မြန်မာ စံတော်ချိန်

0
690

ရေဒီယိုမှ မြန်မာစံတော်ချိန် တီးလုံးသံ ကြားရတိုင်း တစ်ယောက် သောသူကို အလိုလို သတိရမိပါသည်။သူ့နာမည်ကား “ကိုဘန်းဆန်” ။ သို့ သော်ကျွန်တော်တို့အားလုံးက သူ့နာ မည်ရင်းကို မခေါ်ဘဲ” ကိုစံတော်ချိန်”  ဟုသာ ပညတ်လေ့ ရှိပါသည်။


အမှန်ကကိုဘန်းဆန်မှာ ကျွန်တော် တို့ထက်အသက်ရှစ်နှစ်ခန့်ကြီး ပါသည်။ကျွန်တော်တို့ ဆယ်တန်း အရောက်မှာ ကိုဘန်းဆန်က ဘွဲ့ရ ပြီးနေပြီ။ သို့သော် ကိုဘန်းဆန်မှာ လူပျိုကြီး တစ်ကိုယ် တည်းဖြစ်သည့်အပြင်ပျော်ပျော် နေတတ် သူမို့ ကျွန်တော်တို့ လူငယ်တွေနှင့် အဖွဲ့ကျသည်။ ထိုအပြင် ကိုဘန်းဆန်မှာ ရပ်ရေးရွာရေး၌ တက်ကြွသူ တစ်ဦးမို့ လူချစ်လူခင် များလှပေသည်။ ရပ်ကွက် ထဲတွင် အလှူပွဲတစ်ခုခုရှိတိုင်း ကာလ သားခေါင်းဖြစ်သော သူက တက်တက် ကြွကြွကူညီလုပ်ဆောင်ပေးလေ့ ရှိသလို နာရေးတစ်ခုခုဖြစ်တိုင်း ကနားဖျင်း ထိုးခြင်းမှအစ ရုပ်အလောင်း မြေကျ ချိန်အထိ မငြီးမငြူ ကူညီဆောင်ရွက် ပေးလေ့ ရှိပါသည်။
သို့သော် ကိုဘန်းဆန်မှာ ပြင်၍ မရသော အကျင့်တစ်ခု ရှိပါသည်။ ထို အရာကား အချိန်ကို မလေးစားခြင်းပင် ဖြစ်ပါသည်။ အကြောင်း ကိစ္စ တစ်ခု ခုကြောင့် သူမို့ ၁၀နာရီမှာ လာခေါ်မည် စောင့်နေဟု အချိန်းအချက် ပြုလုပ်ပါက ၁၀ နာရီခွဲခန့်မှ သုတ်သီးသုတ်ပျာ ရောက်ချလာလိမ့်မည်။ ထို့နောက် ” အေး ကွာ..လုပ်လက်စလေးတွေ မပြတ်သေး လို့ နည်းနည်းနောက်ကျသွားတယ်ဟေ့” ဟူသော ဓာတ်ပြားဟောင်းကြီးကို အပ်ကြောင်းထပ်နေအောင် ဖွင့်ပြပေ လိမ့်မည်။ ထို့အပြင် ကိုယ့်ဘက်က အချိန်းအချက် ပြုလုပ်ထားသော အချိန် အတိုင်းသူ့အိမ်မှာသွားခေါ်ပါက ထမင်း မစားရသေးလို့၊ ရေမချိုးရသေးလို့ စသည့် ခေါင်းစဉ်အမျိုးမျိုးကြောင့် သူ့ကိုစောင့်ရ စမြဲပင်။ ထိုသို့ အချိန် မတိကျခြင်းကို အကြောင်းပြုပြီး သူ့ကို မြန်မာစံတော်ချိန်ဟု နာမည်ပြောင် ပေး ရာမှအစပြု၍သူ့နာမည် ” ကိုစံတော်ချိန်” ဟု တွင်ခဲ့ရခြင်း ဖြစ်ပါသည်။

myanmar_times
