ဇမ္ဗူသီရိကား စီးရမယ့် ဘေးမှကင်းဝေးကြပါစေ

0
528

ခုတစ်လော ဗြတ်စာလည်း လမ်းထွက်ရမှာ ခပ်လန့်လန့်ပဲခင်ဗျ။ဗြတ်စာတို့ ထားဝယ်ရွှေမြို့တော်ကြီးမှာ ပွင့်လင်းရာသီရောက်လာတာနဲ့အမျှ လမ်းပေါ် တက်ဆိုင်ကယ်စီးရမှာ ရှေ့ တန်းစစ်မြေပြင်ထွက်တာနဲ့တူနေ မလား ပဲ။

အသက်ဖက်နဲ့ထုပ်ထွက်နေရသလို ခံစားလာ ရတယ်ခင်ဗျ။ လမ်းထွက်လို့ အိမ်ပြန်ရောက်မှပဲ ဪ..ငါ ထိခိုက် ဒဏ်ရာ မရသေးပါလားလို့ နေ့တိုင်း ဟင်းချမိပါရဲ့။ ခုတစ်လော ဗြတ်စာတို့ ထားဝယ်မှာ နေ့စဉ်လိုလို ကြားလာရ တဲ့အသံက အရေးပေါ် လူနာ တင်ကားရဲ့ အချက်ပေး ဥဩသံခင်ဗျ။ အနည်းဆုံး တစ်နေ့တစ်ကြိမ်တော့ ကြားနေရပါ တယ်။ တစ်ခါတစ်လေ တစ်စီးတည်း အသံကြား ရသလို တစ်ခါတစ်လေလည်း အရေးပေါ် ကားနှစ်စီးရဲ့ အချက်ပေး ဥဩသံကို ဆက်တိုက်ကြားရပါတယ်။ အဲလိုအခါမျိုးဆိုရင် ပြင်းထန်တဲ့ ယာဉ် တိုက်မှုပဲလို့ တစ်ခါတည်း ကောက်ချက် ဆွဲနိုင်ပါတယ်။ (အဲ..ဒီနေရာမှာအရေး ပေါ်ကားဆိုလို့ ကျန်းမာရေးဝန်ကြီး ဌာနပိုင် အရေးပေါ်ကားလို့ မထင်လိုက် ပါနဲ့။ မြို့လူထုစေတနာရှင်တွေ ဖွဲ့စည်း ထားတဲ့ ဇမ္ဗူသီရိအရေးပေါ် လူနာတင် ယာဉ်ပါခင်ဗျ။) ဒီလိုအရေးပေါ်ကားတွေ သွားတာမြင်တိုင်း ငါ့အလှည့် မရောက် ပါစေနဲ့လို့ ကြိတ်ပြီးဆုတောင်းရတဲ့အထိ စိုးရိမ်နေရတဲ့ အခြေအနေမျိုးခင်ဗျ။
ဗြတ်စာတို့ ထားဝယ်မှာဖြစ်တဲ့ ယာဉ်မတော်တဆမှုအများစုက ဆိုင် ကယ်မတော်တဆမှုတွေ များပါတယ်။
သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ ကလည်း လုပ်သင့်လုပ်ထိုက်တာ တွေ ထဲက တစ်ခုဖြစ်တဲ့ ပညာပေးဟော ပြောပွဲတွေကို တက္ကသိုလ်ကောလိပ်တွေ၊ ကျောင်းတွေမှာ လုပ်နေပေမယ့်လည်း ယာဉ်တိုက်မှု၊ မတော်တဆမှုတွေ ကတော့ ဒီလပိုင်း ရက်ပိုင်းတွေအတွင်း မှာ သိသိသာသာ တိုးလာတာ တွေ့နေရ ပါသဗျ။ ဖြစ်ပြီဟေ့ဆိုရင်လည်း ဒဏ်ရာ ပြင်းထန်မှုတွေရှိသလို အသက် ဆုံးရှုံး ရတဲ့ ဖြစ်စဉ်မျိုးတွေကိုလည်း တွေ့လာရ ပါတယ်။
