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောကြားသည်။


အချို့သော သံဃာများ ပျံလွန် တော်မူချိန်တွင်  ရပ်ကွက်၊ကျေးရွာ များရှိ နာရေးကူညီမှု နိဗ္ဗာန်ယာဉ်ကို အသုံးပြု လျက်ရှိပြီး သံဃာတော်များ သီးသန့်အသုံး ပြုနိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်ရန် စီစဉ် ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

” ထားဝယ်ခရိုင်အတွင်း မည်သည့် ကျေးရွာမဆို သံဃာတော်များ ပျံလွန် တော်ချိန်မှာ ကူညီပေးသွားမယ်”  ဟု ဦးနိုင်မျိုးသွင်က ဆိုသည်။
လက်ရှိအချိန်တွင် ထားဝယ်ခရိုင် အတွင်း သံဃာတော်များ အတွက် သီးခြားနိဗ္ဗာန်ယာဉ်မရှိသေးသဖြင့် သံဃာ များ၏ နောက်ဆုံးအချိန်၌ တင့်တယ်စွာ လုပ်ပေးလို၍ နိဗ္ဗာန်ယာဉ်ကို လှူဒါန်းရ ခြင်းဖြစ်ကြောင်း နိဗ္ဗာန်ယာဉ် အလှူရှင် ဒေါ်မေမေတင့်က ပြောသည်။

ဇမ္ဗူသီရိမွန်မြတ်သော ကုသိုလ်ပြု အရေးပေါ်လူနာ(အခမဲ့)ကူညီသယ် ဆောင်ရေးက အရေးပေါ် ထိခိုက်ဒဏ်ရာ ရသူများကို ရှေးဦးပြုစုကာ ဆေးရုံသို့ တင်ပို့ပေးခြင်း၊ အရေးပေါ် ဆေးရုံတင်ပို့ ပေးခြင်း၊ ရန်ကုန်မြို့ရှိ ဆေးရုံများသို့ လူနာတင်ပို့ပေးခြင်းတို့ကို ဝန်ဆောင်မှု ပေးလျက်ရှိရာမှ ယခုအခါ သံဃာတော် များအတွက် သီသန့် အသုံးပြုနိုင်ရန် နိဗ္ဗာန်ယာဉ် ဝန်ဆောင်မှုကိုပါ ပေးရန် စီစဉ်လာခဲ့ခြင်း ဖြစ်သည်။

ဇမ္ဗူသီရိ မွန်မြတ်သော ကုသိုလ် ပြုအရေးပေါ်လူနာ(အခမဲ့)ကူညီ သယ် ဆောင်ရေးမှ ပြီးခဲ့သည့်နှစ် ဩဂုတ်လမှ ယခုနှစ် စက်တင်ဘာလ အထိ အရေးပေါ် ထိခိုက်ဒဏ်ရာရရှိသူနှင့် အရေးပေါ် ဆေးဝါးကုသခံယူမည့် လူနာ ၂၃၂ ဦးကို ကူညီပေးနိုင်ခဲ့ပြီး  ရန်ကုန်မြို့သို့ဆေးဝါးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့သူ ဦးရေမှာ ယခုနှစ် မေလမှ စက်တင်ဘာလ အထိ ၂၄ ဦး ရှိသည်ဟု ရုံးမှတ်တမ်းအရ သိရသည်။
ဇမ္ဗူသီရိသည် လက်ရှိတွင် လူနာ တင်ယာဉ် ၃စီးဖြင့် ဝန်ဆောင်မှု ပေး လျက်ရှိသည်။