ပြိုင်ဖက်လား မဟာမိတ်လား

0
467

ပါတီကြီး၊ ပါတီငယ်နဲ့ တသီး ပုဂ္ဂလများ

ရွေးကောက်ပွဲကြီး နီးလာတာနဲ့ အမျှ ပါတီအချင်းချင်း အားပြိုင်မှု တွေကို ပိုမြင်လာ၊ ပိုကြားလာ နေရပါ တယ်။ ဒါဟာ ဒီမိုကရေစီစနစ် ကျင့် သုံးတဲ့ နိုင်ငံတိုင်းမှာ တွေ့ကြုံနေကြမို့ အထူး အဆန်းတော့ မဟုတ်ပါ။ ဒါပေမဲ့ အခု ကြားနေရတဲ့ အားပြိုင်သံတွေက အဓိက ပြိုင်ဖက် ဒီမိုကရေစီ အင်အားစုနဲ့ စစ်အစိုးရ လက်ကျန် အင်အားစုတွေ ကြား အားပြိုင်မှု သက်သက် မဟုတ်ဘဲ ဒီမိုကရေစီ အင်အားစုတွေ အချင်းချင်း ကြားက အသံတွေ ဖြစ်နေတဲ့အတွက် နည်းနည်းတော့ ထူးနေပါတယ်။

ပြည်မ အခြေစိုက် ပါတီကြီးတွေနဲ့ ပါတီငယ်တွေကြားမှာ ဖြစ်စေ၊ ပြည်နယ် အခြေစိုက် တိုင်းရင်းသား ပါတီတွေနဲ့ ပါတီကြီးတွေကြားမှာ ဖြစ်စေ၊ တသီး ပုဂ္ဂလနဲ့ ပါတီကြီးတွေ ကြားမှာဖြစ်စေ ဒီလို အားပြိုင်မှုတွေကို လူသိရှင်ကြား ထုတ်ပြောလာတဲ့အခါ အချင်းချင်း မဲကွဲပြီး စစ်အစိုးရ လက်ကျန်အုပ်စုတွေက အသာရ သွားလေမလားဆိုပြီး စိုးရိမ်သူ တွေလည်း ရှိလာနေပါတယ်။
ဒီမိုကရေစီ လိုလားတဲ့ အုပ်စုနဲ့ တိုင်းရင်းသား အုပ်စုတွေကြား ပြိုင်ဖက် အဖြစ် သဘောမထားဘဲ မဟာမိတ် အဖြစ် သဘောထားပြီး ပူးပေါင်း ဆောင် ရွက်သင့်ကြောင်း စာရေးသူ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ဒေသခံတွေ၊ တိုင်းရင်းသား တွေကတော့ ဒီရွေးကောက် ပွဲကို အားလုံးလွတ်လပ်စွာ ဝင်ပြိုင်တဲ့ ပါတီစုံ ရွေးကောက်ပွဲတစ်ခုအဖြစ် မမြင် သေးဘဲ စစ်အုပ်စု လက်ကျန် အတွေး အခေါ်ရှိသူတွေနဲ့ ဒီမိုကရေစီအုပ်စု ကြား စီးချင်းထိုးတဲ့ပွဲတစ်ခုအဖြစ်သာ မြင်နေ ကြဆဲ ဖြစ်ပါတယ်။

ဆိုလိုတာက ဒီပွဲဟာ ဒီမိုကရေစီ သဘောတရားအရ အားလုံး လွတ်လပ် စွာ ယှဉ်ပြိုင်ရေးဆိုတာထက် မပြီးပြတ် သေးတဲ့ စစ်အာဏာရှင် စနစ်ပြုတ် ကျရေး တိုက်ပွဲရဲ့အဆက် လူထုဆန္ဒ ထုတ်ဖော်ပွဲသာ ဖြစ်တယ်။ ဒါကြောင့် အာဏာရှင် ပြုတ်ကျရေးကို ဦးဆောင် နိုင်တဲ့ပါတီ၊ အစိုးရဖွဲ့နိုင်တဲ့ ပါတီ ကိုသာ မဲပေးပါ။ နောက်တဆင့် ကျမှ တိုင်းရင်းသားတွေ၊ ဒေသဆိုင်ရာ ပါတီ တွေ၊ တသီးပုဂ္ဂလတွေ၊ ဒေသဖွံ့ဖြိုးရေး လုပ်မယ့် ပါတီတွေကို စဉ်းစားပါဆို တဲ့သဘောမျိုး သူတို့ဆီမှာ ရှိနေတာကို တွေ့ရပါတယ်။htet_aung_kyaw_question

