လူထုပေးတဲ့လိုင်စင် စီးပွားရေးစီမံကိန်း တွေနဲ့ ဒီမိုကရေစီ အစိုးရ

0
453

စီးပွားရေး လုပ်ငန်းတွေ အထူး သဖြင့် လူမှုဘ၀နဲ့ သဘာဝ ပတ်ဝန်း ကျင်ကို ထိခိုက်နိုင်ခြေရှိတဲ့ ကုမ္ပဏီ တွေဟာ ဒေသတစ်ခုခုမှာ အလုပ်လုပ် တော့မယ်ဆိုရင် အစိုးရ အာဏာပိုင်တွေ ဆီက ထုတ်ပေးလိုက်တဲ့ လုပ်ငန်း လိုင်စင်ရရုံနဲ့ ဒီခေတ်မှာ အလုပ်မဖြစ် တော့ပါဘူး။

ကိုယ်အလုပ် သွားလုပ်မယ့် နေရာက ဒေသခံတွေနဲ့ အဆင်ပြေဖို့၊ သူတို့ရဲ့ လူမှုဘ၀တွေကို ထိခိုက်မှု မရှိအောင် လုပ်ကိုင်ဖို့၊ တကယ်လို့ ထိခိုက်နိုင်ခြေရှိတယ်ဆိုရင်တောင် အဲဒါ တွေကို ဒေသခံတွေနဲ့ ပူးပေါင်းပြီး အနည်းဆုံးဖြစ်အောင် ဒေသခံလူထု လက်ခံတဲ့အဆင့်ထိ ရောက်အောင် သူတို့နဲ့ အတူတူ လက်တွဲ လုပ်ဆောင် သွားဖို့ပါ။

အဓိကကတော့ အစိုးရကပေးတဲ့ လုပ်ငန်း လုပ်ကိုင်ခွင့်အပြင် အလုပ် လုပ်ကိုင်မယ့် ဒေသခံ လူထုကပေးတဲ့ လိုင်စင် Social license to Operate – SLO ကိုပါ ရဖို့ လိုလာပါပြီ။ ဒါကို အကောင်အထည်ဖော်နိုင်ဖို့ ပြုပြင် ပြောင်းလဲရေး လုပ်နေပါတယ်၊ လူထုက ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရ ပါလို့ ပြည်တွင်းရော နိုင်ငံတကာကိုပါ ကရားရေလွှတ် တတွတ်တွတ်ပြောနေတဲ့ အစိုးရ တာဝန်ရှိသူတွေက တာဝန် သိစိတ်မရှိတဲ့ ကုမ္ပဏီတွေကို ဒေသခံ တွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ လမ်းညွှန် ကြီးကြပ်ပေးဖို့ လိုအပ်မယ်လို့ ယူဆပါတယ်။

(၂)
တော်သလင်းလပြည့်ကျော် ၁ ရက်နေ့။
ကျွန်တော်တို့ မြသီတာ ရပ်ကွက် လေးရဲ့ညဟာ သာသာယာယာ ရှိလှ ပါတယ်။ ည ၁၀ နာရီကျော်ဆိုတော့ လူခြေလဲတိတ်၊ ပြည့်ပြည့် ဝန်းဝန်း သာနေတဲ့ လမင်းကို ဖုံးကွယ်ထားတဲ့ တိမ်တွေလဲကင်းနဲ့ ညဟာ တိတ် ဆိတ်ခြင်းနဲ့ လှပနေတယ်။ ဘာလို့ ညဟာ အခုလောက် တိတ်ဆိတ်လှပ နေပါလိမ့်လို့ ပထမတော့ မတွေးမိဘဲ ငယ်ငယ်က တိတ်ဆိတ် အေးချမ်းတဲ့ လသာ ညတွေအကြောင်းကိုတောင် လွမ်းဆွတ်မိသေးတယ်။ အိပ်ယာထဲ ခေါင်းချမှ အိမ်ရှေ့ချောင်းထဲက ရေစီး သံ သဲ့သဲ့ကို ကြားမိမှပဲ တိတ်ဆိတ် နေရခြင်းအကြောင်းကို သတိရသွား မိတယ်။
delco_aunglwin_article
စက်ရုံ၊ ဟုတ်တယ် ရွာတောင် ဘက် ဒယ်(လ်)ကို သတ္တုတွင်း စီမံကိန်း က သတ္တု အချောသပ် ထုတ်လုပ်တဲ့ စက်ရုံကြီး မလည်တော့လို့ ခုလို တိတ်ဆိတ်နေတာ။ အဲဒီ တစ္ဆေဆိုး တစ်ကောင်ရဲ့ ညည်းတွားသံလို ညဘက် တွေမှာ ဆူညံပွက်လောရိုက်ပြီး လူတွေ ကို နားဒုက္ခပေးနေတဲ့ စက်ရုံဆိုး အကြောင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လတုန်းက တနင်္သာရီဂျာနယ်မှာ ကျွန်တော်ရေးခဲ့တဲ့ ” သတ္တုတွင်း ကိုချစ် သည်။ သို့သော် . . . မုန်းသည်” ဆိုတဲ့ ဆောင်းပါးမှာ အကျယ်ရှင်းခဲ့ ပြီးပါပြီ။

