ကားတက္ကစီများ ထားဝယ်မြို့တွင်း တွက်ခြေမကိုက်

0
632

ထားဝယ်မြို့တွင် တက္ကစီကား ငယ်များ အစပျိုးပြေးဆွဲမှု ၄ လခန့် ကြာလာသည်အထိ မြို့တွင်း၌ တားစီး သူ မရှိသလောက် နည်းပါးနေသဖြင့် တွက်ခြေမကိုက်ကြောင်း အငှားယာဉ် မောင်း အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရ သည်။


မြင်းလှည်း၊ ဆိုက်ကား၊ ဆိုင် ကယ်နှင့် သုံးဘီးများကိုသာ တက္ကစီ အဖြစ် နှစ်ပေါင်း ၂၀ ကျော် သုံးစွဲခဲ့ သည့် မြို့ဖြစ်သောကြောင့် တက္ကစီကား ငယ်များနှင့် မယဉ်ပါးသေးခြင်းဖြစ် နိုင်ကြောင်း ယင်း ကားသမားများက ဆိုသည်။
” ပတ်မောင်းလည်း ဆီကုန်တာပဲ အဖတ်တင်တယ်” ဟု ကားငယ်တက္ကစီ သမား ကိုနိုင်က ပြောသည်။
ယင်းသို့ တားစီးသူ နည်းပါး သောကြောင့် မြို့တွင်း ပတ်မောင်းကာ ခရီးသည်ရှာရန် စိတ်ကူးမရှိကြကြောင်း ယင်းကားသမားများက တညီတညွတ် တည်း ပြောဆိုကြသည်။

dawei_taxi
ကားခဈေးနှုန်းအား သုံးဘီးတက္ကစီ ငှားခနှင့် တန်းတူ(နီးပါး)သာ ယူကြ သော်လည်း  ခရီးသည်များက သုံးဘီး နှင့် ဆိုင်ကယ်များကိုသာ အရိုးစွဲနေကာ တားစီး ငှားစီးသွားတတ်သဖြင့် မြို့ တွင်း၌ ဂိတ်ထိုးသူများလည်း ပုံမှန် ဝင်ငွေမရ ဖြစ်နေကြောင်း သိရသည်။
” ကျွန်တော်ဆို တစ်ပြားမှ မရတာ လေးငါးခြောက်ရက် ရှိပြီ”  ဟု တိုင်း ဒေသကြီး စုပေါင်းရုံးအနီးတွင် ခရီး သည်စောင့်လေ့ရှိသူ  ကားငယ် တက္ကစီ သမား ကိုကျော်ခိုင်က ပြောသည်။
အချို့ အငှားကားများမှာ  ကိုယ် ပိုင်ကားနှင့် မကွဲပြားသဖြင့် တော်ရုံ မတားရဲ မငှားရဲ ဖြစ်ကြကြောင်း၊ ကားသမားများဘက်မှ အငှားကားဖြစ် ကြောင်းအား ပါးစပ်၊ ကားဟွန်း၊ ကားမီး၊ လက်ညှိုးထောင် စသဖြင့် ယဉ်ကျေးစွာ အချက်ပြ လူခေါ်ရန် လိုအပ်သည်ဟု ထားဝယ်မြို့ခံ ဦးထွန်းနိုင်က ထောက်ပြ သည်။
“Taxi ကားဆိုတာ သေချာမှ တားရဲ ငှားရဲမှာပေါ့၊ တားပြီးလို့ ရပ်မ ပေးရင် ကိုယ်ပဲ အရှက်ရမှာလေ” ဟု ဦးထွန်းနိုင်က ဆိုသည်။
ယခင်က ထားဝယ်ကားငယ်အငှား ဈေးကွက်တွင် နံပါတ်အနက် ကိုယ်ပိုင် ကားငယ်များသာရှိပြီး ရှာဖွေ ချိတ်ဆက် ငှားရမ်းနေရရာမှ ယခုကဲ့သို့ နံပါတ် အနီဖြင့် လမ်းပေါ်တွင် အချိန်မရွေး ငှားနိုင်သည့် တက္ကစီကားငယ်များ ပေါ် ပေါက်လာမှုအပေါ် မြို့ခံအများစုက ကြိုဆိုကြသည်။
မြို့တွင်း၌ ငှားစီးသူ နည်းပါးနေ သေးသော်လည်း ဧည့်သည်အဝင် အထွက် များသော လေဆိပ်နှင့် ကားကွင်းများ တွင်မူ ယင်းကားငယ်များ ငှားစီးသူ ပိုများလာကြောင်း သိရသည်။
တချို့တက္ကစီကားငယ်များမှာ ထားဝယ်နှင့် မိုင် ၅၀ နီးပါးဝေးသော သရက်ချောင်းမြို့နယ် ကနက်သီရိရွာ အထိ အိမ်တိုင်ရာရောက် အကြိုအပို့ အသွားအပြန် ပြေးဆွဲနေကြပြီး ယာဉ် စီးခမှာ အခြားလိုင်းကားများဈေးနှုန်း အတိုင်းသာ ကောက်ခံကြောင်း သိရ သည်။
ထားဝယ်ရှိ တက္ကစီကားငယ် အများစုမှာ သိန်း ၇၀ မှ သိန်း ၁၀၀ ဝန်းကျင်တန်ကြေးရှိ ပရိုဘောက်ကားအမျိုးအစားများဖြစ်ပြီး အစီးရေ ၅၀ ခန့် ရှိနိုင်ကြောင်း လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်း မှုဌာန ဝန်ထမ်းတစ်ဦးက ခန့်မှန်းသည်။