အမျိုးစောင့် ဥပဒေကို ထောက်ခံပါသည်

0
511

အစကတော့ အမျိုးစောင့် ဥပဒေ ဆိုသည်ကို ကြားဖူးသည်ဆိုရုံပဲရှိသည်။ အခုတော့ မောင်ဖိုးလုံးတစ်ယောက် အမျိုးစောင့်ဥပဒေမှ အမျိုးစောင့်ဥပဒေ ဖြစ်လို့နေပါပြီ။ ဖိုးလုံး အမျိုးစောင့် ဥပဒေကို အဘယ်ကြောင့် ထောက်ခံ ရသလဲ ဆိုသည်ကို လင်းပါမည်။


တနေ့ သွားစရာ ကိစ္စတစ်ခု ပေါ်လာသဖြင့် ဖိုးလုံး ဆိုင်ကယ်ဖြင့် အိမ်က ထွက်လာသည်။ လမ်းတွင် လူ စုစုရုံးရုံးနဲ့ တွေ့ရသည်။  နေရာက လောကမာရဇိန် ဘုရားကြီးမုခ်ပေါက်ဝ အရှေ့။ လူတွေ ဘုရာကြီးအတွင်းမှ စီတန်း ထွက်လာကြသည်။
ရိုးရိုးထွက်လာခြင်းတော့ မဟုတ်။ ဆိုင်းဘုတ်များ ကိုင်ထားကြသည်။ အဝေးက လှမ်းမြင်နေရသည် ဆိုတော့ ဘာရေးထားမှန်း မသဲကွဲသေး။ ဖိုးလုံး က အသက်အရွယ်လေး ရလာတော့ မျက်စိလည်း သိပ်မကောင်းတော့။ နား လည်း ထို့နည်းတူ။ သိပ်မကြားရ။ ဒါကြောင့် ဘာတွေအော်လို့ အော်နေ ကြမှန်း မသိရသေး။ ဖိုးလုံးက မျက်စိ နားလောက်ပဲ မကောင်းတာ မဟုတ်။
relation_rule_phoe_lone
လူကလည်း ခပ်ပိန်းပိန်း။
နားစွန်းနားဖျားတော့ ကြားလိုက် မိသည်။ …ဥပဒေ…အောင်ခဲ့ပြီ..အောင်ခဲ့ပြီ။ ဖိုးလုံး၏ ခပ်ပိန်းပိန်း ဦးနှောက်က တစ်ခဏအတွင်း အလုပ် ရှုပ်သွားသည်။ ချက်ချင်း ကောက်ချက် ဆွဲ လိုက်မိသည်။ အော်.. ဟုတ်ပြီ။ ဥပဒေ ကျောင်းသားတွေ ဖြစ်မည်။

