ဖခင် အမည်မှန်မှာ …

0
480

” ကျွန်တော်က မြန်မာနိုင်ငံက ကဗျာ ဆရာမောင်ယုပိုင်ပါ။ ခင်ဗျားတို့ မြန်မာ နိုင်ငံကို သိကြပါသလား”
ခန်းမထဲရှိ ပရိသတ် ၄-၅ ဦးက မြန်မာနိုင်ငံကို သူတို့သိရှိကြောင်း လက်ညှိုး ထောင်ပြကြသည်။ သို့သော် အများစုက သိရှိပုံမရ။


” ကဲ…ကောင်းပြီ။ ဒါဖြင့် ခင်ဗျား တို့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်(ဒေါ်)အောင်ဆန်းစုကြည်ကိုရော သိကြပါ သ လား”
ထိုအခါ ခန်းမထဲရှိ ပရိသတ်အား လုံး အချင်းချင်း တိုင်ပင်ထားကြသလို တစ်ပြိုင်နက်တည်း လက်ညှိုးထောင် လိုက်ကြလေသည်။
” ဟုတ်ကဲ့။ ကျွန်တော်က ခင်ဗျား တို့ အားလုံးသိကြတဲ့ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် (ဒေါ်)အောင်ဆန်းစုကြည် ရဲ့ တိုင်းပြည်ကလာတဲ့ ကဗျာဆရာ တစ်ဦး ပါ”

my_father_name_is
မြန်မာ ကဗျာဆရာလေး၏ စကား အဆုံးမှာ ရှည်လျားလှသော လက်ခုပ် သံများ ခန်းမထဲ ဝေါခနဲ ပြိုဆင်းလာ လေသည်။
လွန်ခဲ့သော တစ်လခန့်က ကျွန် တော်တို့ မြိတ်မြို့မှ ကဗျာဆရာ မောင် ယုပိုင်အား အမေရိကန်နိုင်ငံ၊ အိုင်အိုးဝါး ပြည်နယ်၊ အိုင်အိုးဝါး တက္ကသိုလ်မှ ကမကထ ပြုလုပ်သောIWP (Inter-national Writing Program) က ဖိတ် ကြားခဲ့လေသည်။ အဆိုပါ အိုင်အိုးဝါးမြို့ လေးမှာ အမေရိကန် ပြည်ထောင်စု အလယ်ပိုင်း၊ မြောက် ဘက်ယွန်းယွန်းတွင် တည်ရှိပါသည်။ အနောက်အလယ်ပိုင်း ဟုလည်း ခေါ်ဆိုကြလေသည်။ မြို့ ဧရိယာမှာ ၂၄ စတုရန်းမီတာ ကျော်ကျော် လောက်သာရှိပြီး  လူဦးရေခြောက် သောင်းကျော်   နေထိုင်ကြလေသည်။ တကယ်တော့ အိုင်အိုးဝါးမှာ တက္ကသိုလ် အခြေပြုမြို့ လေးတစ်မြို့ဖြစ်ပြီးမြို့ပေါ်ရှိ လူတိုင်း လောက်နီးနီးမှာ အိုင်အိုးဝါး တက္ကသိုလ် နှင့် တစ်နည်းတစ်ဖုံ ဆက်စပ် ပတ်သက်နေကြသည်။ နေချင်စဖွယ် ပညာရပ်ဝန်းလေး တစ်ခုဆိုပါစို့။
ယခုလို ကမ္ဘာအရပ်ရပ်မှ စာရေး ဆရာများအား ဖိတ်ခေါ်သော IWP အစီအစဉ်ကို ကျင်းပခဲ့တာ နှစ်ပေါင်း ၅၀ခန့်ကြာမြင့် ခဲ့ပြီဖြစ်ပြီး အိုင်အိုးဝါး တက္ကသိုလ်မှ ကဗျာဗေဒ ပို့ချသူ ပေါလ်အိန်ဂျယ် လက်ထက်တွင် တစ် ကမ္ဘာလုံးက သိရှိခဲ့ကြလေသည်။ ထိုနှစ် ပေါင်း ၅၀အတွင်း နိုင်ငံပေါင်း ၁၂၀ ကျော်မှ စာရေးဆရာ ၁၀၀၀ ကျော်ကို တွေ့ဆုံ ဖိတ်ကြားနိုင်ခဲ့လေသည်။ ၃ လ တာခန့် ကြာမြင့်သော ထိုအစီအစဉ်၌ နိုင်ငံအသီးသီးမှ စာရေးဆရာများကို အိုင်အိုးဝါးမြို့လေးတွင် စုစည်းပေးပြီး မတူကွဲပြား ခြားနားသော ယဉ်ကျေးမှု ပေါင်းစုံကို အပြန်အလှန် နားလည်မှု ရရှိစေရန် ထုံကူးပေးသော ဒီဘိတ်များ၊ ဖိုရမ်များ၊ ဝပ်ရှော့(ပ)များ ပြုလုပ် ပေးလေသည်။ တစ်နည်းအားဖြင့် သုံးလ တာ ကာလအတွင်း နိုင်ငံတကာမှ စာ ရေးဆရာများ အေးအေးလူလူ တွေးချင် ရာတွေး၊ ရေးချင်ရာရေး နိုင်အောင် သုခရိပ်မြုံလေးတစ်ခု ဖန်တီးပေးခြင်း ဆိုပါစို့။