ထားဝယ်နယ်က ပါတီငယ်လေးများ
ဒီအယူအဆနဲ့ ပတ်သက်ပြီး ဗမာ မျိုးနွယ်စုထဲမှာ ပါဝင်တဲ့၊ အခု ၂၀၁၅ ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် ဝင်ပြိုင်မယ့် ထားဝယ်တိုင်းရင်း သားများ ပါတီရှိရာ တနင်္သာရီတိုင်းက မတူတဲ့ အမြင် ၂ခုကို ဒီနေရာမှာ ကောက်နှုတ် တင်ပြချင်ပါတယ်။
” ထားဝယ်သား အာဏာရဖို့ ထက်၊ တစ်ပြည်လုံး စစ်ဖိနပ်အောက်က လွတ် မြောက်ဖို့ NLD ကို မဲပေးစို” ဆိုတဲ့ ကြွေးကြော်သံတစ်ခု ပြီးခဲ့တဲ့ သတင်း ပတ်က ကျွန်တော်ရဲ့ ဖေ့စ်ဘွတ်စာမျက် နှာပေါ် ရောက်လာပါတယ်။ ရေးတဲ့သူက လွန်ခဲ့တဲ့ ၂၇ နှစ်က တောခိုခဲ့ပြီး အခု တတိယနိုင်ငံတစ်ခုဆီ ရောက်နေတဲ့ ၈၈မျိုးဆက် အဝေးရောက် ထားဝယ် သားတစ်ဦးပါ။

သူရဲ့ Status ကို အတော်များ များကLike လုပ်ထားတာ၊ ထောက်ခံ ကြောင်း Comment ရေးထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ လူငယ်တစ်ဦးရဲ့ တုန့်ပြန်ချက်ကတော့ နည်းနည်း ထူခြားနေတာကို တွေ့ရပါတယ်။

” ကျွန်တော် ဆွေးနွေးပါရစေ။ မဲပြားက သုံးပြား ရှိပါတယ်။ အမျိုး သား၊ ပြည်သူနဲ့တိုင်းလွှတ်တော်ပါ။ အဲဒီ မဲသုံးပြားမှာ အပေါ်ထပ် အဆောက် အဦပြင်ဖို့ ဘယ်မဲပြားတွေက အဓိက ကျလဲ၊ ဒေသအဆင့်အတွက် ဘယ်မဲ ပြားက အဓိကကျလဲ။ စဉ်းစား ကြပါ။ တစ်ပြည်လုံး အရေးကြီးကြောင်း ပြောပြီး တိုင်းရင်းသားတွေရဲ့ ပါဝင်မှုကို ဖယ် ထုတ်နေတာ မကောင်းပါဘူး။ မဲသုံး ပြားကို ဗျူဟာကျကျ ပေးရင်း အားလုံး ပူးတွဲပါနိုင်အောင် လုပ်လို့ရပါတယ်” တဲ့။
စာဖတ်သူတွေကော ဘယ်လို မြင်ပါသလဲ။ ဆိုလိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် ဗဟိုအစိုးရ ဖြစ်ရေးကို အဓိကထားတဲ့ NLD အနေနဲ့ ပြည့်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်ကိုသာ အဓိက ထားပါ။ ကျန်ပြည်နယ်^တိုင်းဒေသ ကြီးတွေအတွက်တော့ တိုင်းရင်း သား ပါတီတွေ၊ ဒေသဆိုင်ရာ ပါတီတွေ၊ တသီးပုဂ္ဂလတွေကို ဦးစားပေးလိုက်ပါ ဆိုတဲ့ သဘောလို့ ကျွန်တော် နားလည် ပါတယ်။
ဒါ ဗမာတစ်ပိုင်းဖြစ်နေတဲ့၊ ဗမာ မျိုးနွယ်စုဆိုပြီး ခံယူထားကြတဲ့ ထား ဝယ်ဒေသက ကွဲပြားတဲ့အမြင် ဥပမာ တစ်ခုပါ။ ရှမ်း၊ ကချင်၊ ကရင်၊ မွန် စသဖြင့် နှစ်ပေါင်းရာနဲ့ချီပြီး သီးခြား ယဉ်ကျေးမှုနဲ့ ရပ်တည်ခဲ့တဲ့ တခြား တိုင်းရင်းသားတွေရဲ့အမြင် ဆိုရင် ဒီထက် ပိုကွဲပြားနိုင်ပါတယ်။