လူတွေက ကျောင်းသားကျောင်းသူ အရွယ်တွေကိုး။ စာမေးပွဲအောင် စာရင်းထွက်ပြီးအောင်သဖြင့် ပျော်ပြီး အော်နေကြခြင်း ဖြစ်မည်။ ” ဥပဒေ..အောင်ခဲ့ပြီ အောင်ခဲ့ပြီ”  အော်နေကြတယ် ဆိုတော့လေ။
ဟင်.. မဟုတ်သေး။ ထားဝယ် တက္ကသိုလ်တွင် စာမေးပွဲပြီးသည်က ရက်ပိုင်းပင် ရှိသေးသည်။ ဒီလောက်မြန် မြန်ကြီး အောင်စာရင်း ထွက်ရလောက် အောင် ငါတို့နိုင်ငံရဲ့ ပညာရေးစနစ် ဒီလောက်အထိ မမြန်သေးဘူးလို့လဲ တွေးမိသည်။ ဖိုးလုံးတစ်ယောက် အတွေးကမ္ဘာထဲ လည်နေချိန်မှာ လူတန်းကြီးက အနားရောက်လာသည်။
ဟော.. ဆိုင်းဘုတ်ကြီးတွေကို မြင်လိုက်ရပြီ။ ” တနင်္သာရီတိုင်းလုံး ဆိုင်ရာ အမျိုးစောင့် ဥပဒေအောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ” တဲ့။ ဖိုးလုံး၏ အတွေးများ တက်တက် စင်အောင် လွဲသွားခဲ့ချေပြီ။ လူတွေအော် နေကြသည်က အမျိုးစောင့်ဥပဒေ အောင်ခဲ့ပြီ အောင်ခဲ့ပြီတဲ့။ ဘာဥပဒေ ကျောင်းသားမှ မဟုတ်။
နည်းနည်းနောနော လူတွေ မဟုတ်။ လူငယ်လူကြီး အစုံပါသည်။ ကလေး တွေတောင်ပါသေး။ တချို့က ဖိနပ် စီးထားကြသည်။ တချို့က ဖိနပ် မစီး ထားကြ။ အချိန်က နေ့လယ်တစ်နာရီ။ နေက ခြစ်ခြစ်တောက်။ ဖိနပ်မစီး ထားကြသူများကို သနားမိသည်။ ကောင်မလေးတွေက ခြေဖဝါးပူလို့ မျက်နှာလေးတွေ ရှုံ့မဲ့လို့။
ဟုတ်တော့လည်း ဟုတ်သည်။ ဖိုးလုံးတစ်ယောက် လမ်းဘေးရပ်ရင်း ဖိနပ်စီး ထီးဆောင်းတာတောင်မှ ပူပြီး ချွေးတွေပြန်လို့။ သူတို့လေးတွေ နေမ ကောင်းဖြစ်မည်ကို စိုးရိမ်မိသည်။ ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း ခပ်လှမ်း လှမ်းမှာ အရေးပေါ် လူနာတင် ယာဉ် တစ်စီး တွေ့လိုက်ရသည်။ ဖိုးလုံး သိပ်စိတ်မပူတော့။ မြို့ထဲ ချီတက်ရာ လမ်းတစ်လျှောက်မှာ အရေးပေါ်လူနာ တင်ယာဉ်တွေ တော်တော်လေး အလုပ် ရှုပ် သွားတယ်ဟုလည်း နောက်ဆက်တွဲ ထပ်ကြားရသည်။

ဖိုးလုံးတစ်ယောက် ဆိုင်ကယ်လေး လမ်းဘေးချရပ်ပြီး လူတန်းကြီးကို ကြည့်နေမိသည်။ အမျိုးစောင့် ဥပ ဒေဆိုသည်ကို စဉ်းစားမိပြန်သည်။ တကယ်တော့ ဖိုးလုံးဆိုတာက ဥပဒေ တွေ ဘာတွေ နားမလည်။ အမျိုးစောင့် ဥပဒေဆိုတာ ကိုယ့်အမျိုးတွေကို စောင့် ရှောက်တဲ့ ဥပဒေဖြစ်မည်ဟု တွေး မိသည်။ ဒီလိုဆိုရင် ဖိုးလုံး သိပ်မချောင်။ ဖိုးလုံးတွင် ဆွေမျိုးပေါသည် မဟုတ် လော။ ထိုအချိန်တွင် စီတန်းလမ်းလျှောက် နေသူများက အော်ဟစ် ချီတက်နေကြ သည်။
ပထမတော့ သိပ်မရှင်း။ သေချာ နားထောင်ကြည့်တော့” အမျိုးစောင့် ဥပဒေ ကန့်ကွက်သူ.. တိုင်းဖျက်ပြည် ဖျက် တို့ရန်သူ”  တဲ့။ ဗုဒ္ဓေါ။ ဖိုးလုံး တစ်ယောက် မတစဖူး ဘုရားတ မိသွား သည်။ စောနက ဟိုဟိုဒီဒီ လျှောက်ကြည့် နေသည့် ခေါင်းကိုပင် သိပ်မလှည့်ရဲ တော့။ ခေါင်းခါတဲ့ ပုံပေါက်ပြီး ကန့် ကွက်တဲ့သူလို့ သတ်မှတ်လိုက်ရင် နေရင်းထိုင်ရင်း တိုင်းဖျက်ပြည်ဖျက် ရန်သူတစ်ယောက် ဖြစ်သွားပေတော့မည် မဟုတ်လော။