အဲဒီစက်ရုံကြီး မလည်တော့လို့ မြသီတာညဟာ တိတ်ဆိတ်အေးချမ်း သာယာနေလင့်ကစား အဲဒါကြီး ရပ် သွားရတဲ့ အကြောင်းကို စဉ်းစားမိတော့ စိတ်ထဲ မကောင်း။ အိပ်လို့ မပျော်ချင်။

စက်တင်ဘာလ ၂၃ ရက် ည ၇ နာရီ ၁၅ မိနစ်လောက်က စက်ရုံက ထွက်လာတဲ့ ရေဆိုးရေညစ်တွေနဲ့ နုန်းတွေကို မည်ကာမတ္တ အနည်ထိုင် အောင် ဒယ်(လ်)ကို ကုမ္ပဏီက ဖြစ်က တတ်ဆန်း တည်ဆောက်ထားတဲ့ နုန်း ကန်ကြီး ပြိုကျသွားခဲ့တယ်။
အဲဒီကန်က ကျွန်တော့် အိမ်ရှေ့က ချောင်းထဲကနေ တစ်ဆင့် ရွာကိုပတ် စီးပြီး ရွာမြောက်ပိုင်းက ဟိန္ဇဲချောင်း ထဲကို စီးဝင်တဲ့ချောင်းရဲ့ အထက်ပိုင်းမှာ ရှိတာပါ။ ဒါကြောင့်မို့ ဒီနုန်းကန်ကြီး ပြိုသွားတော့ အိမ်ရှေ့က ချောင်းထဲကို နုန်းရေတွေ အချိန်တိုအတွင်း အလုံး အရင်းနဲ့ တိုက်ရိုက် စီးဆင်းတယ်။ ချောင်းဘေးဝဲယာ တစ်လျှောက်က သစ် ပင်ကြီးငယ်ဟူသမျှကို ဖျက်ဆီးပစ်ခဲ့ တယ်။ အိမ် ၁၂ဆောင် နုန်းရေထဲမှာ မျောပါသွားပြီး အလုံး ၄၀ ကျော် ယိုင်လဲ ပျက်စီးခဲ့ရတယ်။ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး နုန်းရေနစ် သေဆုံး ခဲ့ရပြီး သက်ကြီး ရွယ်အို အများအပြား ဒဏ်ရာ ရရှိခဲ့တယ်။ မိသားစုပေါင်း ၇၂ ခုက လူပေါင်း ၃၀၀ နီးပါးကို ဘေးလွတ် ရာကို ပို့ဆောင် ကယ်ဆယ်ပေးခဲ့ရတယ်။

(၃)
ဒီအကြောင်းတွေကို မီဒီယာတွေက အကျယ်တဝင့် ဖော်ပြခဲ့ပြီးဖြစ်လို့ ဇာမချဲ့လိုတော့။ ဒီမှာ ဇာချဲ့ချင်တာက ဒယ်(လ်)ကို ကုမ္ပဏီရဲ့ တာဝန်ခံမှုနဲ့ တာဝန်ယူမှု။ မျက်မြင်သက်သေတွေ ထွက်ဆိုချက်အရ နုန်းကန်စပြိုကျတာကို သိတဲ့ရွာသားတွေက ဒယ်(လ်)ကို ကုမ္ပဏီကို စက်ရုံလည်ပတ်မှု ရပ်ဆိုင်း ဖို့၊ အခြေအနေကို အမြန်ဆုံး ထိန်း သိမ်းနိုင်ဖို့အတွက် စီမံကိန်းနယ်မြေ လုံခြုံရေး ကင်းစခန်းကနေတဆင့် ချက် ချင်းအကြောင်းကြားခဲ့ပေမယ့် မန်နေ ဂျာက နုန်းရေကုန်သွားလျှင် စီးဆင်းမှု အလိုလို ရပ်သွားမည်၊ ဘာမှ အထွေအထူး လုပ်နေရန်မလိုလို့ ပြန်ဖြေကြားခဲ့ပါ တယ်တဲ့။

