ကတိပေးကောင်းတဲ့ အမတ်လောင်းရှာပုံတော်

0
526

ပြီးခဲ့တဲ့ ၂ ပတ်က တနင်္သာရီဂျာနယ် မှာပါတဲ့ အမတ်လောင်းဖိုးဟားရဲ့ မဲဆွယ် ဆောင်းပါးကို ဖတ်မိပြီး မူးဆေး အိုးတစ်ယောက် ထခုန်မိသဗျ..။ ပါးစပ် ကတောင် လွတ်ခနဲအော်မိတဲ့ အထိ..။


“တွေ့ပြီ..၊ တွေ့ပြီ..။ သူပဲ..၊ သူပဲ..”
ဘာတဲ့ရယ် . . .။

mu_sae_ow
” အရက်ဆိုင်တွေကို တက္ကသိုလ်နား  ဖွင့်ခိုင်းမယ်၊ စိတ်ကြွဆေးပြားတွေ လွတ်လပ်စွာ လက်ဆောင်ပေးနိုင်တဲ့အထိ လုပ်မယ်။ သူ့ကြိုက်တဲ့ ကိစ္စတွေဆို ထောက်ခံပါတယ်လို့ပဲ ဆွေးနွေးမယ်”  ဆိုသကိုး..။
ခိုက်တယ်ဗျာ..၊ မိုက်တယ်ဗျာ..။ လေးစားတယ်ဗျာ။ မူးဆေးအိုး ချက် ချင်းကို ဆုံးဖြတ်လိုက်တယ်..။ ရှာမယ်..၊ အမတ်လောင်းကြီး ဖိုးဟားကို မတွေ့ တွေ့အောင် ရှာမယ်။ လက်ခုပ်တွေ လိုက်တီးပေးမယ်..။ ဒီအမတ်လောင်းကို ကြိုက်တယ်။
မူးဆေးအိုး အရက်ကြိုက်လို့ မဟုတ်ဘူးနော်..၊ ဆေးပြားလည်း မရှူ တတ်ဘူး။ မူးဆေးအိုးကြိုက်တာက ကတိဗျ.. ကတိ ကတိ။
အမတ်လောင်းဖိုးဟား ကတိ ပေးသွားတာ ရေရေလယ်လယ် စား တယ်ဗျာ။ ကွင်းဆက်မိသဗျာ။ သူ လုပ်နိုင်တာသူ ပွင့်ပွင့် လင်းလင်း ပြော သဗျာ။ ဘယ်လို အကောင်အထည် ဖော်မယ်ဆိုတာ ထိထိမိမိ တင်ပြနိုင် သဗျာ။ မူးဆေးအိုးသိတဲ့ အခြား အမတ် လောင်းတွေနဲ့ ကွာပါ့။

 
အဲလိုပြောလို့ မူးဆေးအိုးကို မမြင် ဘူး မူးမြစ်ထင်နေတဲ့ လူလို့တော့ မယူဆ လိုက်ကြပါနဲ့..။ မူးဆေးအိုးက လူထု ထဲကလူ သာမန်ပြည်သူတစ်ယောက် ဆိုပေမယ့် မူးဆေးအိုးလောက် နိုင်ငံရေး လိုက်စားတာ မူးဆေးအိုးပဲ ရှိမယ် ထင် ရဲ့..။
မူးဆေးအိုးက ဘယ်သူတွေ အမတ် လောင်းဖြစ်လာမယ်ဆိုတာ မသေချာခင် ကတည်းကိုက ပါတီတွေကို လှည့်ပတ် စနည်းနာနေသူပါ.. (သူတို့ လက်ဖက် ရည် တိုက်ရင်လည်း မငြင်းဘူးပေါ့လေ)။ အခုလည်း ကြုံရာ အမတ်လောင်းတွေ ဆီက လက်ကမ်းစာစောင်တွေ လိုက် တောင်းဖတ်..၊ တွေ့ရာ မဲဆွယ်ပွဲတွေကို ခေါ်ခေါ် မခေါ်ခေါ် ဝင်နားထောင် (ထမင်းကျွေးရင် ဝင်လွေး) နေတဲ့သူ ဆိုပါတော့။