တတောလုံးကိုလည်း ကြည့်၊
တပင်ချင်းကိုလည်း မေ့မထားသင့်
လတ်တလော NLD ပါတီရဲ့ မဲဆွယ်မှု မူအတိုင်းဆိုရင်တော့ အစိုးရ မဖွဲ့နိုင်တဲ့ ပါတီတွေ၊ တသီးပုဂ္ဂလတွေကို မဲပေးလို့ အပြောင်းအလဲ ဖြစ်လာမှာ မဟုတ်ဘူး။ အချင်းချင်းကြား မဲကွဲပြီး စစ်အစိုးရ ပါတီဖက်က စားသွားလိမ့် ဆိုတဲ့ သဘောမျိုး ကြားနေရပါတယ်။ ပါတီခေါင်းဆောင်ပိုင်းက အဲဒီလို ပြောပြီးတဲ့နောက် သူတို့ကို ထောက်ခံသူ တွေက ပါတီငယ် အမတ်လောင်းတွေ၊ တသီးပုဂ္ဂလ အမတ်လောင်းတွကို ဝေဖန်ထိုးနှက်တဲ့ အသံတွေ ပိုကျယ် လောင်လာနေပါတယ်။
ရှေ့မှာ တင်ပြခဲ့တဲ့ ထားဝယ် လူငယ်တစ်ဦး အဆိုပြုခဲ့သလို ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် အတွက် NLD ကို မဲပေးပြီး ပြည်နယ်-တိုင်းဒေသကြီး လွှတ်တော်အတွက် ဒေသဆိုင်ရာ ပါတီတွေ၊ တိုင်းရင်းသား ပါတီတွေ၊ တသီး ပုဂ္ဂလတွေကို မဲပေး မယ်ဆိုရင်ကော ဒီကိစ္စ တစုံတရာ ပြေလည်သွားနိုင်မလား။ အချင်းချင်း ပြိုင်ဖက် မဟုတ်တော့ဘဲ ရွေးကောက်ပွဲ အလွန်မှာ ဒေသဆိုင်ရာ ကိစ္စအတွက် ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ မဟာမိတ် ဖြစ်လာနိုင်လေမလား။
ဒါက ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသ ဆိုင်ရာ ယဉ်ကျေးမှုကို အလေးထားတဲ့ ပါတီတွေအတွက် ပြောကြည့်တာပါ။ ဒါပေမဲ့ ဖက်ဒရယ်မူလိုမျိုး ကိစ္စကို ပြောတော့မယ်ဆိုရင်တော့ ဒေသဆိုင်ရာ အစိုးရ၊ ဒေသဆိုင်ရာ လွှတ်တော် လောက်နဲ့ အလုပ်မဖြစ်တော့ပါ။ ဒီအ တွက် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တွေအထိ တိုင်းရင်းသား ကိုယ်စားလှယ်တွေပါဖို့ လိုလာ ပြန် ပါတယ်။ ဒီအတွက် တိုင်းရင်းသား ပါတီတွေက ပြည်ထောင်စု လွှတ်တော် အတွက်ပါ ဝင်ပြိုင်နေကြတာ ဖြစ်ပါ တယ်။

ပါတီကြီးတွေက တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုပါတယ်လို့ ဘယ်လိုပဲပြောပြော၊ တိုင်းရင်းသား တွေကို သူတို့ပါတီရဲ့ လွှတ်တော် အမတ်လောင်းအဖြစ် ဘယ်လိုပဲ ထည့် ထားထည့်ထား၊ တကယ်တန်း တိုင်းရင်း သားအရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်အရေး၊ ဖက်ဒရယ်အရေး ဆွေးနွေး ငြင်းခုံ ရတော့မယ်ဆိုရင် သူတို့ အမတ်တွေက သူတို့ပါတီက ချမှတ်ထားတဲ့ မူဝါဒ အတိုင်း လိုက်ရမှာမို့ တိုင်းရင်းသား အရေးကို တိုင်းရင်းသားပါတီတွေက အမတ်တွေလောက် အခိုင်အမာ ဦးစား ပေးပြောဖို့ဆိုတာ မဖြစ်နိုင်ပါ။ဒါဖြင့် တသီးပုဂ္ဂလ အမတ်တွေ ကော ပြည်ထောင်စု အဆင့်မှာ မလိုပြန် ဘူးလား။ ဒါလဲ စဉ်းစားသင့်တဲ့ ကိစ္စ တစ်ခုပါ။ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလ အတွင်း ရန်ကုန်တိုင်းလွှတ်တော်မှာ အများပြည်သူလိုလားတဲ့ ဥပဒေတွေ တင်သွင်းခဲ့သူ တသီးပုဂ္ဂလအမတ် ဒေါ်ညိုညိုသင်းလို ပုဂ္ဂိုလ်တွေ ဆက်ပါ သင့်တယ်လို့ ထင်မြင်နေသူ မနည်း လှပါ။