အဆိုပါ IWဏ၏ ကနဦး အစီအစဉ် များထဲ၌ ကမ္ဘာ့နိုင်ငံ အသီးသီးမှ စာရေး ဆရာများနှင့် အိုင်အိုးဝါး မြို့သူမြို့သား များ တွေ့ဆုံ မိတ်ဆက်ပွဲ တစ်ခုလည်း ပါရှိရာ မြန်မာနိုင်ငံမှ ကဗျာဆရာ မောင်ယုပိုင်က သူ့ဇာတိနိုင်ငံကို နိုဘယ် ငြိမ်းချမ်းရေး ဆုရှင်နှင့် တွဲဖက်ပြီး အထက်ပါအတိုင်း မိတ်ဆက်ပေး ခဲ့ခြင်း ဖြစ်ပါသည်။
တကယ်တမ်း မြန်မာနိုင်ငံကို အာရှ တိုက်ရှိ နိုင်ငံတချို့မှလွဲ၍ အနောက် အုပ်စုဝင် နိုင်ငံကြီးများက မသိကြပေ။ အကြောင်းမှာ မြန်မာနိုင်ငံသည် ဂျာမနီ လို စက်မှုမထွန်းကား။ ဘရာဇီးလို ဘောလုံးကစားနည်း၌ မကျွမ်းကျင်။ တရုတ်လို အာရှကျားတစ်ကောင်မဟုတ်။ မြောက်ကိုးရီးယားလို နျူကလီးယား လက်နက်မပိုင်ဆိုင်။ စင်္ကာပူလို လူသား အရင်းအမြစ် မပေါများ။ အိန္ဒိယလို ကမ္ဘာသိ အိုင်တီပညာရှင်များလည်း မွေးထုတ်မပေးနိုင်ပေ။ ထိုအပြင် စစ်အာ ဏာရှင် အဆက်ဆက်၏ တံခါးပိတ် စီးပွားရေးစနစ် အောက်တွင် ရာစုနှစ်ဝက် မျှ နေထိုင်ခဲ့ရသောကြောင့် မြန်မာဟူ သော နိုင်ငံငယ်လေးကို အနောက်တိုင်းမှ မသိတာ သိပ်မထူးဆန်းပါ။
သို့သော် ၁၉၈၈ လူထုအုံကြွမှုကြီးကို စစ်တပ်မှ ရက်ရက်စက်စက် နှိပ်ကွပ် ချေမှုန်းပြီး နောက်ပိုင်းမှာ မြန်မာကို ကမ္ဘာ့နိုင်ငံကြီး တချို့က စတင် သတိပြု မိလာသည်။ ဆက်လက်ပြီး ၁၉၉၁ ခုနှစ် တွင် နေအိမ် အကျယ်ချုပ်ကျခံနေရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိ သောအခါ မြန်မာနိုင်ငံကို ကမ္ဘာက ယခင်ကထက် ပိုမို သိရှိလာခဲ့ကြပါသည်။ သို့သော် မြန်မာနိုင်ငံကို ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်နှင့် တွဲဖက်သိရှိခြင်းဖြစ်ပြီး မြန်မာနိုင်ငံတစ်ခုတည်း ခွဲခြား ပြောဆို ပါက အများစုမှာ နဝေတိမ်တောင် ဖြစ် နေကြဆဲပင်။