” ကိုယ့်ဂုဏ် ကိုယ်ဖော် ကိုလူတော် ” ခေတ်ကြီးမှာ ကြုံတုန်း ကြွားပါရစေဦး ဗျာ..။
ပါတီတစ်ခုကတောင် မူးဆေးအိုးရဲ့ နိုင်ငံရေး ” လိုက်စားမှု” ကို သတိပြုမိပြီး ပြောပုံ ဆိုပေါက်ကို သဘောကျလို့လား..၊ ခိုင်းကောင်းမယ့်ပုံ ပေါက်နေလို့လား တော့ မသိဘူး..၊ မူးဆေးအိုးကို အပတ် မရှိသေးတဲ့ ဆေးလိပ်လို သဘောထား ပြီး အတင်းတံဆိပ်ကပ်ဖို့ ကြိုးစား ပါလေရော။ ကုန်ကုန်ပြောရင် အမတ် လောင်းအဖြစ် ဝင်ပြိုင်ဖို့ တိုက်တွန်းခံရ တဲ့အထိဗျ..။
ရွေးကောက်ပွဲဆိုတာ စပေါ်ငွေ ၃ သိန်း တင်ထားနိုင်ရင် သူလိုကိုယ်လို ဘယ်သူမဆို အရွေးခံခွင့် ရှိတယ်ဆိုပဲ..။ မဲဆွယ်ပွဲမှာ ကိုယ့်ကောင်းကြောင်း ပြောစရာမရှိလည်း မပူနဲ့..၊ သူများ မကောင်းကြောင်း ပြောတတ်ရင် တော်ပြီ ဆိုသဗျ..။ နိုင်ငံ့အကျိုး ဘာမှ မသယ် ပိုးခဲ့ဖူးလည်း မပူနဲ့..၊ လုပ်ခွင့်ရရင် လုပ်ပြပါ့မယ်လို့သာ ပိတ်ပြောလို့ သင်ကြားသဗျ..။ ပွဲဆူတာ ကြိုက်ရင် တော့ အရင်အစိုးရ မကောင်းကြောင်း များများ ပြောလို့ လက်တို့သဗျ။
နိုင်ရင် ဘာရမလဲဆိုတော့ အခြေခံ လစာတောင် ၁၀ သိန်း ဆိုပဲ..။ တိုင်း လွှတ်တော်မှာ အရွေးခံလို့ နိုင်ရင်တော့ ဝန်ကြီးချုပ်တောင် ဖြစ်နိုင်ပြီး၊ ဝန်ကြီး ဖြစ်ဖို့က ငါးဆယ်ရာနှုန်းကျော် သေချာ သတဲ့ဗျ..။ ဘာကြောင့်ဆို မူးဆေးအိုးတို့ တိုင်းမှာက အနိုင်ရ ကိုယ်စားလှယ် တစ်ဝက်ကျော် ဝန်ကြီးဖြစ်တာတဲ့လေ..။ တခြား အကြံအဖန် အကွက်တွေနဲ့ဆို နိုင်ရင် ထောပြီဆိုတဲ့ အပေါက်မျိုးပေါ့..။ တော်ရုံလူ ကြွေလောက်တဲ့ မက်လုံး တွေနဲ့ပေါ့ဗျာ။ ခုပြိုင်ပွဲမှာ အဲဒီ မက်လုံး အောက် အငိုက်မိခဲ့တဲ့ အမတ်လောင်း ဘယ်နှစ်ယောက်ရှိမလဲ မသိဘူးဗျ။
