ပါတီ တစ်ခု၏ ဂုဏ်ကျက်သရေ

0
517

ပြိုင်ပြီဆိုမှတော့ နိုင်ချင်ကြသ ပေါ့နော။ ဘာဖြစ်ဖြစ်လေ။ ထုံးစံအတိုင်း ခွေးနှစ်ကောင်ကိုက်ရင်တောင် ကိုယ့်ခွေး နိုင်စေချင်ကြတာကိုး။ ကိုယ်ကိုယ်တိုင် ဆိုရင်တော့ နိုင်ချင်သလား ပြောမနေနဲ့။ နှိုင်းအပ် မနှိုင်းအပ်ပါ။


အခုတော့ အဲဒီထက် အများကြီး အရှိန်ကြီးတဲ့၊ အရေးပါတဲ့ ရွေးကောက်ပွဲ ကိစ္စမဟုတ်လား ပြိုင်သူအားလုံး နိုင်ချင် မှာပဲ။ ဒါကထုံးစံပဲလေ။
ပြိုင်ပွဲစတာ တစ်လကျော်ကျော် ကြာလေပြီ။ နောက်ဆုံးစာမေးပွဲက တစ်လတောင် မပြည့်တတ်ချင်တော့။ ကြားထဲ နောက်ထပ် လေးပတ်နီးနီး အချိန်ရှိသေးချိန်မှာ စိုးရိမ်ချက်လေးတွေ ခေါင်းထဲပေါ်လာရင်း ဒီတစ်ပတ် အတွေးပွားမိလေ၏။
(၁)
ပွဲစတာနဲ့ အောက်လမ်းတွေ စသုံး ကြတာ သတိထားမိတယ်။ ကိုယ်ပျောက် ပေါ့။ သရက်ချောင်းမှာ ဖြစ်တယ်။ မ.ဘ.သ က ဆိုပြီး စာဝေတယ်။ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို မဲမပေးဖို့။ ထုံးစံအတိုင်း အမျိုး၊ ဘာသာ၊ သာသနာ ဘာညာပေါ့ဗျာ။
NLD ကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်က ဝေတယ်လို့ စွပ်စွဲတယ်။ မ.ဘ.သ က ဝေခိုင်းလို့ဆိုတဲ့ သဘောမျိုး။ နောက်ဆုံး မီဒီယာတွေ ပေါ်အထိ ပြန့်သွားတယ်။ ကြံ့ခိုင်ရေး ပါတီကလည်း သူတို့ ဝေဖို့ ညွန်ကြားထားတာမျိုး မရှိဘူးလို့ ငြင်းတယ်။ မဘသက ဆရာတော်တွေ ကလည်း သူတို့ ထုတ်ပြန်ခြင်း မရှိဘူး လို့ ရှင်းလင်းမိန့်ကြားတယ်။
ဇာတ်လမ်းက တဝေ့ဝေ့ တလည် လည်နဲ့ အခုတော့ ဘယ်ရောက်နေပြီမသိ။

goal
နောက်ဆုံး ဆိုင်ရာ ပါတီတွေနဲ့ ဆရာတော်၊ သံဃာတော်တွေ အကြား စိတ်ဝမ်းကွဲစရာ၊ အထင်လွဲစရာ ဖြစ် သွားတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာ့နိုင်ငံ ရေးမှာ သားသုံးသားဖြစ်တဲ့ ဘုရားသား၊ စစ်သားနဲ့ ကျောင်းသားတို့ရဲ့ အခန်း ကဏ္ဍက သူ့နေရာနဲ့သူ  ဩဇာကြီးဆဲမို့ ဒီလိုဖြစ်ရပ်ဟာ ဆိုင်ရာ ဆိုင်ရာ ပါတီ တွေအတွက် အတိုင်းအတာ တစ်ရပ်အထိ ထိခိုက်မှု ရှိရပါတယ်။