ဒီတော့ ကြိုတင်ကာကွယ်ရေးအပိုင်း တွေဘာတွေ အားနည်းချက်ရှိနေလဲ၊ ဘာတွေဖြည့်စွက်ဖို့လိုသေးလဲ ဆိုတာကို ဗြတ်စာလည်းကူပြီး တွေးပေးချင်စိတ်ပေါ် လာပါတယ်။ ယာဉ်တိုက်မှုတွေများလာ တာကိုသက်ဆိုင်ရာ ယာဉ်ထိန်းတပ်ဖွဲ့၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ တွေ လည်း ဦးနှောက်မုန်တိုင်းဆင်ကြလိမ့် မယ်လို့ ဗြတ်စာယုံကြည်ပါတယ်ဗျ။သူတို့လည်း သူတို့နည်းသူတို့ဟန်၊ သူတို့ ထောင့်ကနေ အဖြေရှာကြမှာ ဖြစ်သလို ဗြတ်စာတွေးမိတာလေးလည်း တင်ပြချင် ပါတယ်။
ဗြတ်စာလေ့လာ ရသလောက် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအပိုင်းမှာ တာဝန်ရှိသူတွေက  ဆိုင်ကယ်မောင်းနှင်သူ တွေကို ဦးထုပ်ဆောင်းဖို့ (အန္တရာယ် ကာ ဦးထုပ်)ကိုပဲ အလေးပေး ပြောနေကြတာ၊ ဗီနိုင်းကြော်ငြာဘုတ်တွေ ထောင်တာတွေ့ ရပါသဗျ။
ခုနောက်ပိုင်းဖြစ်ပွားနေတဲ့ ဆိုင် ကယ် မတော်တဆ ဖြစ်မှုတွေ အရ ဆိုရင် ဦးထုပ်ဆောင်းဖို့ထက် ဆိုင်ကယ်ကို အရှိန်ပြင်းစွာ မမောင်းဖို့ အဓိကကျမယ် လို့ ထင်ပါတယ်။ ဖြစ်ပွားခဲ့တဲ့ ယာဉ် မတော်တဆမှုတွေကို လေ့လာ ကြည့်ရင် အများစုက ဆိုင်ကယ်ကို အရှိန်ပြင်းစွာ မောင်းလို့ မျက်နှာချင်းဆိုင်တိုက်တာ၊ လမ်းအကွေ့တွေမှာ လမ်းချော်(စလစ် ဖြစ်တာ)ပြီး လဲတာ၊ တစ်စုံတစ်ခုကို ဝင်တိုက်တာတို့ ဖြစ်နေတာ တွေ့ရပါ တယ်။ ဆိုင်ကယ်ကို သတ် မှတ်ထားတဲ့ မြန်နှုန်းအတိုင်းသာ ထိန်းထိန်းသိမ်းသိမ်း မောင်းကြမယ်ဆိုရင် ဘေးအန္တရာယ်ဖြစ် စရာမရှိလို့ ဦးထုပ်တောင် ဆောင်းစရာ လိုမယ် မထင်ဘူးခင်ဗျ။ ခုနောက်ပိုင်း မှာက ထားဝယ်မြို့တွင်းမှာ ကားစီးရေနဲ့ ဆိုင်ကယ်စီးရေ များပြားလာတာမို့ ယာဉ် အသွားအလာ တွေလည်းများလာတာ တွေ့နေရပါတယ်။ ဒီလိုအနေအထား မျိုးမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း စနစ်တွေကို ယာဉ်မောင်းသူ အသက် အရွယ်မရွေး သိထားပြီး လေးလေးစားစား လိုက်နာဖို့လိုသလို တာဝန်ရှိသူတွေ အပိုင်းကလည်း တကယ့်ကို ထိထိရောက် ရောက်နဲ့ ကြပ်ကြပ်မတ်မတ်လုပ်ဖို့ လိုပါ့ မယ်ခင်ဗျ။