“ခေါင်းပါဖို့ မလိုဘူး၊ လက်ညှိုး ထောင်ဖို့ပဲ လိုတယ်ဆိုတဲ့ လွှတ်တော် မျိုးသာ ဖြစ်ခဲ့ရင်တော့ ကျွန်တော်တို့ မျှော်လင့်ထားတာတွေ၊ ပေးဆပ်ခဲ့ရတာ တွေ အရာမထင်ဘူးလို့ပဲ ပြောရမယ်။ လွှတ်တော်ထဲမှာ အသံတစ်သံတည်း သို့မဟုတ် နှစ်ပါတီရှိလို့ နှစ်သံထွက်မယ့် အစား ပြည်သူလူထုဘက်က ရပ်တည် ပေးမယ့် ပုဂ္ဂိုလ်တွေနဲ့ အသံတွေ မြိုင်မြိုင်ဆိုင်ဆိုင် တက်တက်ကြွကြွ ပါဝင်တဲ့ လွှတ်တော်ကြီးဖြစ်ဖို့ လိုပါ တယ်}}ဆိုပြီး ၈၈ မျိုးဆက် ခေါင်းဆောင် တစ်ဦးက ဒေါ်ညိုညိုသင်းရဲ့ အောင်နိုင် ရေး ရုံးခန်းဖွင့်ပွဲမှာ ပြောခဲ့တယ်လို့ သိရပါတယ်။

ကော်မရှင်မှာကော ပြိုင်ဖက်တွေ၊ မဟာမိတ်တွေ ရှိနေသလား
တစ်ဖက်မှာ ဒီလိုမေးခွန်း ထုတ် စရာတွေရှိနေသလို အခြားတစ်ဖက် မှာလည်း ဒီထက်ကြီးမားတဲ့ မေးခွန်း ထုတ်စရာတွေ ရှိနေပြန်ပါတယ်။ အဲဒါ ကတော့ ဒီပွဲမှာ ဒိုင်လူကြီးလုပ်မယ့် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သမာသမတ် ကျမှုပါပဲ။ ရှေ့မှာ တင်ပြခဲ့တဲ့ မဟာ မိတ်တွေ၊ ပြိုင်ဖက်တွေ၊ အစိုးရဖွဲ့ နိုင်တဲ့ ပါတီတွေဆိုတာက ဒီရွေး ကောက် ပွဲမှာ အနိုင်ရပြီးမှ၊ အနိုင်ရသူကို လက်ရှိ ဦးသိန်းစိန်အစိုးရက အာဏာလွှဲပေးပြီးမှ ဖြစ်လာမဲ့အရာတွေပါ။
အဲဒီလို အနိုင်ရဖို့အတွက် လွတ် လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုပါ တယ်။ ဒီအတွက် ပါတီတွေ အားလုံး ပေါင်းပြီး ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ရပ်တွေကို အသေအချာ စောင့်ကြည့် ဝေဖန်သင့်ပါတယ်။ အခုချိန်ထိတော့ မှတ်ပုံတင်ထားတဲ့ ပါတီ ၉၁ ကျော်စလုံး ဟာ ဒီလို စောင့်ကြည့်ဝေဖန်တာ သိပ် မတွေ့ရဘဲ ကိုယ့်ပါတီ အောင်နိုင်ရေး တစ်ခုတည်းကိုပဲ အာရုံစိုက် လုပ်နေတာ မျိုးသာ မြင်နေရပါတယ်။တနည်း အားဖြင့် ပြောမယ်ဆိုရင်တော့ ပြိုင်ဖက် လား၊ မဟာမိတ်လား ဆိုတာဟာ နိုင်ငံရေး ပါတီအချင်းချင်းမှာတင် မေးခွန်းထုတ်သင့်တာ မဟုတ်ဘဲ ရွေးကောက်ပွဲကော်မရှင်မှာကော မဟာမိတ်တွေ၊ ပြိုင်ဖက်တွေ ရှိနေသလားဆိုပြီး သံသယဝင်စရာ၊ မေးခွန်းထုတ်စရာတွေ ရှိလာ နေပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်း၊ ကြံ့ခိုင် ရေးပါတီ ထိပ်တန်း ခေါင်းဆောင် ဟောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကြားနေပြီး သမာတမတ်ကြစွာ ဒိုင်လူ ကြီး လုပ်ပေးပါ့မယ်လို့ ပြောထားပေမယ့် ဒီပြောဆိုချက်အပေါ် မေးခွန်းထုတ်သူတွေ တိုးတိုးပြီး ရှိလာနေပါတယ်။

