တိုင်းအတွင်း မှတ်ပုံတင်ထားသည့် မော်တော်ကား ၅၀၀၀ နီးပါးရှိ

0
437

တနင်္သာရီတိုင်းအတွင်း မှတ်ပုံ တင်ထားသည့် မော်တော်ကား စီးရေ ၅၀၀၀ နီးပါးရှိကြောင်း ယခုနှစ် စက်တင်ဘာလကုန် အထိ ပြုစုထားသည့် တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှူး ဦးစီးဌာန (က.ည.န) မှတ်တမ်းအရ သိရသည်။


တိုင်းအတွင်း မှတ်ပုံတင်ထားသည့် မော်တော်ကား ၄၉၂၃ စီး၊ နှစ်ဘီး ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့် ထော် လော်ဂျီယာဉ် ၁၇၂၃၆၇စီး စုစုပေါင်း မှတ်ပုံတင် ယာဉ် ၁၇၇၂၉၀ စီး ရှိပြီး ယာဉ်မောင်းလိုင်စင်ပြုလုပ်ထားသူမှာ ၁၃၀၂၀၃ ဦးသာ ရှိသေးကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

car_500
မှတ်ပုံတင်ထားသည့် မော်တော် ကားများအနက် လူစီး မော်တော်ယာဉ်မှာ အများဆုံးဖြစ်ပြီး ၂၄၅၃ စီးရှိကာ ၃တန်နှင့်အထက် ကုန်တင်ယာဉ်မှာ ၁၀၆၄စီး၊ ၃တန်အောက် ကုန်တင်ယာဉ် ၉၇၈ စီးနှင့်  ခရီးသည်တင်ယာဉ်မှာ ၄၂၈ စီးရှိကြောင်း သိရသည်။
ယာဉ်များ များပြားလာမှုနှင့်အတူ လမ်းမကြီးများပေါ်၌ စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်း၊ လူ အများအပြား သွားလာသည့် လမ်းမများ၌ ယာဉ် မောင်းတချို့ မကျွမ်းကျင်သဖြင့် လမ်းပိတ်ဆို့ခြင်းတို့ ကြုံရလေ့ရှိကြောင်း ထားဝယ် ဒေသခံများက ပြောဆိုသည်။
” နံပါတ်နီကားတွေကို အိမ်စီး ကားမောင်းတဲ့သူတွေက တက်မောင်း နေတော့ အန္တရာယ်များတယ်၊ လမ်းမှာ စည်းကမ်းမဲ့ယာဉ် ရပ်နားတာတွေကြောင့် ကားသွားရ ကြပ်သွားတယ်”ဟု ထားဝယ် မြို့မှ ယာဉ်မောင်း ဦးစိုးမြင့်က ဆိုသည်။
ထားဝယ်ခရိုင်အတွင်း ယာဉ်မောင်း လိုင်စင်နှင့် စပယ်ယာလိုင်စင်ပြုလုပ် ထားသူ ၆၇၄၀၅ ဦး၊ မြိတ်ခရိုင်တွင် ၄၂၈၀၀ ဦးနှင့် ကော့သောင်ခရိုင်တွင် ၁၉၇၉၈ဦးရှိသည်ဟု က.ည.န ရုံး မှတ်တမ်းတွင် ဖော်ပြသည်။
တိုင်းဒေသကြီး အများဆုံး အသုံး ပြုသည့် မှတ်ပုံတင်ယာဉ် နှစ်ဘီး ဆိုင်ကယ် ၁၆၈၈၆၉ စီးရှိပြီး သုံးဘီး ဆိုင်ကယ် ၂၂၃၈စီးနှင့် ထော်လော်ဂျီမှာ ၁၂၆၀စီး ရှိသည်ဟု သိရသည်။