ပြည်သူတွေ အသည်းယားအောင် မလုပ်ပါနဲ့

0
596

ကမ္ဘာပေါ်မှာ စိတ်လှုပ်ရှားစရာ အ  ကောင်းဆုံး ရွေးကောက်ပွဲ ပြပါဆိုရင် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် မြန်မာနိုင်ငံရဲ့ ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးကို ပြရ မယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆို မဲစာရင်းသွားကြည့်ရတာတောင် ရင် ခုန်စရာ၊ စိတ်လှုပ်ရှားစရာ အတော် ကောင်းတယ်ဆိုတာ ကိုယ်တိုင်မဲစာရင်း သွားကြည့်ဖူးသူတိုင်း သိမှာပါ။

မဲစာ ရင်း သွားကြည့်ရတာ ဂိမ်းကစားရသလို ပါပဲ။ ရင်ခုန်ဖို့လည်းကောင်း၊ စိတ်လှုပ် ရှားဖို့လည်းကောင်း။ ”  ကြည့်ရင်ထော မယ်” အစီအစဉ်က တိုးတိုး တို့ကိုတောင် အကြံပေးရင်ကောင်းမလား တွေးမိတယ်။ မဲစာရင်းမှာ ကိုယ့်နာမည် အမြန်ဆုံးရှာနိုင် တဲ့သူကို ဆုငွေသုံးသောင်း ချီးမြှင့်မယ့် အစီအစဉ်ပါ။
ကျွန်တော်ဆို ပထမတစ်ကြိမ်မပါလို့ ထပ်လျှောက်တယ်။ ပါသလားဆို မပါ ပါဘူး။ အခု ထပ်လျှောက်ထားတယ်။ ဇနကထုံး နှလုံးမူ လို့ပေါ့။ ပါမပါဆိုတာ ဘယ်အချိန်သိရမလဲတော့မသိ။ အရမ်း ကို စိတ်လှုပ်ရှား ရင်ခုန်နေရတယ်ဗျာ။ ဆယ်တန်းစာမေးပွဲ ဖြေတုန်းက တောင် ဒီလောက် စိတ်မလှုပ်ရှားပါဘူး။
နောက်ပြီး ရွေးကော် ဥက္ကဋ္ဌကြီး ရဲ့စကားကပိုလို့တောင်ရင်ခုန်ဖို့ ကောင်း သေး။ ဘာတဲ့ မဲစာရင်းက ၃၀ရာခိုင်နှုန်း လောက်ပဲ မှန်နိုင် မယ်လို့ အာမခံနိုင် မယ်တဲ့။ တော်ရုံလူ နှလုံးရပ်သွားနိုင် တယ်။ တေးသံရှင် ဖြူဖြူကျော်သိန်းက ပြောတယ် နိုင်ငံတကာမှာဆို မဲစာရင်း က ၁ ရာခိုင်နှုန်းတောင် မှားလို့ မရဘူး လို့ ပြောပါတယ်။ အသစ်ပြန်လုပ်ရ တယ်တဲ့။ ကျွန်တော်တို့ဆီမှာတော့ ၇၀ ရာခိုင်နှုန်း မှားတာတောင် အေးဆေးပဲ။ ပြောမယ့်သူမရှိလို့လား၊ ပြည်သူတွေကို လုပ်ချင်သလိုလုပ်လို့ ရနေတာကြောင့် လားဆိုတာတော့ ဝေခွဲမရ။
နောက်တစ်ခုက မဲဆွယ်ပွဲတွေ အကြောင်းပါ။
