သာဂရမြို့ဟောင်းကို ပြန်လည် တွေးကြည့်ခြင်း

0
498

သာဂရတည် ဥဩစည်လို့ အမှတ် ရှိပါတယ်။ သက္ကရာဇ် ၁၁၃ခု ( ခရစ် နှစ် ၇၅၁) ဖြစ်တယ်။ ဒီမြို့ပုဂံထက် စောတယ်။ သမန္တမင်းက တည်တယ်။ အခုမြို့ရာရှိတဲ့နေရာကို မြို့ဟောင်း ရွာဆိုပြီး ခေါ်ပါတယ်။ ထားဝယ်မြို့ကနေ ကားလမ်းအတိုင်း ၈မိုင်လောက်ဝေးတယ်။ လောင်းလုံးမြို့နယ်ထဲမှာရှိပြီး ထားဝယ် မြစ်အနောက်ဘက် တစ်မိုင် အကွာ မှာရှိတယ်။


ပညာရှင်တွေ၊ ဒေသခံ လေ့လာ သူတွေ အတော်များများ ရေးသား ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ၁၉၉၉ခုနဲ့ ၂၀၀၀ခုနှစ် တွေမှာ ရက်အနည်းငယ်ကြာ တူးဖော်လေ့လာခဲ့ဖူးတယ်။ နန်းတော် ကုန်းလို့ ခေါ်တဲ့နေရာမှာ အခန်း(၅)ခန်းပါတဲ့ အုတ်တိုက်ဟောင်း ပေါ်လာ တယ်။ ဒီအဆောက်အအုံအနေအထား အရ မြို့ပြတစ်ခုတည်ထောင်ပြီး အုပ်ချုပ်တဲ့ ဘုရင်ဆိုသူ နေနိုင်လောက် အောင် မကြီးပါဘူး။ တူးဖော်စဉ်ကာလ တွေ့ရတဲ့ အထောက်အထားတွေကလည်း အများကြီး အရေးမပါလှပါဘူး။ တွေ့ရ တဲ့ အုတ်တွေက ဆိုဒ်ကြီးတွေဖြစ်တဲ့ ၁၈-၉-၃လက်မတွေလည်း တွေ့ပါ တယ်။ ဗိသုကာအုတ်တွေလည်း တွေ့ တယ်။ တူးဖော်ရေး ပြတိုက်လေး လုပ် ပြီး ထားခဲ့ပေမယ့် ၁၅ နှစ်လောက်ရှိ လာတော့ အရာတောင် မကျန်တော့ ပါဘူး။

thargaya_old_city
ကွင်းဆင်း လေ့လာရေးကို ၂၀၀၅ ခုနှစ်မှာ လုပ်ခဲ့တယ်။ ကျန်နေတဲ့မြို့ရိုး ၃ ခုကို ပေကြိုးဆွဲပြီး ပြန်တိုင်းတယ်။ ပြီးတော့ မြေပုံပြန်ဆွဲ ပါတယ်။ ဒီမြေပုံ က အခု ထားဝယ်တက္ကသိုလ် စာကြည့် တိုက်မှာရှိပါတယ်။ ကောင်းကင် ဓါတ်ပုံ လေ့လာချက်အရ ဆရာကြီး ဦးအောင် မြင့်ဖော်ပြခဲ့တဲ့အတိုင်း ရှိနေပါတယ်။ ဒါပေမယ့် အရှေ့ဘက်မြို့ရိုးနဲ့ တောင် ဘက်မြို့ရိုး  နေရာတော်တော် များများ ကတော့ ပျောက်သလောက်ဖြစ်နေ ပါတယ်။
သာဂရမြို့ဟောင်းနဲ့ ပတ်သက်ပြီး အားလုံးလိုလို ရေးသားဖော်ပြချက်တွေ အရ မြို့ရိုး ၃ ခု လို့ဆိုတယ်။ အပြင် မြို့ရိုးအဝိုင်းနဲ့ အတွင်းလေးထောင့် ဆန်ဆန်မြို့ရိုး ၂ ခုလို့ ဆိုတယ်။ အပြင် မြို့ရိုးက အကျယ်ဧက ၂၆၀ ရှိပြီး အတွင်းမြို့ရိုး ကဧက ၁၃၀ ခန့် ရှိတယ်။ ကွင်းဆင်းလေ့လာတဲ့အခါ တောင် ဘက်မြို့ရိုးရဲ့ အရှေ့ဘက်ခြမ်းနဲ့ မြောက်ဘက်မြို့ရိုးရဲ့ဝင်ပေါက် အနီး ရယ်၊ ရှင်ဇလွန်အနီး မြောက်ဘက်မြို့ရိုးနဲ့ အရှေ့ဘက်မြို့ရိုးဆုံရာတွေမှာ ဆိုရင် မြို့ရိုးက ၄ထပ် ဒါမှမဟုတ် ၅ထပ် လောက်ရှိ နေပါတယ်။