အလားတူပင် အာရှနိုင်ငံများက မြန်မာနိုင်ငံကို သိရှိပုံကလည်း အနောက် နှင့်မတူ တစ်မူထူးခြားလေသည်။ သူတို့ က မြန်မာနိုင်ငံသည် မြေပေါ်မြေအောက် သယံဇာတ အမြောက်အမြား ပိုင်ဆိုင် လျက် သယံဇာတ ကျိန်စာသင့်နေသော နိုင်ငံ၊ ဒေသတွင်း အောက်ခြေလုပ်သားနှင့် အိမ်ဖော် အထွက်များဆုံး နိုင်ငံ၊ ကမ္ဘာ့ အရှည်ကြာဆုံး ပြည်တွင်းစစ်ကြီးကို မျက်မှောက် ပြုထားရသော နိုင်ငံ၊ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ၊ သတင်းစာ လွတ်လပ် ခွင့်နှင့် လူ့အခွင့်အရေး အချိုးဖောက် ခံရဆုံးနိုင်ငံ၊ စစ်အုပ်ချုပ်ရေး ကာလ အရှည်ကြာဆုံးနိုင်ငံ၊ အကျင့်ပျက်ခြစားမှု အမြင့်မားဆုံးနိုင်ငံ၊ ကြိုးနီစနစ်နှင့် ဒေါင် လိုက်ဆက်ဆံရေး အထွန်းကားဆုံး နိုင်ငံ….. စသည်ဖြင့် ပကတိ အမြင်များ ဖြင့် ရှုမြင်သုံးသပ်ကြလေသည်။
အကယ်၍ ကဗျာဆရာမောင်ယု ပိုင်အနေနှင့် မြန်မာနိုင်ငံကို မသိသော အိုင်အိုးဝါး မြို့သူမြို့သားများကို သူ သည် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် (ဒေါ်) အောင်ဆန်းစုကြည်၏ တိုင်းပြည်မှ လာသူဟု မပြောဘဲနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏နိုင်ငံမှ လာသူဟု မိတ်ဆက် ပေးပါက မည်သူ သိရှိကြမည်နည်း။ တိုင်းတစ်ပါးရောက် မြန်မာများကရော သူတို့နိုင်ငံ ခေါင်းဆောင်အမည်ကို ဘယ်နှစ်ခါများ ဂုဏ်ယူဝင့်ကြွားစွာ ထုတ် ဖော် ပြောဆိုကြပါသနည်း။
အဘယ်ကြောင့်နည်း။
ယခုလို အိုင်အိုးဝါးရောက် မြန်မာ ကဗျာဆရာတစ်ဦး၏ အတွေ့အကြုံကို အကြောင်းပြုပြီး ငယ်စဉ်က အဖြစ် အပျက်လေး တစ်ခုကို အလိုလို သတိရ မိပါသည်။
ကျွန်တော် ငယ်စဉ်က အဖေ့မှာ ဦးစံမြ(နာမည်လွှဲထားပါသည်) ဟူသော သူငယ်ချင်းတစ်ဦး ရှိခဲ့ဖူးပါသည်။ သို့သော် ကျွန်တော်က ဦးစံမြ ကွယ်ရာ တွင် သူ့ကို ဦးသွားကျိုး ဟူ၍သာ ခေါ်ဝေါ်လေ့ ရှိပါသည်။ အကြောင်းမှာ ဦးစံမြ၏ ရှေ့သွားနှစ်ချောင်း ကျိုးနေ သောကြောင့် ဖြစ်ပါသည်။ အမေ့အဆို အရ ဦးစံမြမှာ တစ်ချိန်က ဓားပြတစ်ဦး ဖြစ်ပြီး ရဲက ဖမ်းဆီးပြီး သေနတ်ဒင်ဖြင့် ရိုက်နှက် ခဲ့သောကြောင့် သွားကျိုး ခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ထိုသို့ ဖမ်းဆီးထောင်ချခံရပြီး နောက် ပိုင်း ဦးစံမြမှာ ဓားပြဘ၀မှ အပြီးအပိုင် အငြိမ်းစား ယူလိုက်လေသည်။
သို့သော် ဓားပြဘ၀ဖြင့် အသက် မွေးခဲ့သော ဦးစံမြမှာ ကျွတ်တမ်း တရား ရပြီး လူကောင်းဘ၀ဖြင့် နေထိုင်သော်လည်း သမ္မာအာဇီဝကျကျ မလုပ်ကိုင် မစား သောက် တတ်သောကြောင့် နေ့ရှိသရွေ့ သူငယ်ချင်းများထံမှ ပိုက်ဆံလှည့်ပတ် ချေးငှားခြင်းဖြင့် အသက်မွေးရလေသည်။ အထူးသဖြင့် ဦးစံမြကို အနွံအတာ အခံရဆုံးမှာ ငယ်စဉ်ကသူနှင့် တစ်ရွာ တည်းသား ဖြစ်ခဲ့ဖူးသော ကျွန်တော့် ဖခင် ဖြစ်ပါသည်။ ဦးစံမြသည် နေ့နေ့ ညည အဖေ့ရေဒီယိုပြင် ဆိုင်လေး၌ တစ်နေကုန် လာထိုင်နေလေ့ရှိပြီး ညနေ ရောက်တိုင်း အဖေ့ထံမှ ပိုက်ဆံချေး လေ့ရှိပါသည်။ တစ်ခါတရံ ကျောင်းပိတ် ရက်များ၌ ကျွန်တော့်ထက် တစ်နှစ် ခန့်ကြီးသော သူ့သားကိုပါ ဦးစံမြက ခေါ်လာလေ့ ရှိပါသည်။ သူ့သားနာမည် က အောင်အောင် ဆိုပါစို့။ ယခုလို ဖခင်ချင်း သူငယ်ချင်းဖြစ်သလို ကစား ဖော် မက်မောသော ကလေးအရွယ်မို့ များ မကြာမီ အောင်အောင်နှင့် ကျွန်တော် ငယ်ပေါင်းတွေလို ခင်မင်ခဲ့ ကြလေသည်။
ဤနေရာတွင် ကြားဖြတ်ပြီး ကျွန် တော်တို့ မြန်မာလူမျိုးများ၏ ဓလေ့ စရိုက် တစ်ခုကို ပြောပြချင်ပါသည်။ အများအားဖြင့် ကျွန်တော်တို့ မြန်မာ လူကြီးသူမများမှာ မိမိ သားသမီး၏ သူငယ်ချင်းများကို သားက ဘယ်မှာနေ သလဲ၊ဘယ်သူ့သားသမီးလဲ စသည်ဖြင့် မေးမြန်းတတ်လေသည်။

သူတစ်ပါးအတွင်းရေးကို စပ်စုခြင်းထက် ခင်မင်ရင်းနှီးမှု သဘောကို ဆောင်သော အစဉ်အလာ ပဋိသန္ဓာရ မေးခွန်းများ ဖြစ်ပေလိမ့်မည်။ ယခုလို အမေးမြန်းခံရတိုင်း ဘယ်မှာနေသလဲ ဟူသော မေးခွန်းကို အောင်အောင် နှုတ်ပေါ့ပါးစွာ ပြန်လည် ဖြေဆိုနိုင်ပေမယ့် ” ဘယ်သူ့ သားသမီးလဲ”  ဟူသော မေးခွန်းကိုမူ အဖြေရ ခက်နေ တတ်ပါသည်။ အကယ်၍ ယဉ်ကျေးမှုအရ မဖြစ်မနေ ပြန်လည်ဖြေကြားရတိုင်း ဖခင်အမည်ကို အတတ်နိုင်ဆုံး ရှောင်ကွင်းကာ  မိခင်အမည်ကိုသာ ဖြေကြားလေ့ရှိပါသည်။ ဘ၀ပေး အတွေ့အကြုံ အရ သူ့ဖခင်အမည်ကို ထုတ်ဖော်ပြောဆိုမိတိုင်း သူ့အပေါ် သူငယ်ချင်း မိဘများ၏ ဆက်ဆံ ရေးက တစ်မျိုး တမည် ပြောင်းလဲသွားတတ်တာ ကြုံဖူး ပေါင်းများပြီ မဟုတ်လား။ ထိုကြောင့် အောင်အောင်အတွက် သူ့ဖခင်မှာ အနန္တော အနန္တဂိုဏ်းဝင်တစ်ဦး ဖြစ်ပေမယ့် လူပုံအလယ် ဂုဏ်ယူဝင့်ကြွားစရာ စံပြဖခင်တစ်ဦးကား ဖြစ်မလာခဲ့ပေ။
အလားတူပင် ၂၀၁၅ ရွေးကောက်ပွဲဖြင့် တက်လာမည့် နိုင်ငံတော် သမ္မတသည် ပြည်ပရောက် မြန်မာလူမျိုးများ အတွက်သာမက ပြည်တွင်းရှိ မြန်မာလူမျိုးများအတွက်ပါ မိမိနိုင်ငံ သမ္မတသည် မည်သူမည်ဝါပါဟု ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော်ပြောဆိုဝံ့သော၊ ကမ္ဘာက အသိမှတ်ပြုလေးစားသော လူရိုသေ ရှင်ရိုသေ ခေါင်းဆောင် တစ်ဦး ဖြစ်စေချင်ပါသည်။
မိမိသားသမီး အရင်းအချာ ကိုယ်တိုင်က အမည်ထုတ် ဖော် ပြောဆိုရ ဝန်လေးသော ဦးစံမြလို ဖခင်တစ်ဦးမဖြစ်စေချင်သလို အာဏာရှိပေမယ့် ဩဇာမရှိသော၊ ပြည်သူလူထုက မကြည်ညို မလေး စားသော ခေါင်းဆောင်တစ်ဦး မဖြစ် စေချင်ကြောင်းပါ ခင်ဗျား။