မူးဆေးအိုးတို့က ဒါမျိုးတွေ ရိုးဟိုး ဟိုး..။ (ပေးတာယူ ကျွေးတာ အဝတီး ပြီးမှ)တစ်ခွန်းတည်း ဖြုတ်ထည့်လိုက် တယ်။ ” ပဲကြီးလှော်ကြား ညှပ်တဲ့ဆား မဖြစ်ချင်ပါဘူးဗျာ..၊ တော်ကြာ ကျုပ်ပါ ရော အဝါးခံနေရပါဦးမယ်”  ဆိုတော့ စည်းရုံးသူကြီးများရဲ့ ပါးစပ်လေးတွေ ဟောင်းသွားပေါ့။
” ဒီရွေးကောက်ပွဲမှာ မူးဆေးအိုးက ဝါးချင်တဲ့ လူဗျ” ဆိုပြီး ရင်လေးကော့ကာ ပြန်ထွက်လာတော့ မျက်လုံးလေး    ကလယ်ကလယ်နဲ့ ကျန်ခဲ့တဲ့ ပါတီ ကေဒါကြီးတွေရဲ့မျက်နှာ..၊ တွေးသာ  ကြည့် အရပ်ကတို့ရေ . . .။
အဲ..ခက်တာက..၊ ဒီလို ပွဲစုံ လိုက်ဝါး အဲအဲ.. လိုက်တက်နေတာကို သူတို့ပါတီမှ သူတို့ပါတီဆိုတဲ့ ဝမ်းကာလာကြီးတွေ ကတော့ မကြည်ကြဘူး အရပ်ကတို့ရေ့..။
အင်္ကျီနဲ့ဦးထုပ် အလကား လိုချင်လို့ အင်အားသွားဖြည့်ပေးနေ တာလား၊ ဟိုအကောင်ဘက်ကလား၊ ဒီငှက်အား ပေးလား ဘာလားညာလား စွပ်စွဲမှုပေါင်း သောင်းခြောက်ထောင်နဲ့အတူ မူးဆေး အိုးကို တိရစ္ဆာန်(တံဆိပ်)ပေါင်းစုံနဲ့ ရောပြီး အတင်းဘောင်ခတ် ကြတာဗျ..၊ အံ့ရော..။
အတော်ခက်တဲ့ လူတွေပေါ့ဗျာ..။ ဒင်းတို့ ပြောစကားတိုင်းကို ဟုတ်ပါ့ မှန်ပါ့ ဆိုပြီး မျက်စိစုံမှိတ် ယုံခိုင်းစေလို တဲ့ အချိုးမျိုးနဲ့..။
မူးဆေးအိုးတို့က ဒါမျိုး ဘယ်ခံ လိမ့်မလဲ..။ အကျယ်ကြီး ပြန်အော်ပစ် တာပေါ့..။
” ဒါ.. မဲဆန္ဒရှင်တစ်ယောက်ရဲ့ အခွင့်အရေးကွ..” လို့လေ။
” မင်းတို့ ပြောတော့ လူ့အခွင့် အရေးကို ကာကွယ်မယ်ဆို..” လို့လည်း မေးခွန်းပြန်ထုတ်ပစ်တာပေါ့..။
အဲဒီ ဝမ်းကာလာကြီးတွေလည်း မချေပနိုင်တဲ့အဆုံးမှာ မူးဆေးအိုးကို တော်ရုံလူ ရခဲလှတဲ့ ဘွဲ့ထူးကြီးတစ်ခု ချီးမြှင့်လိုက်သဗျား။
ဘွဲ့အမည်က ” နိုင်ငံရေး လိုင်း ပေါင်းစုံ မထသ” တဲ့လေ..၊ ဟင်း ဟင်း.. ဟင်း..။
မူးဆေးအိုးဆိုတာ အဲလို ဘွဲ့ပိုင်ရှင် ပါခင်ဗျ..။ အဲလောက်ဆို မူးဆေးအိုးရဲ့ ” ဇ”  ကို အကဲခတ်ဖို့ လုံလောက်ရော ပေါ့နော်..။” မမြင်ဖူး မူးမြစ်ထင်”  နေသူ မဟုတ်ကြောင်းပေါ့ ခင်ဗျာ..။