ဟုတ်တာပေါ့။ သူပြောတဲ့စကား သွေးထွက်အောင် မှန်ပါပေ့။ အမြင့်ပေ ၁၀၀ လောက်၊ အရှည်ပေ ၁၀၀၀ ကျော်နဲ့ ဗျတ်အကျယ်က ၁၀ ဘီးကား ၂ စီး လွှဲလို့ရလောက်တဲ့ တောင်နံရံ တစ်ခုနဲ့ ကားလမ်းမကို တားပြီး ဆောက်ထားတဲ့ မြေသားတမံကြီးက အထဲမှာ နှစ်ပေါင်း များစွာ သိုလှောင် ထားတဲ့ နုန်းရေတွေရဲ့ သိပ်သည်းမှု ဒဏ်ကို မခံနိုင်လို့ ပေါက် ထွက်တာကို မန်နေဂျာက ဘာလုပ် ပေးနိုင်မှာလဲ။ သူပြောသလိုပဲ အချိန် တန်လို့ နုန်းရေတွေ ကုန်သွားရင် ရပ် သွားမှာပေါ့။

ဒါပေမယ့် နုန်းရေတွေက ကန် ပေါက်မှုဖြစ်တဲ့ ၂၃ ရက် ညကနေ ခု ဒီစာရေးနေတဲ့ ၂၉ ရက် ညအထိ လုံးဝ မရပ်သေး။ စပေါက်တဲ့ညက ကန်မျက် နှာပြင် အပေါ်မှာရှိနေတဲ့ နုန်းရေတွေ တရဟော စီးဆင်းသွားလို့ အပေါ်မှာ ဖော်ပြခဲ့သလို ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ ရတယ်။ အခုက ကန်ထဲမှာ အနှစ်နှစ် အလလ စုဆောင်းထားတဲ့ နုန်းအနည် အနှစ်တွေက ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံးနဲ့ အခုထိ သည်းလှတဲ့ မိုးရေနဲ့အတူ ကျွန်တော့် အိမ်ရှေ့ ချောင်းကလေးကနေ တစ်ဆင့် ဟိန္ဇဲချောင်းမကြီးထဲကို တပျော် တပါး စီးဆင်းနေကြလေရဲ့။ ဒါကို ဒယ်(လ်)ကို ကုမ္ပဏီက တာဝန်ရှိသူ တွေလဲ သိပ်ပျော်နေကြမယ် ထင်တယ်။ အကြောင်းက သူတို့ အနှစ်နှစ် အလလ လွှတ်မချရဲဘဲ (အကြိမ်အတော်များများ ညဘက်တွေမှာ ခိုးလွှတ်တာရယ်၊ လူသိ ရှင်ကြား ၂ ခါ ၃ ခါလောက် ပေါက်ကျ ခဲ့တာရယ်မပါ) လိပ်ခဲ တည်းလည်း သိမ်းထားရတဲ့ ဒီနုန်းရေတွေကို အတား အဆီးမဲ့ လွတ်လွတ်လပ်လပ် လွှတ်ချခွင့် ရသလိုဖြစ်နေလို့ပါပဲ။