ကျွန်တော်တို့ မြန်မာမှု နယ်ပယ်မှာ” မြန်မာစံတော်ချိန်” ဟူသော ဗန်း စကားကို ကြားဖူးနေတာ ကြာပါပြီ။ထိုဗန်းစကား၏ အနက် ဖွင့်ဆိုချက်မှာ သတ်မှတ်ထားသော အချိန်အတိုင်း တိတိကျကျ မလုပ်ဆောင် နိုင်ခြင်းပင် ဖြစ်ပါသည်။ ရှင်ရှင်းပြောရလျှင် အချိန် ကို မလေးစားခြင်း ဆိုပါစို့။” တိကျ မှန်ကန်မှုကြောင့် အများတကာ စံသတ် မှတ်ရသောအချိန်”  ဟူသော အနက် ဖွင့်ဆိုချက်နှင့် ပြောင်းပြန် အဓိပ္ပာယ် ကောက်ယူနိုင်ပါသည်။
သတိပြုမိတာ ကြာပါပြီ။ အများ နှင့် သက်ဆိုင်သော အခမ်းအနားများ၌ အခမ်းအနား စတင်ချိန် အတိအကျကို မည်သို့ပင် ကြေညာထားပေမယ့် တကယ် တမ်း နာရီဝက်လောက် နောက်ကျပြီး မှသာ အခမ်းအနားစတင် ဖြစ်ပါသည်။ ဆိုကြပါစို့။ အခမ်းအနား စတင်ချိန် မနက် ၈နာရီဟု ကြေညာထားပါက စီစဉ်သူတွေ ဘက်က ဖိတ်ကြားထားသော ဧည့်ပရိသတ်တွေ မနက် ၈ နာရီ ခွဲလောက်မှ စုရုံး ရောက်ရှိလာကြလိမ့် မည်ဟု တစ်ထစ်ချ တွက်ဆထားသလို ဧည့်ပရိသတ်တွေ ဘက်ကလည်း ထိုအခမ်းအနားသည် သတ်မှတ်ချိန်ထက် အနည်းဆုံး နာရီ ဝက်ခန့် နောက်ကျပြီးမှ စတင်ဖြစ် လိမ့်မည်ဟု အတွေ့အကြုံအရ ကြိုသိနှင့် နေတတ်ကြသည်။ အခမ်း အနား စီစဉ်သူနှင့် ဧည့်ပရိသတ်တွေ ကြားမှာ မြန်မာစံတော်ချိန်က နာရီဝက် ခန့်။
ထို့အတူ အစည်းအဝေးများ မှာ လည်း တစ်ဦးအပေါ်တစ်ဦး အပြန် အလှန် သံသယစိတ်ကြောင့် မြန်မာ စံတော်ချိန်က အနည်းနှင့်အများ ဆို သလို ရှိတတ်စမြဲပင်။သတ်မှတ်ချိန် အတိုင်း စတင်နိုင်သော အခမ်းအနား တွေ၊ အစည်းအဝေးတွေ မရှိမဟုတ်၊ ရှိတော့ရှိသည် သို့သော် ရှားသည်ဟု ဆိုရပေလိမ့်မည်။ ဒီလိုနှင့် ကျွန်တော်တို့ အားလုံး အစည်းအဝေး မြန်မာစံတော် ချိန်၊ အခမ်းအနား မြန်မာစံတော်ချိန်၊ ရုံးဝန်ထမ်းများ၏ မြန်မာစံတော်ချိန်၊ သယ်ယူ ပို့ဆောင်ရေးယာဉ်များ၏ မြန် မာစံတော်ချိန် ….စသည်ဖြင့် မြန်မာ စံတော်ချိန် ရေစီးကြောင်းထဲတွင် ခေါက်တုန့်ခေါက်ပြန် ပျော်ပျော်ကြီး ကူးခတ်ကြလေတော့သည်။
သို့သော် တစ်ခါက မြန်မာစံတော် ချိန်ကို ရိုက်ချိုးချင်သော ပုဂ္ဂိုလ် နှစ်ဦးနှင့် ကြုံဆုံ ခဲ့ရဖူးပါသည်။ ထိုနှစ်ဦးအနက် တစ်ဦးမှာ ကျွန်တော်တို့ ရပ်ကွက်လူကြီး ဖြစ်ပါသည်။ အဆိုပါ ပုဂ္ဂိုလ်ကြီးမှာ ရပ်ရေးရွာရေး အစည်းအဝေး ကျင်းပ တိုင်း မည်သူလာလာ မလာလာ အစည်း