ဒီတော့ ခုနက ပြောတဲ့ ဖိုးဟား ဆိုတဲ့ အမတ်လောင်းဟာ မူးဆေးအိုး မြင်ဖူးတဲ့ မြစ်ထဲမှာ အဖြောင့်ဆုံးမြစ် ဆိုတာ ထပ်လောင်း အာမခံနိုင်သပေါ့..။ သူ့ကတိတွေက မကွေ့ကောက်ဘူးလေ..။ အဆုံးထိ လှမ်းမြင်ရတယ်။
တချို့ အမတ်လောင်းကြီးတွေရဲ့ ဟောပြောချက်တွေက သာမန်ပြည်သူ မပြောနဲ့၊ မူးဆေးအိုးတို့လို နိုင်ငံရေး လိုက်စားနေသူတွေတောင် အီလည် လည်.. (ဒါကြောင့် ရွေးကောက်ပွဲကို အင်္ဂလိပ်လို ” အီ.. လည်.. ရှင်..” လို့ ခေါ်တယ်ထင်ပါ့)။ တစ်ကယ့်ကို ဝေလည်ကြောင်ပတ်..။
သူတို့လုပ်မယ့် လုပ်ငန်းစဉ်တွေကို သူတို့ကိုယ်တိုင်တောင် အဆုံးထိ မမြင်ဖူးတဲ့ပုံမျိုး..။ မဲဆန္ဒရှင် မြင်အောင် ချပြဖို့ဆို ဝေးရောပေါ့ ခင်ဗျာ။
တချို့ကလည်း သူတို့ပါတီ ဟိုး..ထိပ်က ခေါင်းဆောင်ကြီးတွေရဲ့ ဘုန်း တော်ဘွဲ့တွေ သီကျူးပြရင်းနဲ့ အချိန်ကုန် သွားရော..။ မရှင်းတာ မသိတာမေးပါ ရစေ ဆိုရင် ဟောပြောပွဲ အချိန်ပြည့်ခေါင်း လောင်း အတင်းတီး တော့တာပါပဲ..။ အဲလို မေးချိန်မရအောင် တမင် စီစဉ်ထား တယ်ထင်ပါ့။ မူးဆေးအိုးတို့ ပြည်သူ တွေက အဲဒီ ဘုန်းတော်ဘွဲ့တွေ ကြားချင် ရင် အိမ်မှာထိုင်ပြီး တီဗွီကြည့်နေမှာပေါ့..၊ အခွေ ဝယ်နားထောင်မှာပေါ့..၊ ပါတီဝါဒ ဖြန့်ချိရေး စာစောင်တွေ ဝယ်ဖတ်နေ မှာပေါ့..၊ ဟုတ်တယ်ဟုတ်..။
မူးဆေးအိုး ကြားချင်တာက သူတို့ ဘာကို ဘယ်လိုလုပ်မယ် ဆိုတဲ့ ကတိ ဗျ..။ ကတိတွေကို မြိန်ရည်ရှက်ရည် နား အရသာ ခံချင်တာလေ..။
တချို့အမတ်လောင်းတွေက နိုင်ငံ တော်ကို ခေတ်မှီအိမ်တစ်လုံးလို ရေမီး အစုံနဲ့ တည်ဆောက်ပြတာ လှမှလှဗျား..။ ဒါပေမဲ့..၊ ဘိလပ်မြေ၊ သွပ်၊ သစ် စတာ တွေ ဘယ်လိုရှုာမယ်ဆိုတဲ့ အဖြေ ကတော့ ရှိကြပုံ မပေါ်ဘူးဗျ..။ အဆိုး ဆုံးက အခြေခံဥပဒေဆိုတဲ့ မြေကြီးကို စစ်သားတွေ လက်ထဲက ဘယ်လို ပြန် ယူမယ်ဆိုတာ မပါရေးချမပါ..။   ဆို တော့… အဲဒီအိမ်က လေထဲမှာ    တွဲလောင်းကြီး..။