(၄)
တာဝန်ယူမှု တာဝန်ခံမှုကို ဇာချဲ့ မယ်ဆိုတော့ ဒီနေရာမှာ အစိုးရအဖွဲ့ရဲ့ တာဝန်ယူမှုကိုလဲ မဖြစ်မနေ ထည့်ပြော ရဦးမယ်ဗျ။ ဒီကိစ္စမှာ ကျွန်တော်ကတော့ အစိုးရအဖွဲ့ကို သိပ်ချီးကျူးသဗျာ။ ကျေးဇူးလဲ သိပ်တင်တာပဲ။ ကျေးဇူး တင်ဆို မြို့နယ်၊ ခရိုင်နဲ့ တိုင်း အဆင့် တာဝန်ရှိသူတွေက အခင်းဖြစ်ပြီး နောက် တစ်နေ့မနက်မှာပဲ ဒုက္ခရောက်တဲ့ သူတွေကို ကူညီ ကယ်ဆယ်ရေးတွေ စတင်တယ်လေဗျာ။ တိုင်းဒေသကြီး ရဲမှူးကြီးဆို အဲဒီညမှာ ညကြီးမင်းကြီး ရောက်လာပြီး ရွာလူထု ကိုယ်စားလှယ် တွေနဲ့ ကံပေါက်နယ်မြေ ရဲတပ်ဖွဲ့ စခန်းမှာ တွေ့ဆုံဆွေးနွေးပြီး ဒီကိစ္စကို ဘယ်လို ဘယ်ပုံ ဖြေရှင်း ဆောင်ရွက် သွားမယ်ဆိုတာကို နှုတ်ကတိတွေ ပေးထားခဲ့တာကိုးဗျ။ ဒီအကြောင်းကို နောက်ပိုင်းမှာ ထပ်ဆွေးနွေးပါမယ်။

ဒီနေရာမှာ ဥာဏ်တိမ်တဲ့ ကျွန်တော် နားမလည်တာက ဒယ်(လ်)ကိုလို အကျိုးအမြတ် မျှော်ကိုးပြီး စီးပွား ရေးလုပ်တဲ့ လုပ်ငန်းတစ်ခုကြောင့် ဒေသ ခံတွေ ထိခိုက်ဆုံးရှုံးရတာကို အစိုးရက သာမန် ရေကြီးလို့ ရေဘေးသင့် ပြည်သူ တွေကို ကယ်ဆယ်ရေး လုပ်တဲ့ပုံစံဖမ်း နေတာကိုပဲဗျ။ တစ်ခြား ဒေသတွေမှာ ရေကြီးတာတောင် ရန်ပုံငွေကို နည်း အမျိုးမျိုးနဲ့ရှာပြီး လှူတတ် ကြတဲ့ ကျွန်တော်တို့ ကံပေါက် ရွာသူရွာသားနဲ့ တစ်ခြား ရွာနီးချုပ်စပ်က ပြည်သူတွေရဲ့ ဒုက္ခရောက်တဲ့သူတွေကို ကူညီကြ ရိုင်းပင်းကြတာကတော့ သာဓု ခေါ်စရာ မုဒိတာ ပွားစရာပါပဲ။
မြို့နယ် အုပ်ချုပ်ရေးမှူးကြီးဆိုရင် ကံပေါက်ဒေသမှာ အခြေစိုက်ထားတဲ့ ဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီတွေက ဃသသစနမအေန Sသခငal Rနျစသညျငဘငူငအပ – ဃျွှ လို့ ခေါ်တဲ့ လူမှုစီးပွား ဖွံ့ဖြိုး ရေးဌာန တာဝန်ရှိတဲ့သူတွေကို အစည်း အဝေးခေါ်ပြီး သတ္တုတွင်းက နမော်နမဲ့ လုပ်ထားတဲ့ နုန်းကန်ပြိုလို့ ဒုက္ခရောက် ရတဲ့သူတွေကို လှူဒါန်းပေးဖို့ ကြားကနေ အလှူခံပေးခဲ့သေးတယ်လို့ သိရတယ်။