ဂြိုလ်တုဓာတ်ပုံထဲမှာလည်း အ တော် ထင်ထင်ရှားရှား တွေ့နိုင် ပါသေးတယ်။ မြောက်ဘက်မြို့ရိုးဝင် ပေါက်ဆိုရင် မြို့ရိုးလက်တံ ရှိနိုင် တယ်လို့ ဆိုတယ်။ ဒီမြို့ဝင်ပေါက် လက်တံ ဒီဇိုင်းတွေအရ အခြားပျူမြို့ ဟောင်းကြီးတွေမှာလည်း ဒီလိုပုံစံ ရှိ တယ်လို့ ဆိုတယ်။ အတွင်းမြို့ရိုး နှစ်ထပ်ဆိုရင် အတော်မြင့်မြင့်ကျန်နေပြီး အချို့နေရာ တွေမှာဆိုရင် အုတ်ခင်း ထားတာ တွေ့ရတယ်။ မြို့ရိုး နှစ်ခုကြား မှာဆိုရင် လမ်းအဖြစ်အသုံးပြုနိုင်လောက် အောင်ကောင်းပါတယ်။ အနောက် ဘက်မြို့ရိုး အပေါက်တစ်ခုဆိုရင် ဝင် ပေါက် လုပ်ထားတာ အဆင့်မြင့်ပါတယ်။ အဝေးကကြည့်ရင် ဝင်ပေါက်ရှိမှန်းတောင် မသိနိုင်ပါဘူး။
ဆရာကြီး ဒေါက်တာသန်းထွန်းက ထားဝယ်(သာဂရ)မြို့ရိုးတွေကို လေ့လာကြည့်ရင် အခြားမြို့တွေနဲ့ ပြောင်းပြန်ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သာဂရမြို့ဟောင်းရဲ့ အပြင်မြို့ ရိုးတွေက အတွင်းမြို့ရိုးထက် ပို ရှေး ကျတယ်။ မြို့ပျက်ပြီးတဲ့အခါ နောက် တစ်ကြိမ်ပြန်တည်တဲ့အခါ လူနေနည်း သွားတဲ့အတွက် မြို့ကိုခပ်ကျဉ်းကျဉ်း လုပ်လိုက်ရတယ်နဲ့ တူတယ်လို့ဆို ပါ တယ်။ သာဂရမြို့နဲ့ ပတ်သက်ပြီး မြို့ရိုးတွေကို  ၃ ထပ်လို့ပြောနေတာ ကို ပြန်လည် စဉ်းစားစေချင်ပါတယ်။
နောက်တစ်ခုက ရေအသုံးချမှုပါပဲ။ လူတွေ အတော်များများ ထင်ကြတာက ရှေးတုန်းကရေကို ကာကွယ်ရေး အတွက်ဘဲ အသုံးပြုတယ်လို့ ဆိုတယ်။ ဥပမာ ကျုံးတူးထားတာမျိုးပါ။ နောက် ပိုင်းလေ့လာချက်တွေအရ ရှေးဘိုးဘွား တွေဟာ ရေကို အသက်ရှင်ရပ်တည်ရေး၊ မြို့ပြထွန်းကားရေး၊ ကုန်သွယ်ရေးတွေ အတွက်လည်း စနစ်တကျ အသုံးချခဲ့တာ တွေ့ရပါတယ်။ ပျူခေတ်မြို့ဟောင်းတွေ အများစုဟာ မြစ်နဲ့အတော်ဝေးတဲ့နေရာ တွေရှိပြီး ပုဂံခေတ်ကစပြီး နောက်ပိုင်း မြန်မာနိုင်ငံအတွင်းရှိ မြို့ဟောင်းတွေဟာ မြစ်အနီးမှာရှိခဲ့ပါတယ်။