အဝေးခန်းမထဲ အချိန်အတိအကျ ရောက် ရှိနေတတ်ပါသည်။ ထိုနောက် တဖွဲဖွဲ ရောက်ရှိလာသော ကာလသားများကို စောင့်ဆိုင်းရင်း ဒူးယားစီးကရက် တစ်လိပ်ပြီး တစ်လိပ် မီးကူးသောက် လေ့ရှိပါသည်။သောက်ထားသမျှ စီး ကရက်တိုတွေကိုလည်း လွှင့်မပစ်ဘဲ သူ့ရှေ့ စားပွဲပေါ် စုပြုထားပြီး စောင့်ဆိုင်း နေရတာ ဘယ်လောက်ကြာပြီ ဖြစ် ကြောင်း အသံတိတ် သက်သေပြလေ့ရှိ ပါသည်။ ထိုအပြင် အစည်းအဝေး ကျင်းပ ချိန်ထက် နောက်ကျမှ ရောက်ရှိလာသူ များကိုလည်း မာန်မဲအပြစ်တင်ခြင်း အလျှင်းမရှိ။

အကယ်၍ မြန်မာစံတော်ချိန် ကို လိုက်နာကျင့်သုံးသူ တစ်ဦးတစ်လေ က ” ဥက္ကဌကြီးရောက်နေတာ ကြာပြီ လား”  ဟု စကားရောဖောရောလုပ်ပါက သူ့ရှေ့စားပွဲပေါ်ရှိ စီးကရက်တိုတွေကို မေးဆတ်ပြလိမ့်မည်။ သူ့ဖောက်ထွက် တွေးလေးက လှပေမယ့် လူတိုင်းလိုလို မှာ အရိုးစွဲနေသော မြန်မာစံတော်ချိန်ကို မြေလှန်မပစ်နိုင်။ သူသာ အဆုတ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့ရလေသည်။
နောက်ထပ် မြန်မာစံတော်ချိန်ကို ရိုက်ချိုးချင်သူ တစ်ဦးမှာ ကျွန်တော့် သူငယ်ချင်း ဖြစ်ပါသည်။ သူလည်း ကျွန်တော်တို့ ရပ်ကွက်လူကြီး လို အချိန်ကိုလေးစားသူ တစ်ဦး ဖြစ်ပေမယ့် သူ့နည်းလမ်းက သိပ်တော့ မငြင်သာ။ပြောရလျှင် ဆေးလိပ်ကင်းမဲ့ဇုံ တွင် ဆေးလိပ်သောက်မိပါက ဒဏ်ကြေး ဒေါ်လာ၁၀၀၀၊ စည်းမဲ့ကမ်းမဲ့ အမှိုက် စွန့်ပစ်ပါက ဒဏ်ကြေးဒေါ်လာ ၁၀၀၀၊ ဓာတ်လှေကားထဲ အပေါ့အပါး စွန့်မိပါက ဒဏ်ကြေး ဒေါ်လာ၅၀၀…စသည်ဖြင့် ဒဏ်ကြေးမြို့တော် (Fine City)ဟု နာမည်ကြီးလှသော စင်္ကာပူ နိုင်ငံ၏ လုပ်ထုံးလုပ်နည်းနှင့် ခပ်ဆင် ဆင်။သာဓကအားဖြင့် တစ်စုံ တစ်ယောက်က သူ့ကို ချိန်းဆိုထားပါက ထိုအချိန်၌ သူက အားလုံးအဆင်သင့် ဖြစ်နေပေ လိမ့်မည်။

ချိန်းဆိုထားသူက သူ့အိမ်ရှေ့ ဆိုင်ကယ် ထိုးရပ် လိုက်တာနှင့် သူက ဆိုင်ကယ်ပေါ် စွေ့ခနဲ တက်ခွထိုင်ပြီး စက်နိုးထားပြီးသား။ အကယ်၍ တစ်ဖက် သားက မြန်မာစံတော်ချိန်သမား ဖြစ်နေပါက သူ့အနေနှင့် ဆယ့်ငါးမိနစ် ခန့် သည်းခံ စောင့်ဆိုင်းပေးလိမ့်မည်။ထိုဆယ့် ငါးမိနစ်ထက် ကျော်လွန်သွား ပါက သိကြားမင်းကိုယ်တိုင် လူ့ပြည် ဆင်းလာပြီး