အခုတစ်လော နိုင်ငံပိုင် ရုပ်မြင် သံကြားကနေ မဲဆွယ်စည်းရုံးနေကြသလို သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ပါတီ အသီးသီးက အမတ်လောင်းတွေ မဲဆွယ် စည်းရုံးရေးတွေအပြိုင်အဆိုင် လုပ်နေ ကြပါပြီ။ ပြည်သူတွေမှာလည်း ဟိုပါတီ ကလာရင်သွားနားထောင်လိုက်၊ ဒီပါ တီကလာရင် အထုပ်သွားယူလိုက်နဲ့ အခုတစ်လောအတော်ကို အလုပ်ရှုပ် နေကြပါပြီ။ တစ်ချို့ပါတီတွေက သူများ ပါတီတွေကို ပုတ်ခတ်တာတွေ၊ စောင်း မြောင်းပြောဆိုတာတွေ မလုပ်ဘဲ၊ ကိုယ့် ပါတီရဲ့ မူဝါဒတွေအတိုင်းသာ မဲဆွယ် စည်းရုံးနေကြတာ ရှိသလို၊ တချို့ချို့ သော ပါတီတွေ ကျပြန်တော့လည်း ဟိုသူများမကောင်း ကိုယ့်ကောင်းကြောင်း တွေ သွားပုပ်လေလွင့် ပြောဆို စည်းရုံး နေကြပြန်လေရော။
ပါတီကြီးတစ်ခုက ရာထူးကြီးကြီး ယူထားတဲ့ အမတ်လောင်းတစ်ဦးက မဲဆွယ်စည်းရုံးရာမှာ ဘာတဲ့ သမ္မတ အိုဘားမားမြန်မာပြည် နှစ်ခါလာတော့ နှစ်ခါ အနမ်းခံရတာပေါ့တဲ့။ ကလေး ကလားစကားတွေ ပြောလို့။ အဲဒါ မဲဆွယ် စည်းရုံးတယ်လို့ ခေါ်သလားဗျာ။ နောက်ပြီးတော့ ရှိသေး၊ အစိုးရနဲ့ ပါတီ မကွဲပြားသေးတဲ့ အမတ်လောင်းတွေ။ အစိုးရက လုပ်ပေးရမယ့် တာဝန်ရှိလို့ လုပ်ပေးတဲ့ဟာကို သူတို့ပါတီက လူတွေ က ဦးဆောင်လို့ပဲဖြစ်လာ သယောင် ယောင်နဲ့ ပြောပြီးမဲဆွယ်တော့ ပရိသတ် ကြီးလည်း စိတ်မရှည်ဘဲ ထပြန်ကုန် ပါရော။
နောက်ပြီးဗျာ တနင်္သာရီမြို့နယ် ဘက်မှာ အမတ်လောင်းတစ်ဦး မဲဆွယ် စည်းရုံးနေတဲ့ အသံဖိုင်လေးကို RFဗ ရဲ့ကျေးဇူးကြောင့် နားထောင်လိုက်ရတယ် ခင်ဗျ။ ထိုပုဂ္ဂိုလ်ကြီးလည်း အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးပါပဲ။ သူပြောတာက ဗဟိုအစိုးရနဲ့ ပြည်ထောင်စု ဝန်ကြီးဆို သူတွေကို ပြောရဲဆိုရဲ၊ ပြောနိုင်ဆိုနိုင်တဲ့ အဆင့်ရှိတဲ့သူကို မဲပေးမှပြည်သူ တွေလိုချင်တာကို တောင်းပေးလို့ရတာ ပေါ့တဲ့။ အကိုကြီးရေ ဒါတွေဒါတွေတော့ လိုအပ်နေတယ် လုပ်ပေးပါဆိုပြီး ဖုန်း လေးဆက်လိုက်ရုံပါပဲတဲ့။ ဒီနေရာမှာ ကျွန်တော်နည်းနည်း ပြောချင်တာက ကျွန်တော်တို့လိုနေတာက တောင်းမှ လုပ်ပေးမယ့်အစိုးရမျိုးမဟုတ်ဘဲ တာဝန် သိသိ တာဝန်ရှိရှိနဲ့ လာလုပ်ပေးမယ့် အစိုးရမျိုးကို လိုလားတယ်ဆိုတာကိုပါ။