(၅)
နောက်တစ်ခု ဆွေးနွေးချင်တာက တချို့ တချို့သော လူတွေနဲ့ တာဝန် ရှိသူတစ်ချို့ရဲ့ တာဝန်ယူမှု တာဝန်ခံမှုကို နားလည်ပုံပါ။ အလှူ ပစ္စည်းတွေကို လက်ခံတဲ့ဌာနက တာဝန်ရှိတဲ့ သူနှစ် ယောက်ပြောတဲ့ စကားကတော့ ဩချ ယူရလောက်တယ်ဗျာ။ ဘာတဲ့ ဒယ်(လ်)ကိုကလည်း ဒုက္ခရောက်တဲ့ သူတွေ အတွက် လိုအပ်တဲ့ နေရာမှာ သုံးဖို့ ကျပ်သိန်း ၂၀ လာလှူသွား တယ်ဗျတဲ့။ ကောင်းပါ့ဗျာ။ သာဓုပါဗျာ။ ဒယ်(လ်)ကို ကုမ္ပဏီကြီး စီးပွားရေးတွေ ဒီ့ထက်ဒီ ဆထက်တပိုး တိုးတက်ပါစေ။ ကြီးပွား ပါစေတော့လို့ ဆုပဲ ထပေးရတော့ မတတ်။ တတ်လဲ တတ်နိုင်ကြပါပေ့။ ဒီလိုပြောလို့ သူတစ်ပါးပေးတာ ပြု တာကို မုဒိတာမပွားတာ မဟုတ်။ တာဝန်ယူမှုကို ကိုယ့်လူတွေ နားလည်ပုံ လက်ခံပုံကို စိတ်မကောင်း ဖြစ်ရတာပါ။ ထားတော့။ ဒါက သာမန်ပြည်သူတွေမို့ ဒီ့ထက်ပိုပြီး မစဉ်းစားတတ်ဘူးလို့ပဲ ဖြေတွေးလေး တွေးနိုင်သေးတယ်။ တကယ် ဖြေမဆည်နိုင်ဖြစ်ရတာက ” ဒယ်(လ်)ကို ကုမ္ပဏီကလည်း ဒုက္ခ ရောက်တဲ့သူ တွေကို လှူတယ်လေကွာ”လို့ ပြောလာတဲ့ အုပ်ချုပ်သူ အစိုးရ ဌာန တစ်ခုက ပြည်သူ့ဝန်ထမ်း အရာရှိ ဆိုသူ တစ်ယောက်ရဲ့ နှုတ်ထွက် စကား ပါပဲ။ ဘယ်လိုပြောရမလဲ ” . . အော် . . . ဟုတ်ကဲ့.. ကျေးဇူးတင် ပါတယ်” လို့ပဲ ပြောလိုက် ရတော့လေ မလား။

ဒယ်(လ်)ကိုက လှူတယ်ဆိုတဲ့ စကားလုံးကို လုံးဝ မပြောနဲ့ဗျာ။ ဒါကို လုံးဝ လက်မခံဘူး၊ သူတို့ကြောင့် ဖြစ်ရတာ၊ ဒီကိစ္စတွေ အားလုံးရဲ့ တရားခံက သူတို့၊ ဒါကို သူတို့ တာ ဝန်ယူ ဖြေရှင်းရမယ်ဗျ၊ ပြင်ပ အလှူရှင်တွေက ခုလောက် ကူညီနေ တာတောင် ဒါသိပ် ရှက်ဖို့ ကောင်းနေပြီ၊ တာဝန်ယူမှုရှိတဲ့ စီးပွားရေး လုပ်ငန်း ဆိုတာ ဒီလို မဟုတ်ဘူးဗျ။ စိတ် မဆိုး ပေမယ့် ဒေါသအနည်းငယ် ပါသလို ဖြစ်နေတဲ့ ကျွန်တော့် အသံကိုလဲ နားထောင်၊ ကျွန်တော့် မျက်နှာကိုလဲ အနည်းငယ် တွေတွေ လေးကြည့်ပြီး အဆိုပါအရာရှိ နဲနဲတော့ ကြောင်သွား ပုံရတယ်။

တကယ်တော့ ဒယ်(လ်)ကို ကုမ္ပဏီက တာဝန်ရှိသူတွေသာ အရင်ကတည်းက ပြည်သူ့မျက်နှာ တကယ်ကြည့်ခဲ့ရင် ဒီပြဿနာတွေ ဘာမှဖြစ်လာစရာ အကြောင်းမရှိ။ “ဒီမှာရဲမှူးကြီး၊ ကျွန်တော် ပြတ်ပြတ်ပဲ ပြောမယ်၊ ဒီကုမ္ပဏီက လူတွေက ကျွန်တော်တို့ ရွာသားတွေ မျက်နှာကိုကြည့်တာ မဟုတ်ဘူး၊ သတ္တုတွင်း ဝန်ကြီးလဲ အတူတူပဲ၊ ဒီနုန်းကန်ကြီးက ခိုင်ခံ့မှု မရှိဘူး၊ ပြိုကျလာနိုင်တယ်၊ လူတွေ ဒုက္ခရောက်မယ်ဆိုတာကို ကျွန်တော်တို့ အကြိမ်ကြိမ် ပြောထားပြီးသား၊ ဒါကို သူတို့က မပြို ကျဘူး၊ တာဝန်ယူတယ်လို့ ကျွန်တော်တို့ကို ပြောတယ်။ အခု ပြိုပြီ၊ ဒါကို တာဝန်ယူဖို့ ရဲမှူးကြီးတို့ ဆောင်ရွက် ပေးပါ”လို့ ကံပေါက်ရွာရဲ့ ရပ်မိရပ်ဖတစ်ဦးက အခင်းဖြစ်တဲ့ညက ညတွင်းချင်း ရောက်လာ တဲ့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးကို ရင်ဖွင့်ခဲ့တယ်။