လက်သည်က ဘယ်ရောက်သွား လဲဆိုတာ ထပ်မကြားမိတော့။ (ကိုယ်ညံ့ လို့လည်း ဖြစ်မှာပေါ့လေ)
နောက်ဆုံးတော့ လူထု ကိုးကွယ် သော သံဃာတော်တွေနဲ့ လူထု အားကိုး သော ပါတီတို့ အကြား စိတ်ဝမ်းကွဲ စရာ အဖြစ်သနစ်သာ ဆိုက်လာပါတယ်။
(၂)
သေချာတာကတော့ နိုင်ငံရေးပါတီ တစ်ခုဆိုတာ အားအားယားယား ထောင် ပြီးလုပ်လို့ရတာမဟုတ်။ လူအား၊ ငွေအား၊ ပညာအား၊ စည်းရုံးရေးအား စသည်ဖြင့် စသည်ဖြင့်တွေ အများကြီး ကိုး။
ပါတီဆိုတာ ဖြစ်လာကတည်းက မူတွေရှိရတယ်၊ နိုင်ငံရေး ပန်းတိုင်တွေ၊ ရည်မှန်းချက်တွေ ရှိတယ်။ အဲဒီပန်းတိုင် တွေ၊ ရည်မှန်းချက်တွေဆီ သွားဖို့ အတွက် စောနက ပြောခဲ့တဲ့ ငွေအား၊ လူအား၊ စည်းရုံးရေးအား၊ ပညာအား တွေနဲ့ ချီတက်ရတယ်။
တကယ်တော့ နည်းနည်းနောနော ခရီးမဟုတ်ပါ။
ဥပမာ NLD ပါတီဆို ၂၅ နှစ် ကျော်ပြီ။ ကြံ့ခိုင်ရေး ပါတီဆို ၅ နှစ် ဝန်းကျင်ပဲ ဆိုပါစို့။ လူမှုရေး အသင်း အယောင်ဆောင်ထားတဲ့ နှစ်တွေကိုပါ ထည့်တွက်မယ်ဆိုရင်တော့ အနှစ် ၂၀ ကျော်ပြီပေါ့လေ။ ရှမ်းတို့၊ ရခိုင်တို့၊ မွန်တို့၊ ကရင်တို့လို အခြားတိုင်းရင်းသား ပါတီတွေလည်း ဒီအတိုင်းပါပဲ။
ဘယ်လိုပါတီပဲ ဖြစ်ဖြစ် ရည်မှန်း ချက်တွေရှိတတ်တာပါပဲ။ အဲဒီ ရည်မှန်း ချက်တွေ ခရီးရောက်အောင် သွားကြ ရတာပါပဲ။ တကယ်လည်း နည်းနည်း နောနော ခရီးမဟုတ်ပါ။
NLD ပါတီဆို ၂၅ နှစ်ရှိပြီ ခရီး ရှည်ထွက်နေတာ။ အခုထိ ပန်းတိုင် ရောက်ဖို့ ရုန်းကန်နေရတုန်း။
ဆိုတော့ ပြောလိုသည်က အဲဒီလို ပန်းတိုင်တစ်ခုရောက်ဖို့ အတွက် ရွေးကောက်ပွဲ တစ်ခု၊ နှစ်ခု ထက်မက ဖြတ်သန်းရတယ်ဆိုတာပါပဲ။ ပုံမှန် ဖြတ်သန်းလာခဲ့တဲ့ စည်းရုံးရေး နှစ်တွေ ထက် ရွေးကောက်ပွဲ နှစ်တွေက ပါတီ တွေ မှတ်ကျောက်အတင်ခံရတဲ့ နှစ်တွေ ဖြစ်လေ့ရှိတယ်။  ပိုပြင်းထန်တဲ့ လှုပ် ရှားဆောင်ရွက်မှုတွေ၊ ဗျူဟာတွေ၊ စွမ်းဆောင်ရည်တွေ ထုတ်ပြရတော့ တာကိုး။ အတွင်းအားစမ်းတဲ့ နှစ်တွေကိုး။
အဲဒီလို ရွေးကောက်ပွဲ နှစ်တွေဟာ ပါတီတွေ စွမ်းရည်ထုတ်ပြခွင့်ရတဲ့ အချိန်ဖြစ်သလို အတော့်ကို သတိ ထားရတဲ့ နှစ်တွေလည်း ဖြစ်ပါတယ်။