ဆိုင်ကယ်ဦးထုပ် မဆောင်း တာ ဖမ်းသလိုမျိုး စိတ်ကူးရတဲ့အခါ ထဖမ်းလိုက်၊ ပြီးတော့ ပွဲပြီးမီးသေ နေလိုက်၊ တစ်ရေးနိုး ထဖမ်းလိုက်လုပ် နေမယ် ဆိုရင်တော့ ယာဉ်မတော်တဆမှု တွေက လျော့လာဖို့ဆိုတာ မလွယ်ရေးချ မလွယ်ပါဗျ။ ဒီကြားထဲ ယာဉ်ထိန်း ရဲတွေက အကိုင်အတွယ် မညင်သာဘဲ မောင်းပြေးတဲ့သူရဲ့ ဆိုင်ကယ်ကို ဆွဲလှဲ တာ၊ ရိုက်မောင်းပုတ်မောင်းလုပ်တာ မျိုးဆိုရင်တော့ မလိုလားအပ်တဲ့ တင်း မာမှုလေးတွေက ရှိလာဦးမှာခင်ဗျ။နောက်တစ်ခုက ဆိုင်ကယ်ကို စတန့် ထွင်စီးနေကြတဲ့ ကိစ္စခင်ဗျ။ အများသိ တော်မူကြတဲ့အတိုင်း ထားဝယ်မြို့ လမ်းတွေပေါ်မှာ ဆယ်ကျော်သက်အရွယ် (ရှိလှ ၁၄ – ၁၅ နှစ်)လေးတွေ ဆိုင်ကယ် ကို စတန့်ထွင်စီးနေတာလေးတွေကို ထိန်းသိမ်းကြပ်မတ်ဖို့ပါ။ ဒီကလေး တွေဟာ ကနဦးတုန်းကတော့ ထားဝယ် လေဆိပ်ဘက်မှာ စီးနေကြရာကနေ ခုနောက်ပိုင်း ထားဝယ်မြို့တွင်းလမ်းမ တွေပေါ်မှာ စီးလာနေကြတာ တွေ့လာ ရပါတယ်။ လမ်းမတွေပေါ်မှာ စီးနေရင်း ရုတ်တရက် စတန့်ထွင်ကာ ဦးထောင် ပြလိုက်တာ၊ ဖင်ထောင်ပြလိုက် တာ လုပ်တော့ တစ်ဖက်ယာဉ်ကြောက လာနေ သူတွေခမျာ လန့်ဖျပ်ပြီး အယောင်ယောင် အမှားမှား ဖြစ်ကြရတာမျိုးတွေလည်း ကြုံတွေ့လာနေရပါတယ်။ ဒါကြောင့် ဆိုင်ကယ် စတန့်ထွင်စီးကြတဲ့ အုပ်စု လေးတွေကိုလည်း ထိန်းသိမ်းကြပ် မတ်ပေးဖို့ ဗြတ်စာ အရေးဆိုပါရစေခင်ဗျ။
အဲ..ပြန်ချုပ်ရရင်တော့ တစ်နေ့ တစ်ခြား တိုးတိုးလာတဲ့ ဆိုင်ကယ် မတော် တဆမှုတွေကို လျှော့ချနိုင်အောင် အရှိန်ပြင်းစွာ မောင်းနှင်နေတာတွေကို နည်းစနစ်မှန်မှန်နဲ့ ထိန်းသိမ်းကြပ်မတ် ပေးဖို့ရယ်၊ စတန့်ထွင်စီးနေကြတာတွေ ကို ထိထိရောက်ရောက် ထိန်းသိမ်း ကြပ် မတ်ပေးဖို့ရယ် ဗြတ်စာ အကြံပေးချင်ပါ တယ်။ တာဝန်ရှိသူတွေ အပိုင်းကလည်း လမ်းမကြီးများပေါ် အန္တရာယ်ကင်းဖို့ ကိုင်တွယ် ထိန်းသိမ်းရေး နည်းစနစ်တွေ အဖြေရှာဖို့ရယ်၊ ဗြတ်စာတို့ ပြည်သူတွေ ကိုယ်တိုင်ကလည်း အသိစိတ်ဓာတ် အပြည့်နဲ့ အရှိန်လျှော့ မောင်းနှင်ကြဖို့ ရယ် တိုက်တွန်းလိုက်ပါရစေလားဗျာ။

ဇမ္ဗူသီရိကား စီးရမယ့် ဘေးမှကင်း ဝေးကြပါစေ။