သာဂရမြို့ဟောင်းကလည်း ထား ဝယ်မြစ်ကနေ တစ်မိုင်ဝေးပါတယ်။ အရင်က မြစ်ကမ်းမှာလားလို့ တွေးကြည့် ပေမယ့် ထားဝယ် မြစ်ကနေ သာဂရမြို့ ရိုးအရောက် အုတ်လမ်းမကြီး ရှိနေပါ တယ်။ လယ်တွေလုပ်ရင်း၊ လူတွေတူးရင်း အုတ်လမ်းမကြီး ပျောက် သွားပါပြီ။ ဒါကို ထောက်ခံတဲ့ အုတ်လမ်းမကြီး တစ်ခုကို ထားဝယ်မြစ် အရှေ့ဘက် ကမ်းမှာရှိတဲ့ မောင်မယ် ရှောင် ကျေး ရွာက ရှင်ဓာတ်ဝဲစေတီ အနောက်ဘက် လယ်ကွင်းထဲမှာ ပေ ၂၇၀၀ ကျော်ရှိပြီး ကူးတို့ဆိပ်သိမ်ကိုရောက်တဲ့ အုတ် လမ်းမကြီး ရှိပါတယ်။ မြေပေါ်မှာ အခုချိန်တိုင် အုတ်လွှား ၁၀ လွှာ လောက် တွေ့နိုင်ပါသေးတယ်။
သာဂရမြို့ဟောင်းရဲ့ အရှေ့ဘက် မြို့ရိုးနဲ့ကပ်ပြီး ဖောင်ဆိပ်ဆိုတာ ရှိ တယ်။ ဒီရေအိုင်ထဲက ရွှေတွေရဖူးလို့ ရွှေရအင်းလို့လည်း ခေါ်တယ်။ အခုချိန် သွားကြည့်ရင် ရေအိုင်ကြီးအဖြစ် ရှိနေ တုန်းပါ။ ဒီရေအိုင်က ပဒတ်ချောင်းနဲ့ ဆက်နေတယ်။ ပဒတ်ချောင်းက မိုးအခါ ဆိုရင် အနောက်ဘက် တောင်တန်းတွေက ရေတွေဆင်းပြီး ကဘူရွာအနီးမှာ ချောင်း ဖြစ်တယ်။ ပြီးတော့ အပြင်မြို့ရိုးကို ဖြတ်ပြီး အတွင်းမြို့ရိုး ၂ ထပ် အပြင် ဘက်ကနေ စီးတယ်။ တောင်ဘက်နဲ့ အရှေ့ဘက် မြို့ရိုးဆုံရာကနေ ဖြတ် ထွက်ပြီး အရှေ့ဘက် ထားဝယ် မြစ်ထဲကို ဝင်တယ်။ ဒီချောင်းအတိုင်း ထားဝယ် မြစ်ထဲကနေ လှေတွေဝင် နိုင်တယ်။ ဒီရေ အတက်အကျလည်း ရှိတယ်။ မိုးအခါ ရေချို လှောင်ထား နိုင်တယ်။ အခု ကားလမ်းအတိုင်းသွားရင် တံတား ပေါ်ကနေ တွေ့နိုင်ပါတယ်။
သာဂရ မြို့ဟောင်းရဲ့ မြောက် ဘက်မှာ ဒေါင်းငူချောင်းရှိပါတယ်။ ဒီ ချောင်းကနေ မြောက်ဘက်မြို့ရိုးကို ဆက်ထားပါတယ်။ အခုချိန်သွားရင် ဒေါင်းငူချောင်းနဲ့ မြောက်ဘက် မြို့ ရိုးကြားမှာ ရေအိုင်ကြီးရှိနေတာကို တွေ့ရပါတယ်။ ဒါတွေအပြင် သာဂရမှာ ရေတွင်းကြီး ၃ တွင်းရှိတယ်လို့ ဆို တယ်။ ပထမတစ်တွင်းက ရှင်ဇလွန် ဘုရားအရှေ့ဘက် ကွင်းထဲမှာရှိတယ်။ အတော်ကြီးတဲ့ ရေတွင်းပါ။ အခုတော့ မြေဖို့လိုက်လို့ မရှိတော့ပါဘူး။ နောက် တစ်တွင်းက မြို့ရိုးအပြင်ဘက် လယ် ကွက်တွေထဲက ထန်းတောထဲမှာပါ။ အခုချိန်ထိ တွေ့နိုင်သေးတယ်။ ရေတွင်း ဘောင်ကို အုတ်စီထားပါတယ်။ အုတ် တွေက ထင်သလောက်မကြီးဘူး။ နောက်ဆုံးတွင်းကို လိုက်ရှာကြပေမယ့် ပျောက်ကွယ်သွားပါပြီ။ ဦးလေးတစ် ယောက်ကတော့ သူ့အဖေပြောတာက တော့ အရှေ့ဘက်နဲ့ အမြောက်ဘက် မြို့ရိုးဆုံရာ မြို့ရိုးအပြင်ဘက်အနီးမှာလို့ ဆိုတယ်။ ဇာတ်လမ်း တစ်ပုဒ်ကတော့ ရေတွင်း ၃ တွင်းအနက် တစ်တွင်းထဲမှာ ရတနာတွေမြှုပ်နှံထားတယ်လို့ဆိုတယ်။ ကျွန်တော်တွေးမိသလောက် ဒီရေတွင်း ၃ တွင်းက သာဂရအတွက် အရေး ပါတဲ့ ရေအရင်းအမြစ်တွေ ဖြစ်ပါတယ်။