အခုတော့ လာပြီ အဲဒီလိုနှစ်။ အဲဒီလိုနှစ်မှာမှ ရွေးကောက်ပွဲရက် မတိုင်မီ ရက် ၆၀ မဲဆွယ် စည်းရုံးရေး ကာလ။
ဒီလို အချိန်မှာမှ ပြစ်ဒဏ်ဘောတွေ ကျူးလွန်မိမှာကို စိတ်ပူမိတယ်။
(၃)
အခုလည်း ကြားလာရပါပြ်ီ။ သတင်းတွေ၊ သတင်းတွေ၊ အပုပ်ချ သတင်းတွေ။
ထားဝယ် တိုင်းရင်းသားများပါတီက ကြံ့ခိုင်ရေးက ခွဲထုတ်ထားတဲ့ ပါတီတဲ့။ အဲလို ခွဲထုတ်ပြီး မဲကွဲအောင် လုပ်ထား တယ်တဲ့။
စောနက သံဃာတော်များနဲ့ လူထု အားကိုးသော ပါတီတို့ အကြား သွေးခွဲ သလိုမျိုး တိုက်ကွက်တွေ လာပြန်ပါပြီ။
ဒီမိုကရေစီ ဘက်တော်သားတွေနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်လိုသူ တိုင်းရင်းသားတွေ အကြားအိုးမဲ သုတ်သူတွေ လာပြန်ပါပြီ။
ထားဝယ်လူမျိုးတွေရဲ့ ရိုးရှင်းသော နိုင်ငံရေး အမြင်ကို အသုံးချပြီးတော့ အဲလိုမျိုး အပုပ်ချစကားတွေ။
ထားဝယ်တိုင်းရင်းသားများ ပါတီ ဟာ ကြံ့ခိုင်ရေးပါတီက အဲလိုမျိုး ခွဲထုတ်ထားတဲ့၊ သူတို့ လက်ဝေခံ ပါတီ မဟုတ်ဘူးဆိုတာ ဒီနိုင်ငံရေး အသိုင်း အဝိုင်းထဲက လူတွေ၊ အရပ်ဘက် အဖွဲ့ အစည်းက လူတွေ အားလုံးနီးနီး သိကြပါတယ်။ ဒီကိစ္စကိုတော့ ဒီနေရာ ကနေ ထပ်ရှင်းဖို့ မလိုဘူးထင်လို့ ပိုအရေးကြီးတာကို ပြောချင်ပါတယ်။
တကယ်က အခုအချိန်မှာ နိုင်ငံရေး ပါတီမရှိတဲ့၊ နိုင်ငံရေး ပလက်ဖောင်း မရှိတဲ့ တိုင်းရင်းသားတွေ နောက်နှစ် တွေဆို ဘယ်သောင်ဘယ်ကမ်း ဆိုက် တော့မယ်ဆိုတာ နိုင်ငံရေးကို ထဲထဲ ဝင်ဝင်လုပ်ကြသူတွေ သာမကပဲ သာမန် နိုင်ငံရေးကို လေ့လာသူတွေ သိကြပါ တယ်။ ဒါကြောင့် တိုင်းရင်းသား လူမျိုး အခြေပြု၊ ဒါမှမဟုတ် ဒေသ အခြေပြု ပါတီတစ်ရပ် လိုကို လိုတယ်ဆိုတာ လေ့လာသူတိုင်း သိကြပါတယ်။
နို့မို့ဆို အမျိုးပျောက်မှာ၊ ယဉ်ကျေး မှုပျောက်မှာကိုး။
