မောင်းမကန် ကမ်းခြေသွားလမ်း တိုးချဲ့

0
494

မောင်းမကန်ကျေးရွာ အတွင်းမှ ကမ်းခြေသို့ သွားသည့်လမ်း တိုးချဲ့ ဖောက်လုပ်နေပြီး နှစ်လအတွင်း အပြီး ဆောင်ရွက်မည်ဟု လျာထားကြောင်း ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ သိရသည်။


မူလလမ်းအကျယ် ၁၂ ပေမှ လမ်း တာရိုးအကျယ် ပေ ၄၀ နှင့် ကတ္တရာ လမ်းအကျယ် ၁၈ပေအထိ တိုးချဲ့ မည်ဟု သိရသည်။
” လမ်းတာရိုး အကျယ်ပေ ၄၀ ဆိုပေမယ့် အိမ်တွေ မပါအောင်တော့ ဖောက်လုပ်မှာဖြစ်တယ်” ဟု ပြည်သူ့ ဆောက်လုပ်ရေးမှ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ဆိုသည်။

mgmagan_road
ယခင်လမ်းသည် ဆေးရုံနှင့် မီး သတ်ဌာနတို့အတွက် ယာဉ်အသွား အလာ အခက်အခဲရှိသည့်အတွက် ယင်း သို့ တိုးချဲ့ခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါ လမ်းတိုးချဲ့ ဖောက်လုပ်မှု ကြောင့် လမ်းနံဘေး ဝဲယာရှိ ထန်းပင် အတော်များများ ခုတ်လှဲလိုက်ရသည်။
ထန်းပင်များ ခုတ်လှဲလိုက်သည့် အတွက် သဘာဝအလှ ပျက်စီးသွားသည် ကို နှမြောသော်လည်း ယင်းထန်းပင် များကို အကာအကွယ်ယူ၍  ရိုက်နှက် မှုများ ဖြစ်ပွားနေသည့်အတွက် ယင်းသို့ ခုတ်လှဲလိုက်သည်မှာ ကောင်းသည်ဟု လည်း ပြောနိုင်ကြောင်း မောင်းမကန် ရွာသားအချို့က ပြောသည်။
ယင်းလမ်းပိုင်းတွင် မောင်းမကန် ဆေးရုံဝန်းကျင် အထိသာ လမ်းမီး အနည်းငယ်ရှိပြီး ဆေးရုံမှ ကမ်းခြေအထိ လမ်းမီးမရှိဟု မောင်းမကန် ဒေသခံ တစ်ဦးထံမှ သိရသည်။
မောင်းမကန်ရွာ လမ်းဆုံမှ မောင်း မကန် ကမ်းခြေအထိ တစ်မိုင်နီးပါး အရှည်ရှိသည့် အဆိုပါ လမ်းတိုးချဲ့ မှုအား အောက်တိုဘာလမှစပြီး ဖောက် လုပ်လျက်ရှိကြောင်း သိရသည်။