အရင်တုန်းက ကျွန်တော်တို့ အရွေး မှားလို့ ပါးရိုက်မယ်လည်း အပြော ခံရတယ်။ ထမင်းတစ်နပ်လည်း လျှော့ စားခိုင်းတယ်။တစ်နေ့နှစ်ထောင်နဲ့ လောက်အောင်သုံးတဲ့။ စားဖို့ရှိမှန်းမသိ မရှိမှန်းမသိ နွားနို့လည်း သောက်ခိုင်း တယ်။ အခွန်ဆောင်တာကို လှူတယ်လို့ သဘောထားပေးပါတဲ့။သီလရှိတဲ့ ပုဂ္ဂိုလ် ကြီးတွေ ကျနေတာပဲ။ လယ် ရောင်းပြီး စီးပွားရေးလုပ်ကြရအောင်တဲ့။ ဆိုက်ကား နင်းပြီး သူဌေးဖြစ်အောင်လုပ်တဲ့။ နောက် ထပ် ငါးနှစ်ဆို စင်္ကာပူလိုဖြစ်အောင် လုပ်ပြမယ်တဲ့။ အဲဒီမှာ ကျွန်တော်ပြော ချင်တာက သူပြောတဲ့ စင်္ကာပူလိုဆိုတာ သယံဇာတတွေ စင်္ကာပူမှာလို ဘာမှမရှိ တော့အောင် လုပ်ပြမယ်လို့ ယူဆရ တယ်ဗျ။ ဖြစ်လည်း ဖြစ်နိုင်တယ် မဟုတ် လား။
ကျွန်တော်တို့ ပြည်သူတွေလို နေတာက အပြောင်းအလဲပါ။ စနစ်ကြီး တစ်ခုလုံး အပြောင်းအလဲကို လိုနေ တာဗျ။ အဲဒီစနစ် ယန္တရားကြီးထဲမှာ ပါနေသူအားလုံးရဲ့ စိတ်သဘောထား တွေကအစ ပြောင်းလဲချင်နေတာပါ။ အ ရာရာတိုင်းကို ပြောင်းလဲဖို့ လိုနေတယ် လို့ ထင်ပါတယ်။ နောက်ပြီး ကျွန်တော် တို့ ပြည်သူတွေရဲ့ စိတ်ဓာတ်တွေကအစ ပြင်ရမှာပါ။
ဒါပေမယ့် ပြည်သူတွေဆိုတာက ရှေ့က ဦးဆောင်နေတဲ့ လူတွေကသာ စနစ်ကောင်းကောင်းနဲ့ သွားမယ်ဆို သူတို့ လည်း လိုက်နာတတ်မှာပါ။ ဘာဖြစ်လို့ လည်းဆိုရင် ကျွန်တော်တို့ ပြည်သူတွေ ဟာ ပြည်တွင်းမှာသာ နေချင်သလို နေကြပေမယ့် တခြားစည်း စနစ်ကောင်း တဲ့ နိုင်ငံတွေရောက်ရင်လည်း အဲဒီ နိုင်ငံက စည်းကမ်းအတိုင်း၊ တရားဥပဒေ အတိုင်း နေတတ်ကြတာပဲ မဟုတ်လား။
နောက်ကျွန်တော်ဥာဏ်မီ သလောက် လေး တွေးမိတာကို ပြောရ မယ်ဆိုရင် ကျွဲကူးရေပါဆိုတဲ့ ဆိုရိုး စကားအတိုင်း ဗဟို အစိုးရပိုင်းက ကောင်းမယ်ဆိုရင် ပြည်နယ်တွေရော၊ တိုင်းဒေသကြီးတွေ အတွက်ပါ ကောင်းလာမယ်လို့ ထင်ပါ တယ်။ အလားတူပဲ တိုင်းရင်းသားတွေ အတွက်လည်း ပိုကောင်းလာမယ်လို့ ထင်ပါတယ်။ ဒါကြောင့် အဲဒီလို အပြောင်းအလဲတွေ ဖြစ်အောင်လုပ်ဖို့ ဆိုရင် အင်အား လိုတယ် မဟုတ်လား။ အင်အားတောင့်တင်းမှ အပြောင်းအလဲ အတွက် လုပ်နိုင် ကိုင်နိုင်ရှိမယ်လေ။ ကျွန်တော်တို့ကတော့ နိုင်ငံဖွံ့ဖြိုးတိုးတက် အောင်၊ ပြည်သူတွေ စားဝတ်နေရေး ပြေလည်အောင်၊ ပညာရေးအဆင့်အတန်း မြင့်မားအောင် လုပ်ပေးနိုင်မယ်ဆို ဘယ်သူ့ ကိုဖြစ်ဖြစ် မဲပေးမှာပါ။