မြိုလိုမျိုး၊ အင်းသားလိုမျိုး တစ်မြို့နယ်စာ လူဦးရေလောက်ပဲ ရှိတဲ့ လူမျိုးတွေတောင်မှ တိုင်းရင်းသား အခြေပြုပါတီ တစ်ခုထက် မက ရှိကြပါ တယ်။  ဒါပေမဲ့ အဲဒါကို ဇွတ်မှိတ်မျက်ကွယ် ပြုပြီး ရိုးသားတဲ့ လူထုကို လှည့်ဖျားဖို့ ကြိုးစားတာဟာ တော်တော် အန္တရာယ် များတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ စက်ဆုတ် စရာကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
များမကြာလှတဲ့ တချိန်မှာ အဲဒါက လိမ်ဆင်ကြီးဆိုတာ သိရင် အခု လိုက် အပုပ်ချနေသူတွေ ကွဲမဲ့ကိန်းပါ။ မျက် နှာအဖတ်ဆည်မရတော့မဲ့ ကိန်းပါ။ မျက်နှာမရှိဘူးဆိုရင်တော့ တစ်မျိုး ပေါ့ လေ။
(၄)
အပိုင်း ၁ တုန်းက ပြောခဲ့တဲ့ အဖြစ်အတိုင်းပဲ ရွေးကောက်ပွဲဆိုရင်တော့ ညစ်တဲ့သူတွေက တစ်နည်းနည်းနဲ့ ညစ်ချင်ကြသူတွေချည်းပါပဲ။ အဲလို ညစ်တဲ့သူတွေ၊ သူများတွေကို မဟုတ် မမှန် အပုပ်ချသူတွေက နိုင်ဖို့ မသေချာ တဲ့သူတွေ ဖြစ်တာတွေ့ရလေ့ရှိတယ်။ နိုင်ဖို့များနေတဲ့သူကတော့ ဘယ်ညစ် မတုန်း။ နော . . . ။
တနည်အားဖြင့် ပြောရင် အားနည်းတဲ့သူတွေ ဖြစ်လေ့ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် စကားတစ်ခွန်း ပြောဖူးပါတယ်။
စကားလုံး အတိအကျကို ဗမောင်း မမှတ်မိတော့ပေမဲ့ သူဆိုလိုတာက အားနည်းတဲ့သူတွေက အခြားသူတွေကို အပုပ်ချလိုက်မှ ကိုယ်အခြေအနေက မြင့်တက်လာတယ်လို့ ထင်တတ် တယ်တဲ့။ ဗမောင်း အဲဒါကို အပြည့်အဝ ထောက်ခံပါတယ်။
အောက်လုံးတွေသုံးပြီး ချပြီ ဆိုကတည်းက အဲဒီသူက သူ့ပြိုင်ဘက် (ရွေးကောက်ပွဲမှာတော့ ပြိုင်ဘက် ပေါ့လေ) ကို နည်းမှန်လမ်းမှန်နဲ့ မနိုင် လောက်ဘူးဆိုပြီး ကြောက်ဒူးတုန်တတ် သူတွေမျိုးလေ။
အဲလိုလူတွေက မျက်တောင် တစ်ဆုံးပဲမြင်ပြီး မျက်စိ တစ်ဆုံးကို မမြင်တတ်သူတွေ ဖြစ်ပါတယ်။ ရွေးကောက်ပွဲတစ်ခုတည်းကိုပဲ နိုင်ဖို့ အာရုံစိုက်ပြီး အပိုင်း ၂ မှာ ဗမောင်း ဆိုခဲ့တဲ့ ပါတီတစ်ခုရဲ့ ရေရှည်ပန်းတိုင်ကို မြင်တတ်သူတွေ မဟုတ်ပါဘူး။