ဖိုးလုံး ဇောချွေးတွေ ပျံလာသည်။ ဥပဒေဆိုတာ အလုံးမှန်း အပြားမှန်း မသိတဲ့ ဖိုးလုံးတစ်ယောက် တိုင်းဖျက် ပြည်ဖျက်ရန်သူ တစ်ယောက်တော့ အဖြစ် မခံနိုင်။ ဒီအမျိုးစောင့် ဥပဒေ ဆိုတာကြီးကို ထောက်ခံဖို့ ဆုံးဖြတ် လိုက်သည်။ မင်းက ဘာသိလို့ ထောက် ခံနေရတာလဲ လို့ မေးလာရင် ဖိုးလုံးမှာ အဖြေမရှိ။ ဒါပေသိ လိုက်နေတဲ့သူတွေကို တီးခေါက်ကြည့်တော့ ဖိုးလုံးလို ဘာမှ မသိတဲ့သူတွေက ခပ်များများ။ အဖော် ရပြီ။ ဖိုးလုံးလို ခပ်ပိန်းပိန်းလူ တစ် ယောက်ကတောင် ထောက်ခံသည် ဆို တော့ အခြားသူတွေရော ခပ်ပိန်း ပိန်းလူတွေပဲလားဟု မေးစရာရှိသည်။ ဖြစ်နိုင်သည်။ သိပ်တော့ မသေချာ။
သေချာ ပြန်တွေးကြည့်တော့ ဖိုးလုံးတို့နိုင်ငံက ဘာမှန်းမသိတဲ့ ဥပဒေ တွေကို ဘာမှမသိဘဲ ထောက်ခံခဲ့ရ တာတွေ ရှိခဲ့ဖူးတယ် မဟုတ်လား။ ဖိုးလုံးကြားရဖူး သလောက် ၂၀၀၈ ခုနစ် က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ကိုလည်း မလာမနေရ အမိန့်တွေ ကြောက်လို့ မနက်စောစောထ အိပ်ရေး ပျက်ခံပြီး ထောက်ခံခဲ့ရဖူးသည်။ နောက်ပိုင်း ထိုအခြေခံ ဥပဒေအတည်ဖြစ် သွားခဲ့ပြီး ယခုနောက်ပိုင်းတွင် ယင်း အခြေခံ ဥပဒေကို ကန့်ကွက်ကြောင်း ဆန္ဒ ထုတ်ဖော်မှုများကို တွေ့ရသည်။ ဖိုးလုံးတို့ နိုင်ငံက ဥပဒေတွေကို ထောက် ခံတာ လွယ်သလောက် ကန့်ကွက်ရင် တော်တော် ခက်တယ်ဆိုပဲ။ ဖိုးလုံးလည်း သိပ်မသိ။ သူများပြောတာကို ပြန် ပြောပြခြင်း ဖြစ်သည်။

ဖိုးလုံး တစ်ယောက်တည်း တွေး ရင်းတွေးရင်း လူတန်းကြီးက ဖိုးလုံး ရှေ့ က ဖြတ်နေဆဲ။ အားပါးပါး.. နည်းနည်း နောနော လူတန်းကြီး မဟုတ်။ လူဦးရေ ထောင်ချီရှိမည်။ လူတန်းကြီးကို ကြည့် ရင်း ကိုယ့်ကိုကိုယ် အားငယ်လာမိသည်။ ဘာလို့လဲဆိုတော့ ဖိုးလုံးသိတဲ့သူ တစ် ယောက် တစ်လေပင် မတွေ့ရ။ တကယ် ဆို ဖိုးလုံးက ထားဝယ်မြို့မှာ နှယ်နှယ် ရရတော့ မဟုတ်။ မြို့ပေါ်မှာ ဖိုးလုံးကို မသိသူက ခပ်ရှားရှား။ ဒါဆို မြို့ပေါ်မှာ နေတဲ့သူတွေ တစ်ယောက်မှ မလိုက်ကြ ဘူးလားလို့ တွေးမိသည်။ ဖြစ်နိုင်သည်။ ဒါလည်း သိပ်မသေချာ။