ရှင်ကိုးရှင်ထဲမှာပါတဲ့ ရှင်ဇလွန် စေတီတော်ကြီးကတော့ သာဂရရဲ့ အထင်ရှားဆုံး ဘာသာရေးအထိမ်း အမှတ်ဖြစ် ပါတယ်။ သာဂရမြို့ဟောင်း ပတ်ဝန်းကျင်မှာ စေတီကုန်းဟောင်း ၃၀ ကျော်ရှိတယ်။ မြို့ဟောင်းရဲ့ တောင် ဘက်နဲ့ အရှေ့ဘက်ဆုံရာ အနီးက မြေတိုက်ကျောင်းနေရာ၊ မြို့ကိုးကုန်းရှိ စေတီပျက်တွေဟာ တူးဖော်ဖို့ အလွန် ကောင်းပါတယ်။
ဘာသာရေးနဲ့ပတ်သက်ပြီး စိတ်ဝင် စားစရာအကောင်းဆုံးနေရာက မြင်ထင် တောင်ဖြစ်ပါတယ်။ တောင်ပေါ်ရှိစေတီက ဂဝံနဲ့တည် ထားတယ်။ အရိုးအိုး တွေလည်း ရဖူးတယ်။ ရှင်ဇလွန်စေတီ မှာရှိတဲ့ စာပါတဲ့ခေါင်းလောင်းက မြင်ထင်တောင်ပေါ်ကနေ ရွှေ့ထား တယ်လို့ သိရတယ်။ ခေါင်းလောင်း စာမှာလည်း မြင်ထင်ကျောင်းဆရာတော် လို့ပါတယ်။ မြင်ထင်စေတီရဲ့ အရှေ့ မြောက်ဘက်မှာ ခုချိန်သွားကြည့်ရင် ဘုန်းကြီး ကျောင်းအဆောက်အအုံ အရာကို တွေ့နိုင်ပါတယ်။ ဒီမြင် ထင်တောင်စေတီရယ်၊ ရှင်ဇလွန်စေတီ၊ မှီအုံးတောင်စေတီရယ်က တစ်တန်း တည်းလို့ဆိုတယ်။ ရပ်ကြည့်တဲ့အခါမှာ လည်း ဟုတ်နေပါတယ်။

ဒီမြင်ထင် တောင်ပေါ်မှာ စေတီဟောင်း ၃၀ကျော်ရှိ ပါတယ်။ ဆက်စပ်ပြီးကြည့်ရင် ကြည့် မျှော်တောင် ခြေတော်ရာသာသနာမြေ ကလည်း သာဂရနဲ့ ပတ်သက်နိုင်ပါတယ်။သာဂရမြို့ ဟောင်းပတ်ဝန်းကျင်မှာ ရှိတဲ့ ဆင်ပုနစ်မှာဆိုရင်လည်း ဆင်ကျုံး နေရာကို တွေ့နိုင်တယ်။ ဒေါင်းငူသိမ် စတဲ့ သိမ်တွေက လည်း လေ့လာစရာပါ။ မြတ်စွာဘုရားရှင်ကြွခဲ့တဲ့ ကဏန်း တောင်ကလည်း သာဂရမြို့ဟောင်း အရှေ့မြောက်ထောင့်မှာ တည်ရှိ နေပါတယ်။
မှတ်တမ်းတွေအရ သာဂရမြို့ကို သမန္တမင်းက သက္ကရာဇ် ၁၁၃ခု (ခရစ်နှစ်၇၅၁ခု)၊ ဗညားဦးက သက္ကရာဇ် ၃၅၇ ခု(ခရစ်နှစ် ၉၉၅ခု)၊ ဗြသ ပိုက်မင်းက သက္ကရာဇ် ၉၂၄ခု ( ခရစ် နှစ် ၁၅၆၂ခု)ဆိုပြီး တွေ့ရပါတယ်။ အခု လောလောဆယ်တော့ ဒီနှစ်တွေ ကိုပဲ ယာယီ လက်ခံထားရပါတယ်။
တူးဖော်ရေး လုပ်ငန်းတွေနဲ့ ပညာရှင်တွေ လေ့လာပြီး ဝိုင်းဝန်း ဖော်ထုတ်ခဲ့ရင် အမျာကြီး ပြောင်းလဲ နိုင်ပါတယ်။