လာရောက်ပင့်ဆောင်တာ တောင် သူထလိုက်မည် မဟုတ်တော့။ထိုအပြင် သူ့ဘက်က စတင် ချိန်းဆိုပါက ချိန်းဆိုထားသည့် အချိန်အတိုင်း တိတိကျကျ ရောက်ရှိ လာလိမ့်မည်။ အကယ်၍ ကိုယ့်ဘက်က အကြောင်း ကြောင်းကြောင့် အဆင်သင့် မဖြစ်သေး ပါက ” မင်းကွာ…အချိန်ကိုလေးစားရ ကောင်းမှန်း မသိဘူး” ဟု တဖျစ်တောက် တောက် ငြီးငြူ ပေ လိမ့်မည်။ ထိုနောက် လူ့ဘ၀ကို အချိန်နှင့် တည်ဆောက် ထားကြောင်း၊ အချိန် မည်မျှအရေးကြီး ကြောင်း၊ လောကကြီးမှာ မိဘနှင့် အချိန်ဆိုတာ အစားပြန်မရနိုင်ကြောင်း တတွတ်တွတ် ရှင်းပြပေလိမ့်မည်။ သို့သော် ကျွန်တော့် သူငယ်ချင်း၏ မြန်မာ စံတော်ချိန်တော် လှန်ရေးကြီးသည်လည်း ထိရောက် အောင်မြင်မှုမရှိ။အကြောင်းမှာ ကျွန်တော်တို့ လူ့အဖွဲ့အစည်း အတွင်း၌ မြန်မာစံတော်ချိန် သမားတွေက ခွေးလှေး ပျားတောအနှံ့ မဟုတ်လား။
သို့သော် တစ်ချိန်က ဥရောပ တစ် တိုက်လုံး ဖိန့်ဖိန့်တုန်အောင် ကြောက် လန့်ရသော ပြင်သစ်စစ်ဘုရင် နပိုလီယံ ကား အချိန်၏ တန်ဖိုးကို ဘ၀နှင့်ရင်းပြီး နားလည်ခဲ့သူ တစ်ဦးဖြစ်လေသည်။နပိုလီယံသည် အင်္ဂလိပ် စစ်ဗိုလ်ချုပ်ကြီး ဝယ်လင်တန်၏တပ်ကို ချေမှုန်း တိုက်ခိုက်ဖို့ ဝါးတားလူး စစ်မြေပြင်သို့ ရောက်ရှိသောအခါ နေဝင်တော့မည်။ ထိုကြောင့် နပိုလီယံသည် ဝင်လုဆဲဆဲ နေမင်းကြီးကို မော့ကြည့်ပြီး ” ယနေ့ အတွက် နှစ်နာရီလောက် သင့်ကို ငါတား၍ရလျှင် လောက၌ ဘာမဆို ငါပေးနိုင်ပါရဲ့” ဟု ညည်းတွားလေသည်။ ထိုသမိုင်းဝင် စစ်ပွဲ၌ နပိုလီယံ မရှုမလှ ရှုံးနိမ့်ခဲ့ရပြီး ဗြိတိသျှပိုင် စိန့်ဟယ်လင် နာကျွန်း၌ တစ်ကျွန်စံဘ၀နှင့် နိဂုံးချုပ် ခဲ့ရလေသည်။
နောက်ထပ်အချိန်၏ တန်ဖိုးကို သေသေချာချာ နားလည်သဘော ပေါက် သူတစ်ဦးမှာ ဆရာကြီး ပီမိုးနင်း ဖြစ်ပါ သည်။ ဆရာကြီး ပီမိုးနင်းသည် သူ၏ ” အဖိုးအတန်ဆုံးသော အရင်းအနှီး” ဟူသော ဆောင်းပါးတွင် အချိန်၏ တန်ဖိုးကို ယခုလို ယျေဘုယျ ဆန်ဆန် တွက်ချက်ပြ လေသည်။ အသက်၆၀ နေရမည့် သူတစ်ဦးမှာ နှစ်ပေါင်း၂၀ အိပ်စက်ခြင်းဖြင့် ကုန်လွန်ခဲ့ရ လေသည်။ လူ့သက်တမ်း၏ သုံးပုံတစ်ပုံ ဆိုပါစို့။ ထိုအပြင် စားသောက် ခြင်းဖြင့် ကုန်လွန်ချိန်က ၇နှစ်၊ထမင်းစား စားပွဲ တွင် ထိုင်စောင့်ရသော အချိန်က ၉လ၊ အလုပ်လုပ်ချိန်က ၁၇ နှစ်ခွဲ၊ အပျော်အပါးအတွက် ၇ နှစ်ခွဲ၊ကစားခုန်စား ခြင်းအတွက် ၆ နှစ်ခွဲ၊ ဝတ်စားဆင်ယင်မှု အတွက် ၂ နှစ်ခွဲနှင့် တစ်စုံတစ်ရာ မလုပ်ဘဲ နေချိန်က ၂ နှစ်ခွဲ ဟူလို။
ထိုအပြင်အချိန်၏တန်ဖိုးကို တိုင်းတာတွက်ချက်ပြသော စကားပုံများက အသင်္ချေအနန္တပင်။ သို့သော် တစ်သက်လုံး မြန်မာ စံတော်ချိန်နှင့် အသားကျခဲ့ကြသော ကျွန်တော်တို့သည် အမှုကိစ္စ အတော်များများကို နေ့ရွေ့ ညဆိုင်းဖြင့်သာ အလိုမတူဘဲ အသက် တွေ တစ်နှစ်ပြီးတစ်နှစ် ကြီးရင့်ခဲ့ကြ ပါသည်။ အချိန်ကိုက် အခါကိုက် လုပ်ဆောင်ရမည့် အမှုကိစ္စတချို့၌ အီလေးဆွဲနေသောကြောင့် ဘ၀မှာ ဆုံးရှုံးနစ်နာမှု ပေါင်းများစွာ ကြုံတွေ့ခဲ့ရပေမယ့် ကျွန်တော်တို့ ဘယ်နှကြိမ် နောင်တ ရခဲ့ကြပါသနည်း။ ဘယ်လောက်များ သင်ခန်းစာ ထုတ်နှုတ် ယူငင်နိုင်ခဲ့ကြပါသနည်။
တကယ်တော့ သဘာဝတရားကြီးက တရားမျှတပါသည်။ သူပိုင်ဆိုင်သောအချိန်ကို လူတိုင်းကို လက်ဆောင်အဖြစ် တန်းတူရည် တူ ပေးလေ့ ရှိပါ သည်။ ဘုရင်ခံဖြစ်စေ၊ သူတောင်းစားဖြစ်စေ စက္ကန့်ခြောက်ဆယ်မှာ တစ်မိနစ်၊မိနစ်ခြောက်ဆယ်မှာ တစ်နာရီ၊ ၂၄နာရီမှာ တစ်ရက်….စသည်ဖြင့် ညီတူညီမျှ ပေးလေ့ရှိပါသည်။ မည်သို့ပင် ဘုန်းတန်ခိုးထက်မြက်သော မင်းဧကရာဇ် ဖြစ်ပါစေ ထိုထက် ပိုလိုချင်၍ မရပါ။ ထိုသို့ သဘာဝကပေးသော လက်ဆောင်မွန် ကို တန်းတူရည်တူ ရရှိကြပေမယ့် အချိန်၏တန်ဖိုးကို နားလည်သူ၊ အချိန်ကို အကျိုးရှိရှိ အသုံးချ တတ်သူများသာ အောင်ပန်းကို ဆွတ်ခူး နိုင်ခဲ့ ကြပါသည်။ နောက်တစ်ဖန်အစား ပြန်မရနိုင်သော အချိန်ကို အချည်းအနှီး ဖြုန်တီးပစ်ခဲ့ကြသော အများစုကား ဆုံးရှုံးမှုနှင့် နောင်တ ဝဲဩဃကြီးထဲ၌သာ အဖန်တလဲလဲ ကျင်လည်ကျက်စား ကြရကုန် သည်။ ပူဆွေးသောက ကြီးစွာနှင့် ဘ၀နေညိုချိန်ကို ညှိုးငယ်စွာ ဖြတ် သန်း ကြရလေသည်။
ရေဒီယိုမှ မြန်မာစံတော်ချိန် တီးလုံးသံကြားတိုင်း ကိုဘန်းဆန် ကြီးကို အလိုလို သတိရမိပါသည်။ ယခုတော့ သူလည်း ဘယ်သောင် ဘယ်ကမ်းဆိုက်နေမှန်း မသိတော့ပါ။