အမတ်လောင်း ဖိုးဟားက လေထဲ တိုက်အိမ် မဆောက်ပြဘူးဗျ။ ဖြစ်နိုင် တာပဲ ပြောတာ။ ဥပမာ.. မူးယစ်ဆေး ပပျောက်အောင် လုပ်ပြမယ်လေး ဘာလေး စကားကြီးစကားကျယ် တွေ မပြောဘူးဗျ..။ ဆေးရှူတဲ့ လူငယ်တွေ ထောင်ထဲ မဝင်ရအောင် အရေးဆိုမယ် ဆိုတဲ့ လက်တွေ့ကျတဲ့ ကတိကိုပေး တာ..။
မူးဆေးအိုး ကြုံနေရတဲ့ အမတ် လောင်း အတော်များများက ကတိစကား နဲ့ ပတ်သက်ရင် ပိန်မသာ လိမ်မသာ ချည်းပဲ ဆိုတော့..၊ ကတိ ကြိုက်တဲ့ မူးဆေးအိုးက ဘိန်းစားနဲ့ အရက်သမား ကိုယ်စားလှယ် ဖိုးဟားကိုပဲ လိုက် အားပေးရတော့မယ့်ကိန်း ဆိုက်တော့ တာပေါ့။ တချို့ အမတ်တွေများ ကတိနဲ့ ပတ်သက်ရင် တပေါင်းလပြည့် ဖားက အဖေခေါ်ရ လောက်အောင် အာစေးလှပေါ့ အရပ်ကတို့ရေ..။
ဒီကြားထဲ တချို့အမတ်တွေက သူတို့ပဲ အစိုးရ လုပ်တတ်သယောင်ယောင် အချိုးမျိုးနဲ့ ဟောပြောရင် မူးဆေးအိုးက အရမ်း နားကြားပြင်း ကတ်တာပဲ..။

 

ဖိုးဟားတို့လို မျက်နှာသစ်လေး မဆို ထားနဲ့၊ မူးဆေးအိုး လေးစားပြီး သား နိုင်ငံရေး ဘိုးအေကြီးတွေကိုတောင် တော်လှန်ရေးပဲ လုပ်တတ်တဲ့ လူတွေ ဆိုပြီး သွားပုပ်တွေ လေလွှင့်လာရင် မခံမရပ်နိုင်အောင် နံတယ်။
ဒီစကားမျိုး မူးဆေးအိုးတို့တော့ မယုံပေါင်..။ လင်းတလောက် တော့ ငှက်တိုင်းလှတယ်ဆိုတာ ယုံတာကိုး..။
မူးဆေးအိုး သူများအကြောင်း အတင်းပြောနေတာ မဟုတ်ဘူးနော်..(ဟဲဟဲ)။ ကိုယ့်ကို ကိုယ်စားပြုမယ့် ကိုယ့်ကိုယ်စားလှယ်ကြီးတွေ အကြောင်း ပြောနေတာ..။ မူးဆေးအိုးတို့ပိုင် မဲပြားတွေနဲ့ တန်မတန် ဆဝါးကြည့်နေတာပါ..။
အပြောမခံချင်ရင်..၊ အဝါးမခံချင်ရင် အစကတည်းက ပဲကြီး လှော်ကြား ညှပ်တဲ့ဆားမလုပ်ကြနဲ့ပေါ့..။
သုံးသိန်းတန် ကိုယ်စားလှယ် ကံစမ်းမဲလက်မှတ်ဝယ်နိုင်တိုင်း ရွေးကောက်ပွဲမှာ မျက်နှာဝင်မပြောင်ကြနဲ့ပေါ့နော..။
မူးဆေးအိုးတို့ကတော့ ပေါ်တင်ပဲ..။ ကတိပေးကောင်းတဲ့ အမတ် လောင်း ရှာပုံတော်ဖွင့်ပြီဗျို့..။