လမ်းလျှောက် ချီတက်သူတွေက လူတွေလောက်ပဲ မဟုတ်။ သံဃာတော် တွေများကိုပါ တွေ့ရသည်။ သံဃာ တော်များ လမ်းပေါ် ကြွချီလာသည်ကို မြင်ရသည့်အခါ ဖိုးလုံး အလွန်အမင်း စိတ်ပူသွားခဲ့သည်။ သံဃာတော်တွေ လမ်းပေါ်ထွက်လာပြီ။ ဖိုးလုံးတစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်။ အနီးအနား ပတ်ဝန်းကျင်တွင် ယာဉ်ထိန်း ရဲသာမက ယာဉ်ထိန်း မဟုတ်သည့် ရဲများကိုပင် တွေ့နေရသည် မဟုတ်ပါ လော။
ဖိုးလုံး စိတ်ပူလည်း စိတ်ပူစရာပင်။ ၂၀၀၇ ခုနစ်က ရွှေဝါရောင် အရေး အခင်းတွင် လမ်းပေါ်ထွက်သည့် သံဃာ တော်များကို နှိမ်နှင်းခဲ့သည့်အကြောင်းကို တစွန်းတစ ကြားဖူး နားဝရှိ၍ပင်။ ဖိုးလုံး ဆုတောင်းနေမိသည်။ ဘာမှ မဖြစ်ကြ ပါစေနှင့်။ ဆုတောင်းရင်းပင် ဆိုင်ကယ် သော့ကို အသင့်ထိုးထား လိုက်မိသည်။
ဖိုးလုံး ဆုတောင်းပြည့်သည်ဟု ဆိုရမည်။ မည်သည့် ကိစ္စမျှ ဖြစ်ပွား ခဲ့ခြင်းမရှိဘဲ ရှောရှောရှူရှူ ပြီးသွားသည်။ စီတန်းလှည့်လည်ခြင်း ပြီးဆုံးသွားခဲ့ပြီ။ ရွှေဝယ်သီရိအားကစားကွင်း အတွင်းသို့ အားလုံးဝင်သွားကြသည်။ ထူးခြားမှု တစ်ခု တွေ့လိုက်ရသည်။ ဂုဏ်သိက္ခာ ကြီးမားသည့် သာသနာ့အလံများ လေထဲ အဝှေ့ရမ်းခံနေရသည်က မြင် မကောင်း။

စပ်စုတတ်သည့် ညဉ်လေးရှိသည့် ဖိုးလုံး တစ်ယောက်လည်း လိုက်ရင်း လိုက်ရင်းဖြင့် ရွှေဝယ်သီရိ အားကစား ကွင်းသို့ ရောက်လာသည်။ ကွင်းအတွင်း တော့ မဝင်ဖြစ်သေး။ အပြင်မှ အသံ များကြား နေရသည်။ လက်ခုပ် တီးပြီး ” အားပေးကြပါဦး”  ဆိုသည့်အသံ ကြားရသည်။ ဖိုးလုံး ဝမ်းသာသွားသည်။ စတိတ်ရှိုး မကြည့်ရသည်မှာ အတော် ကြာပြီ မဟုတ်ပါလော။ အနီးအနား မေးကြည့်သည်။
” အစ်ကို ဘယ်အဆိုတော် ရောက် နေတာလဲဟင်”
” ဘာကွ..အဆိုတော်တော့ မဟုတ် ဘူး။ ကောင်မလေးတစ်ယောက် သီချင်းဆိုမလို့ ဘုန်းဘုန်းက လက်ခုပ် တီးပေးဖို့ ပြောနေတာ” ဘုကြည့် ကြည့်သွားတာ ခံလိုက်ရသည်။ နောက် တော့ ကောင်မလေးတစ်ယောက် သီချင်းစ ဆိုသည်။ သီချင်းနားထောင်ရင်း နားထောင်ရင်း ကြားဖူးသလိုလို ခံစား လာရသည်။ နောက်တော့ မူရင်း သီချင်းကို ခန့်မှန်းမိသွားခဲ့သည်။ ဖိုးလုံး မျက်ရည်များပင် ဝဲလာခဲ့သည်။                     ” သွားပါပြီ..”  ကျုပ်တို့ ဗိုလ်ချုပ် အောင်ဆန်းကို ဂုဏ်ပြုထားတဲ့သီချင်း။ သံစဉ်တူပြီး စာသားမတူ။ ” ဒါလည်း အမျိုး ဘာသာ သာသနာအတွက်ဖြစ်မှာ ပါလေ”  ဟု စိတ်ဖြေလိုက်သည်။ အမျိုး စောင့်ရင်း ဗိုလ်ချုပ်သီချင်း ပျက်သွား တာက တစ်ပိုင်းပေါ့လေ။

သီချင်းဆိုတာပြီးတော့ သံဃာတော် တွေ တရားဟောကြသည်။ ပထမတော့ တရားအဆုံးမှာ လက်ခုပ်တွေ ဝိုင်းတီး ကြသည်။ ဖိုးလုံးလည်း ပါသည်။ အားရပါးရ တီးသည်။ ဖိုးလုံးလဲ အမျိုး စောင့်ဥပဒေ ထောက်ခံသူကိုး။ သို့သော် ကြာကြာ မတီးလိုက်ရ။ ဘုန်းဘုန်း တစ်ပါးက သာဓု ခေါ်ရမည်ကို မခေါ်ဘဲ ဘာကြောင့် လက်ခုပ်တီးနေရသလဲ ဟု မေးသည်။ လူတွေလည်း သာဓု ခေါ်ကြ ပြန်သည်။ အမျိုးစောင့်ဥပဒေ ထောက် ခံသူ ဖိုးလုံးလည်း သာဓုလိုက်ခေါ်ရပြန် သည်။