အဲလို (သူများကို မမှန်မကန် လိုက်အပုပ်ချရမှ နိုင်မယ်လို့ ထင်တဲ့) လူတွေ ပါတီမှာ ရှိနေရင် တော်တော် အန္တရာယ်ကြီးပါတယ်။ ဒီရွေးကောက် ပွဲမှာ နိုင်ကောင်းနိုင်နိုင်ပေမဲ့ လူထုတွေ အမှန်သိလာတဲ့တစ်နေ့၊ နားလည်သဘောပေါက်လာတဲ့ တစ်နေ့မှာ ကောင်းကောင်း ပညာပြ ခံရတတ်ပါတယ်။ အခု အားလုံးမျက်စိရှေ့တင်ဖြစ်နေတာ အသိပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ အခု ရွေးကောက်ပွဲနဲ့ ဘာကွာနေပြီလဲဆိုတာ။
ပါတီရဲ့ ရေရှည်ရည်မှန်းချက် (ရွေးကောက်ပွဲ တစ်ခုထက်မက ဖြတ်သန်းတည်ဆောက်ရလေ့ရှိတဲ့ ရေရှည်ပန်းတိုင်)ကို မမြင် တတ်သူတွေ၊ ကိုယ် တွေ အနိုင်ရဖို့လောက်ပဲ စဉ်းစားပြီး ပါတီအတွက် မစဉ်းစားသူတွေက ပါတီကို ဖျက်ဆီးမယ့်အတွင်းရန် အဖျက်သမား တွေပါပဲ။
ဆိုတော့ ဘာလုပ်ကြမလဲ။
(၅)
လူထုအမြင်မှာ ဒီမိုကရေစီသမားတွေနဲ့ တိုင်းရင်းသားအင်အား စုတွေ အချင်းချင်းခွတ်နေကြပြီလို့ မြင်နေ ပြီလား။ ဒါမှမဟုတ်တစ်ခုခုက တစ်ခုခုကို တိုက်ခိုက်နေပြီလို့ မြင်နေပြီလား။ ဒါမှမဟုတ် တကယ်ပဲ ခွပ်နေ၊ တိုက်နေပြီလား။
ဒါဆိုရင်တော့ ဘယ်သူပဲဖြစ်ဖြစ် အနိုင်ရလိုဇောနဲ့ ” မဲမွှန်နေပြီ”  လို့  ဒဲ့ဒိုးပြောပါရစေ။
ရွေးကောက်ပွဲလေးတစ်ခု နိုင်ဖို့ဇောထရင်း ဘုံရန်သူကို မေ့နေပြီ လို့ ပြောပါရစေ။ အခုအချိန် အရေးကြီးဆုံးဖြစ်တဲ့ အာဏာရှင် တိုက်ဖျက်ရေးကို မေ့နေပြီလို့ပြောပါရစေ။ ကိုယ်နိုင်ဖို့၊ ကိုယ့်ကိုယ်စား လှယ်လောင်း နိုင်ဖို့ လောက်ပဲမြင်ပြီးမြန်မာနိုင်ငံရဲ့ ရေရှည်ပန်းတိုင်ကို မေ့နေပြီလို့ ပြောပါရစေ။
အဲလိုလူတွေ ဆိုင်ရာ ဆိုင်ရာ ပါတီတွေမှာ ရှိနေရင် အမြန်ဆုံး တားဆီးကြဖို့ လိုပါတယ်။ ဒါက ကိုယ့် ပါတီပုံရိပ်ကိုဖျက်မယ့် အတွင်းရန်သူ တွေပါ။ လောက်ကောင်တွေပါ။
နိုင်ချင်ဇောနဲ့ ဥပဒေပ၊ ကျင့်ဝတ်မဲ့ ပြစ်ဒဏ်ဘော ကျူးလွန်၊ ပွဲဆူအောင် လုပ်ရင်း ကိုယ့်အသင်းရဲ့ ရေရှည်ပုံရိပ်ကို ဖျက်မဲ့သူတွေ ဖြစ်ပါတယ်။ ကိုယ့်အသင်း အနာဂတ်ပျောက်အောင်လုပ်မဲ့ သူတွေ ဖြစ်ပါတယ်။
အဲဒီလိုလူတွေ တားဆီးရင်း၊ ရွေးကောက်ပွဲကို တရားသောနည်းနဲ့ အောင်နိုင်ရင်း၊ ပါတီတစ်ခုရဲ့  ဂုဏ်ကျက်သရေ ဆောင်ကြဖို့ကိုပဲ အရေးဆိုပါရစေ။