ကုလသမဂ္ဂ အကူအညီနဲ့ သန်းခေါင်စာရင်းကောက်ထားတာ မကြာသေးတဲ့ နိုင်ငံတစ်ခုမှာ လူဦးရေ စာရင်း အမျိုးမျိုး ဖြစ်နေတာ၊ သန်း ခေါင်စာရင်းကို အခြေမခံဘဲ ထွေ-အုပ်စာရင်းကို အခြေခံတယ်ဆိုပြီး ပြောဆို နေတာ၊ မဲစာရင်း ၃၀ရာခိုင်နှုန်းပဲ အာမခံနိုင်တယ်ဆိုတာ၊ စာရင်းတွေ ထပ်ကာ ထပ်ကာ မှားနေတာတွေဟာ လုပ်ငန်း မကျွမ်းကျင်လို့ မတော်တဆ မှားယွင်းမှု သက်သက်ဟုတ်ရဲ့လား။ တမင်တကာများ စာရင်းမှားတွေကို ထုတ်ပြန်နေတာလားဆိုပြီး ဝေန်ဖန်မှုတွေ တိုးလာနေပါတယ်။

တခါ ဘာသာရေး အစွန်းရောက်တွေရဲ့ ဘာသာရေးနဲ့ နိုင်ငံရေးရော ထွေးအောင် လုပ်ဆောင်လာမှုတွေ၊ တိုက်ပွဲကြောင့် ပြည်နယ် တချို့က မြို့နယ်တွေမှာ ရွေးကောက်ပွဲ မလုပ်တော့ဘူး ဆိုတာတွေ၊ ကြံ့ခိုင်ရေး ပါတီ နဲ့ စစ်တပ်ကျောထောက် နောက်ခံ ပေး ထားတဲ့ တသီး ပုဂ္ဂလအမတ်တွေ ဝင်ပြိုင်မယ့် နေရာဆီ စစ်စခန်းရွှေ့ပြီး တပ်ရင်းအလိုက် မဲပေးဖို့ ပြင်နေတာတွေ၊ စသဖြင့်စသဖြင့် ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ အများကြီးရှိလာ နေတယ်လို့ ဝေဖန်သူတွေက ထောက်ပြနေပါတယ်။

ဒါကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ အချင်းချင်း အကြိတ်အနယ် ပြိုင်နေတာ အပြင် ရွေး-ကော်ရဲ့ ရပ်တည်ချက်နဲ့ လုပ်ဆောင်ချက်တွေကို နေ့စဉ်မပြတ် စောင့်ကြည့်ဝေဖန် ထောက်ပြဖို့ လိုနေပါတယ်။
တချိန်တည်းမှာပဲ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါဝင် နိုင်ငံတကာရွေးကောက်ပွဲ လေ့လာရေး အဖွဲ့တွေ၊ ပြည်တွင်းက ရွေးကောက်ပွဲ လေ့လာ ရေးအဖွဲ့တွေ အနေနဲ့လည်း ရွေးကောက် ပွဲ ကျင်းပတဲ့ နိုဝင်ဘာလ ၈ ရက်နေ့ တစ်ခုတည်းကိုသာ စောင့်ကြည့်တာမျိုး မဟုတ်ဘဲ အခု ကတည်းက ကော်မရှင်ရဲ့ လုပ်ရပ်နဲ့ ရွေးကောက်ပွဲ အကြိုကာလအခြေအနေ အသေးစိတ်ကို အသေအချာ စောင့်ကြည့်ဝေဖန် ထောက်ပြဖို့ လိုနေပြီ ဖြစ်ပါတယ်။