ဘုန်းဘုန်းတစ်ပါးပြီး တစ်ပါး တရားဟောကြသည်။ ဘုန်းဘုန်းများဟောသည့် တရားများက ဖိုးလုံး နာဖူးသည့် တရားနှင့်မတူ။ ဖိုးလုံး နာဖူးသည်က နိဗ္ဗန်ရောက်ကြောင်း တရား ဓမ္မများ ဖြစ်သည်။ အခုက ဘုန်းဘုန်းတို့ ဟောနေသည့် တရားများကို ဖိုးလုံး သိပ်နားမလည်။ ဖိုးလုံး နာဖူးသည့် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ မဟုတ်။ အမျိုးစောင့် ဥပဒေအကြောင်းကို အထပ်ထပ် အခါခါ ဟောနေသည်။ ဘယ်သူဘာပြောပြော ဖိုးလုံးကတော့ အမျိုးချစ်တဲ့ ဘုန်းဘုန်းတွေကို လေး စားမိသည်။

ဖိုးလုံးတစ်ယောက် တရားနာနေရင်း လူတစ်ယောက်က စာရွက်တစ်ရွက် လက်ထဲ လာထည့်ပေးခဲ့သည်။ စာရွက် သေချာဖတ်ကြည့်သည့်အခါ ဖိုးလုံး တစ်ယောက် အမျိုးစောင့် ဥပဒေကို ပိုလို့ ထောက်ခံချင်စိတ် ပေါ်လာသည်။ မထောက်ခံဘဲ နေနိုင်ရိုးလား။
အမျိုးစောင့်ဥပဒေ အောင်ပွဲကြွေးကြော်သံများဟူသည့် ခေါင်းစဉ်အောက် တွင် ဖိုးလုံးတို့ နိုင်ငံအတွက် အမှန်တကယ်လိုလားနေသည့် အချက်များကို တွေ့သည်။ ဖိုးလုံး ဖတ်ပြပါ့မည်။ အမျိုး စောင့်ဥပဒေ ကမ္ဘာတည်စေ (မြန်မာ ပြည်ကြီး ငြိမ်းချမ်းပေ..)၊ တိုင်းရင်းသား ပြည်သူတို့ ဘ၀လုံခြုံရေး (အမျိုးစောင့် ဥပဒေဖြင့် ကာကွယ်ပေး)၊ အမျိုးစောင့်ဥပဒေဖြင့် ကာကွယ်မှ (မြန်မာအမျိုး သမီးတို့ဘ၀ စိတ်ချရ)။

ကဲ..ဘယ်လောက် ကောင်းတဲ့ ဥပဒေလဲဗျာ။ ဖိုးလုံးတို့ နိုင်ငံတွင် နှစ်ပေါင်းများစွာ ဖြစ်ပွားနေသည့် ပြည်တွင်း စစ်ပွဲကြီးလည်း အမျိုး စောင့် ဥပဒေထောက်ခံရုံဖြင့် ငြိမ်းချမ်းရေး ရမည်။ တိုင်းရင်းသား ပြည်သူတို့၏ ဘ၀ကိုလည်း အမျိုးစောင့်ဥပဒေဖြင့် အကာအကွယ်ပေးမည်။ မြန်မာအမျိုး သမီးတို့ဘ၀ စိတ်ချရရန် အတွက်လည်း အမျိုးစောင့်ဥပဒေက ကာကွယ်ပေး လိမ့်မည်။ ဖိုးလုံးတို့ နိုင်ငံအတွက် အင်မတန့် အင်မတန် အကျိုးရှိတဲ့ ဥပဒေကြီးပါတကား။
ဖိုးလုံး တစ်ယောက် အဘယ်ကြောင့် အမျိုးစောင့်ဥပဒေကို ထောက်ခံရသလဲဆိုသည်ကို မေးရန် မလိုတော့ပြီ။ ဘယ်သူတွေ ဘာပြောပြော ဖိုးလုံးကတော့ ” အမျိုးစောင့်ဥပဒေကို ထောက်ခံပါသည်။”