အဲဒီညက လူထု ကိုယ်စားလှယ် တွေနဲ့ ရဲမှူးတွေ့ဆုံပြီး ရွာဘက်က (၁) ဒယ်(လ်)ကို သတ္တုတွင်း မန်နေဂျာ ၂ ဦးကို ဖမ်းဆီး ထိမ်းသိမ်းထားရန်၊ (၂) စက်ရုံလည်ပတ်မှုကို နုံးကန် ပြိုကျမှုကြောင့် ဖြစ်ပေါ်ခဲ့ရသည့် ထိခိုက်နစ်နာမှုတွေကို ကျေလည်စွာဖြေရှင်း မပြီးမချင်း ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားရန်၊ (၃) နုန်းကန် ပြိုကျမှုကြောင့် ထိခိုက်နစ်နာရမှုများ အားလုံးကို တရားဥပဒေအရ အရေးယူပြီး ဒယ်(လ်)ကို ကုမ္ပဏီမှ တာဝန် ယူဖြေရှင်းပေးရန်နဲ့ (၄) တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ကံပေါက်ကျေးရွာ လူထုတွေ့ဆုံက ဒယ်(လ်)ကို သတ္တုတွင်း စီမံကိန်းကို ရာသက်ပန်ရပ်ဆိုင်းရေး တောင်းဆိုသွားရန် စတဲ့အချက်တွေကို တောင်းဆိုခဲ့တယ်။ ရဲမှူးက အဲဒါတွေကို သူဆောင်ရွက် နိုင်သမျှ ဆောင်ရွက်ပြီး သူမလုပ်နိုင်တာရှိရင် ဝန်ကြီးချုပ်နဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ကတိ ပေးပြော ကြားသွားခဲ့တယ်။

ဒါတွေအပြင် သူက ကလေးသေဆုံးရမှုကို ရဲဘက်က သေမှုသေခင်း ဖွင့်ပြီး စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ကြောင်း၊ တရားစွဲဆိုမှုကို ရဲဘက်မှ တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ အသေးစိတ်အချက်အလက်တွေနဲ့ ရှေ့ဆက် လုပ်ဆောင်ရမယ့် လုပ်ငန်းများကို ဝန်ကြီးချုပ် ဆီတင်ပြပြီး ဆက်လုပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကတိပေး ပြောကြားခဲ့တယ်။ ရဲမှူးကြီးကတိ တည်မတည်ကတော့ မကြာခင်သိရမယ်လို့ ယူဆပါတယ်။
နုန်းကန်ပြိုမှုကြောင့် အိမ်အလုံး လိုက်ပြိုသွားသူတွေကို ရွာအပြင်ဘက်က သတ္တုတွင်း ပိုင်မြေတွေမှာ အကွက်ချပြီး နောက် ၂ ပတ်အတွင်း အိမ်ပြန် ဆောက်ပေးမယ်လို့ သိရတယ်။ ကုန်ကျစရိတ်ကို ဒယ်(လ်)ကိုက ကျခံမယ်။ ဒါကတော့ မဆိုး။ ဆိုးတာက စက်ရုံကို ရပ်ဖို့ ပြောတာကို အစိုးရ တာဝန်ရှိသူတွေက သိပ်သဘော ကျ ချင်ပုံမရ။ တိုင်းပြည် ဘဏ္ဍာငွေရှာ ပေးနေပြီး ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါတယ်ပဲ တွင်တွင်ပြောနေတယ်။

ကုမ္ပဏီဘက်ကလဲ အခုဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းပြီးရင် ထုတ်လုပ်မှု လုပ်ငန်း တွေ မြန်မြန် ပြန်စချင်တဲ့သဘော။ ကံပေါက်နယ်မြေ ရဲစခန်းမှာ ထိန်းသိမ်း ထားတဲ့ ကုမ္ပဏီ မန်နေဂျာ ၂ ယောက် ကလဲ အေးအေး လူလူ စက်ရုံကို သွားပြီး အလုပ်ပြန် လုပ်နေ ကြလေရဲ့။ တိုင်း ရဲမှူး ပြောသွားတဲ့ စုံစမ်းစစ်ဆေးပြီး တရား စွဲမယ့် ကိစ္စကလဲ ဘယ်အဆင့်ရောက်ပြီး ဘယ်ပေါက်နေလဲ ရွာသားတွေမသိ။ ဝန်ကြီးချုပ်လာမယ်လဲ လေသံမျှ မကြားရ။

(၆)
လူထုကိုယ်စားလှယ်အဖြစ် ရဲမှူးနဲ့ ညှိုနှိုင်းခဲ့တဲ့ ကိုယ်စားလှယ် ၉ ဦး ဦးစီးပြီးဖွဲ့ထားတဲ့ ဒယ်(လ်)ကို အကြီးစား သတ္တုတူးဖော်ရေး စီမံကိန်း ရာသက်ပန် ရပ်ဆိုင်းရန် တောင်းဆိုရေး ကံပေါက်ရွာလုံး ဆိုင်ရာကော်မတီ ရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ ဝန်ကြီးချုပ်က ရွာသားတွေဆီ မလာနိုင်ရင် ကျွန်တော်တို့ရွာသားတွေ ဝန်ကြီးချုပ်ဆီ သွားကြရုံပေါ့။
ဒီအဖွဲ့က ဒယ်(လ်)ကို သတ္တုတွင်း ရာ သက်ပန် ရပ်ဆိုင်း သွားအောင် တစိုက်မတ်မတ်လုပ်မယ်။ လုံးဝမ ရပ်နိုင်ရင် ရွာသားတွေ လက်ခံတဲ့ အဆင့်ထိ နိုင်ငံတကာ စံချိန်စံညွန်း မီတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု အဖြစ် အသစ်ကနေ ပြန်စအောင် ဖိအားပေး ဆောင်ရွက်သွားမယ်လို့ သိရတယ်။

(၇)
မြန်မာပြည်ဟာ ပြောင်းလဲနေပါပြီ။ ဒီမိုကရေစီလို့ တစီစီကြွေးကြော်နေတဲ့ အစိုးရက ဦးဆောင် လုပ်မယ့် ရွေးကောက်ပွဲကြီးလဲ နီးလာပြီ။ လက်ရှိ အာဏာရပါတီကြီးကလဲ “ကျွန်ုပ်တို့ ပြုပြင်ပြောင်းလဲ နေပါသည်”လို့ ကြွေးကြော်ပြီး မဲဆွယ်နေပါတယ်။ တကယ်ပဲ ပြုပြင်ပြောင်းလဲတဲ့ အစိုးရ တစ်ရပ် ဆိုရင်တော့ ပြည်သူတွေ မလိုလားတဲ့၊ ပြည်သူကို အကျိုးမပြုတဲ့၊ လက်တစ် ဆုပ်စာ စီးပွားရေးသမားတွေပဲ ချမ်းသာပြီး နောင်လာမယ့် မျိုးဆက်အတွက် ဆိုးကျိုးတွေသာ ချန်ထားခဲ့မယ့် စီးပွားရေးလုပ်ငန်းမျိုးတွေကို ပြည်သူနဲ့ လက်တွဲပြီး စီစစ်သွားဖို့လဲ အချိန်တန်ပါပြီ ဆိုတာပါပဲ။

တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်ဖို့ကတော့ အစိုးရကို အခွန်ပေးနေနိုင်ရင်ရပြီဆိုပြီး သဘောထားတဲ့၊ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပေါင်းပြီး ပြည်သူ့ မျက်နှာ မကြည့်တဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ အချိန်တန်ပါပြီ။ စီးပွားရေး သမားတွေကို ပြည်သူတစ်ယောက်အနေနဲ့ ပြောချင်တာက၊ နားလည်ထားကြ စေချင်တာကတော့ တကယ်တာဝန်ယူမှုရှိတဲ့လုပ်ငန်းတစ်ခုဆိုတာ အုပ်ချုပ်သူ အစိုးရက ပေးတဲ့လုပ်ငန်း လိုင်စင်ရယုံနဲ့ ဒီခေတ်မှာ အလုပ် မဖြစ်တော့ဘူး။ ပြည်သူက ကျေကျေ နပ်နပ်ကြီးပေးတဲ့ လိုင်စင်၊ ဒေသခံလူထုကပေးတဲ့လိုင်စင် Social license to Operate – SLO ဆိုတာကို ရအောင်လုပ်ကြပါဆိုတာပါပဲ။